ဗိုလ်ချုပ်ဈေးသစ် စီမံကိန်းကြောင့် ဆိုင်ခန်းဈေးများမြင့်တက်

ဗိုလ်ချုပ်ဈေးသစ် စီမံကိန်းကြောင့် ဆိုင်ခန်းဈေးများမြင့်တက်

ကျောက်တံတားမြို့နယ်၊ ဗိုလ်ချုပ်လမ်း ပေါ်ရှိ ဗိုလ်ချုပ်ဈေးသစ်၏နေရာတွင် ရွှေတောင်ဖွံ့ဖြိုးတိုး
တက်မှု ကုမ္ပဏီ နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီတို့ပူးပေါင်း၍ အထပ်မြင့်
အဆောက်အအုံ တည်ဆောက်မည့် အခြေအနေများကြောင့် ဗိုလ်ချုပ် ဈေးသစ်၏ ဆိုင်ခန်း
ဈေးနှုန်းများ အဆမတန် ဈေးမြင့်တက်ခဲ့ပြီး ဆိုင်ခန်း များအား ၀ယ်ယူလိုသူများခဲ့သော် လည်း
ဆိုင်ခန်းပိုင်ရှင်များ၏ ပြန်လည် ရောင်းချခြင်းနည်းပါးခဲ့ကြောင်း ဗိုလ်ချုပ်ဈေးသစ်၏ဈေးသာယာ
ရေးအဖွဲ့မှ တာဝန်ရှိသူများက မြန်မာတိုင်း(မ်) သို့ လွန်ခဲ့သည့်သီတင်းပတ်က ပြော သည်။

"ဒီဈေးသစ်ကိုပြန်ပြင်ဆောက်မယ်ဆိုတာ ၂၀၁၂ ခုနှစ်ကတည်းက အသံထွက်ခဲ့တာပါ။ ကျွန်တော်
တို့ကိုလည်း စည်ပင်သာယာက ခေါ်မေးပါတယ်။ ပြန်လည်ပြင်ဆင်မယ်ဆိုရင် ဘယ်လိုသဘောရ
သလဲပေါ့။ ကျွန်တော်တို့ ဈေးသူဈေးသားတွေကလည်း လက်မခံ စရာ အကြောင်းမရှိပါဘူး၊ ဒါပေမဲ့
ဘယ်အချိန်မှာ ဘယ်ကုမ္ပဏီနဲ့ ပြန်ဆောက်မယ်ဆိုတာ မသိသေးဘူး၊ ဒါပေမဲ့ အဲဒီအချိန်ကတည်း
က ဈေးတွေ က စတက်နေခဲ့တယ်။ တချို့ဆိုင်တွေ က ရောင်းကြတယ်။ အဲဒီအချိန်မှာ ရှစ်ပေပတ်
လည် ဆိုင်ခန်းတစ်ခန်းကို ကျပ်သိန်းလေးငါးဆယ်ကနေ သိန်း၈၀၊ ၁၀၀ ဖြစ်သွားတယ်။ နောက်ပိုင်း
ကျွန်တော်တို့ ယာယီဈေးဘက်ကို လည်း ပြောင်းတဲ့အချိန်မှာ ဆိုင်ခန်း ဈေးက တစ်ခန်းကို သိန်း
ခြောက်ရာလောက်ထိဈေးပေါက်နေပါတယ်" ဟု ဗိုလ်ချုပ်ဈေးသစ် ဈေးသာယာရေးကော်မတီ
ဥက္ကဋ္ဌဖြစ်သူ ဦးစိုးဝင်းက မြန်မာတိုင်း(မ်)သို့ ပြောသည်။

ထိုကဲ့သို့ ဆိုင်ခန်းဈေးများမြင့်တက်လာသော်လည်း ဆိုင်ခန်းပိုင်ရှင် များမှာ ဈေးအမြင့်ဖြင့် ၀ယ်ယူ
မည့်သူများအား စိတ်ဝင်စားမှု နည်းပါးသည့်အတွက် လက်ရှိဗိုလ်ချုပ်ဈေးသစ်၏ ဆိုင်ခန်းအရောင်း
အဝယ်မှာ အေး လျက်ရှိကြောင်း ၎င်းကပြောသည်။


 

