ရန်ကင်းမြို့နယ်၊ ရန်ရှင်းလမ်းမကြီး ပေါ်ရှိ တိုက်အမှတ် ၃၆၆ မှ ၃၇၁ တွင် နေထိုင်ကြသော တိုက်
ခန်းနေမိသားစု ပေါင်း ၁၆၀ နှင့် မြို့ရွှာနှင့် အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ အိမ်ရာ
ပြောင်းရွှေ့ရေးကိစ္စ ရပ်များနှင့် အငှား သို့မဟုတ် အပိုင် စနစ် မည်သည့်စနစ်များဖြင့် ထားရှိပေး
သွားမည်ဆိုသည့် ကိစ္စရပ်များ အတွက် ဇူလိုင်လ ၁၇ ရက်တွင် ရန်ကင်း (၅) ရပ်ကွက် ဓမ္မာရုံ၌
တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြား ရေးမှူး (စီမံ/အိမ်ရာ) ဦးယု
ခိုင်က ယခုအစည်းအဝေးပွဲသည်အိုးအိမ် ဘက်မှ တာဝန်ရှိသူများက ရန်ရှင်း လမ်းမကြီးအနီးရှိ
အစိုးရတိုက်ဟောင်း များတွင် နေထိုင်သောသူများ တိုက်သစ် သို့ ပြောင်းရွှေ့ရေးကိစ္စများ ပြေ
လည် စေရန် ညှိနှိုင်းဆောင်ရွက်ပေးသွား မည့် ကိစ္စရပ်များကို ဆွေးနွေးသွား မည်ဖြစ်ကြောင်း
ပြောကြားခဲ့သည်။
"ရန်ကုန်မှာ ပြည်သူ့အိမ်ရာ/ ၀န်ထမ်းအိမ်ရာပေါင်း ၁၁ ခုရှိပြီး တခြားပြည်နယ်နဲ့ တိုင်းတွေမှာ
တော့ ၃၁ ခု ရှိပါတယ်။ ကျွန်တော်တို့အိုးအိမ် ဦးစီးဌာနအနေနဲ့ လက်ရှိနေထိုင်မှုထက် ပိုမိုကောင်း
မွန်တဲ့နည်းစနစ်နဲ့လူနေထိုင်မှုဘဝတွေ ရရှိစေနိုင်ဖို့ ရန်ကင်းအိမ်ရာတွေ ပြန်လည်တည်ဆောက်ရာ
မှာနေထိုင်သူတွေနဲ့ ညှိနှိုင်း ဆောင်ရွက်လျက်ရှိသလို ရန်ကုန်မြို့ရဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်မှုအတွက်
လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်"ဟုလည်း ညွှန်ကြားရေးမှူး ဦးယုခိုင်က တွေ့ဆုံပွဲတွင်
ဦးစွာပြောကြားခဲ့သည်။
ရန်ကင်းမြို့နယ်ရှိ နေထိုင်သူများ ပြောင်းရွှေ့မည့် တိုက်သစ်များမှာဆောက်လုပ်ပြီးစီးနေပြီဖြစ်ပြီး
အခက်အခဲတစ်ရပ်