"ဈေးသာတက်တာ ရောင်းမယ့် သူမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့တွေ ယာယီဈေး
ကိုမရွှေ့ ခင်တုန်းက ယာယီဈေးဆိုတော့ သာမန်မြေစိုက်ဈေးလောက်ပဲ ဖြစ်မယ်လို့ ထင်ခဲ့တာ။
တကယ်တမ်း ကုမ္ပဏီ က ယာယီဈေးကိုတောင် တကယ်ကောင်းကောင်းမွန်မွန် ခိုင်ခိုင်ခံ့ခံ့ နဲ့
ဆောက်ပေးထားတာကို ကျွန်တော် တို့တွေ့ရတယ်။ အရင်ဈေးထက်တောင် ကျယ်ကျယ်ဝန်းဝန်း
နဲ့ လင်း လင်းကျင်းကျင်းရှိတယ်။ အခုတောင် ဒီလိုကောင်းရင်နောက်ပိုင်း အဆောက် အအုံအသစ်
မှာပြန်ရရင် ဒီထက်ကောင်း မှာပဲဆိုပြီး အားလုံးက ကိုယ့်ဆိုင်ကို မရောင်းချင်ကြဘူး။ နောက်ပြီး
အဆောက်အအုံအသစ်ကို ပြောင်းရွေ့ ရရင်လည်း အရောင်းအဝယ်လည်း ကောင်းလာနိုင်တယ်"
ဟု၎င်းကပြော သည်။

ထို့ပြင် ဗိုလ်ချုပ်ဈေးသစ်၏ ဆိုင်ခန်းဈေးများ မြင့်တက်ခြင်းကြောင့် ဆိုင်ခန်းအငှားဈေးများမှာလည်း
မြင့်တက်ခဲ့ပြီး ဆိုင်ခန်းအငှားဖြင့် ဈေး ဆိုင်ဖွင့်သူများအတွက် အခက်အခဲအနည်းငယ်တွေ့ရကြောင်း
ဗိုလ်ချုပ် ဈေးသစ်တွင် ဆေးဆိုင်ဖွင့်လှစ်ထားသည် ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူကိုထွန်းဝင်းက
ပြောသည်။

"ဒီဘက်ကို အခုမှ ပြောင်းခါစဆိုတော့ ဈေးဝယ်သူသိပ်မရသေးဘူး။ တချို့သူတွေဆို ဈေးပြောင်း
သွားတာတောင် မသိကြဘူး။ အဲဒီလို လူသိပ် မရတဲ့အချိန်မှာ ဒီဘက်က ဆိုင်ခန်း ဈေးတက်တော့
ဆိုင်ပိုင်ရှင်တွေက အငှားခတွေကိုပါ တိုးတောင်းတယ်။ အဲဒီတော့ အငှားဆိုင်ဖွင့်တဲ့သူတွေအတွက်
ကျတော့ အဆင်သိပ်မပြေဘူးဖြစ်နေတယ်။ ဆိုင်ခန်းခတွေက အရင်တစ်လကို ကျပ်ခုနစ်သောင်း၊
ရှစ်သောင်းကနေ တစ်သိန်းကျော် သွားတယ်" ဟု ၎င်းကပြောသည်။ အငှားဈေးများမြင့်တက်ခြင်း
များ တွင် ဈေးနေရာအပြောင်းအလဲများ ကြောင့်လည်း ဈေးမြင့်တက်သွားခြင်း ဖြစ်သည်ဟု
ဗိုလ်ချုပ်ဈေးသစ်တွင် ဆေးဆိုင်ဖွင့်လှစ်ထားသည့် အသက် ၅၀ ၀န်းကျင်ခန့်ရှိ ပိုင်ရှင်တစ်ဦးက
ပြောသည်။

"အငှားဈေးတက်တာက နေရာအပြောင်းအလဲကြောင့်လည်းပါတယ်။ အရင်ဈေးက ချောင်ကျတယ် အခု ဈေးကချောင်မကျဘူး။ ချောင်ကျပြီး ဈေးဝယ်သူသိပ်မလာတဲ့ အနေအထားမျိုး ဒီဘက်ဈေးက
ဖြစ်မနေဘူး။ ဟိုဘက်ဈေးတုန်းကဆိုရင် ဈေးပုံစံက တခြမ်းလမ်းပိတ်နေတော့ အဲဒီပိတ်နေတဲ့အခြမ်း
က ဈေးဝယ်သူလည်း သိပ်မလာသလို ဆိုင်းခန်းငှားတဲ့သူလည်းသိပ်မရှိတော့ ဆိုင်ခန်းအငှားခပေါ
တာပေါ့။ ဒီဘက်ရောက်တော့ ဆိုင်ခန်းတွေအကုန်လုံးက နေရာကောင်း သွားတော့ ဆိုင်ခန်းငှား
တဲ့သူတွေက လည်း ဈေးအမြင့်တောင်းတာပေါ့" ဟု ၎င်းကပြောသည်။ သို့သော်ယခုယာယီဈေး
သစ်သည် တည်နေရာကောင်းမွန်ပြီး အဆောက်အအုံပုံစံအဆင်ပြေသည့်အတွက် ပြန်လည်၍
အရောင်းအဝယ်ကောင်းလာနိုင်ကြောင်း ဗိုလ်ချုပ်ဈေးသစ်တွင် အထည်ဆိုင်ဖွင့်လှစ်ထားသည့်
ပိုင်ရှင် ဖြစ်သူ ဦးကျော်ညွှန့်ကပြောသည်။

"အခုပြောင်းလာတဲ့ နေရာက ကောင်းပါတယ်။ ကားဂိတ်နှစ်ခုနဲ့ လည်းနီးတယ်။ အခုက ပြောင်းခါ
စလည်းဖြစ်တယ်၊ နောက်ပြီးမိုးတွင်း(၀ါ၀င်)တာနဲ့ ဆိုင်အပြောင်းအရွှေ့ တွေနဲ့ကြံုသွားလို့ အရောင်း
အဝယ်အေးနေတာပါ။ ပုံမှန်ကိုယ့်ဖောက်သည်နဲ့ကိုယ် လည်ပတ်နေတဲ့သူတွေအတွက်တော့
အဆင်ပြေပါတယ်။ ဖောက်သည်ပုံမှန်မရှိတဲ့ ဆိုင်မျိုး ဆိုရင် ဈေးပြောင်းခါစ ဆိုတော့ အရောင်း
အဝယ် သိပ်မဖြစ်ဘူးပေါ့" ဟု ၎င်းကပြောသည်။

ဗိုလ်ချုပ်ဈေးသစ်ယာယီဈေးကြီး အား ယခုကဲ့သို့ ရွှေတောင်ဖွ့ံဖြိုး တိုးတက်မှုကုမ္ပဏီနှင့် ရန်ကုန်
မြို့တော် စည်ပင်သာယာရေးကော်မတီတို့ ပူး ပေါင်းကာ ပြန်လည်အဆင့်မြှင့် တည် ဆောက်ခြင်း
အပေါ် ဈေးသူဈေးသား များအနေဖြင့် ကျေနပ်မှုရှိကြောင်း ဗိုလ်ချုပ် ဈေးသစ် ဈေးသာယာရေးအဖွဲ့
ကော်မတီ၏ ဥက္ကဋ္ဌက ပြောသည်။

"ဈေးသူဈေးသား အားလုံးက ကျေနပ်ကြပါတယ်။ အရင်နေရာ ဟောင်းမှာတုန်းက သစ်သားနဲ့ပဲ
ဆောက်ထားတဲ့ဈေးကို နှစ်သုံးဆယ်လောက်ခံအောင် ကျွန်တော်တို့ဈေးသူ ဈေးသားတွေ စုပေါင်း
ပြီး ထိန်းသိမ်း ခဲ့ကြပါတယ်။ အခုလို အဆင့်မြင့်အဆောက်အအုံမှာ အရင်ဆိုင်ခန်းအတိုင်း ရှစ်ပေ
ပတ်လည် ပြန်ရမယ်ဆို တော့ ကျွန်တော်တို့အနေနဲ့လည်း ၀မ်းသာပါတယ်။ အခုဆောက်ပေး ထား
တဲ့ ယာယီဈေးကလည်း အရမ်းကို ကောင်းပါတယ်။ ဒါပေမဲ့ ယာယီ ဈေးအတွက်တော့ လုံခြံုရေး
ကို အရင်ထက် ကျွန်တော်တို့ ပိုသုံးရ တယ်။ အရင်က သုံးလေးငါးယောက်နဲ့ ရပေမယ့် အခုဆယ်
ယောက်လောက် ထားရတယ်။ ဈေးရဲ့လုံခြံရေးအတွက် လည်း ကျွန်တော်တို့ဈေးသူဈေးသား တွေ
စုပေါင်းပြီး ငှားထားတာပါ" ဟု ၎င်းကပြောသည်။

ဗိုလ်ချုပ်ဈေးသစ်အား ၁၉၈၀ ပြည့်နှစ်တွင် သိမ်ကြီးဈေး စီရုံရှိ ဆိုင်ခန်းများအား ဖျက်သိမ်းခဲ့ပြီး ဗိုလ်
ချုပ်ဈေးဟောင်း မျက်နှာချင်း ဆိုင်တွင် စတင်ဖွင်လှစ်ခဲ့သည်။ ဗိုလ်ချုပ်ဈေးသစ်တွင် ဆိုင်ခန်းပေါင်း
၄၃၆ ခန်းရှိပြီး ဆိုင်ခန်း ၂၀၀ ကျော် မှာ ဆေးဆိုင်များ ဖြစ်ကြသည်။ဆိုင်ခန်းတစ်ခန်းလျှင် ရှစ်ပေ
ပတ်လည် အကျယ်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်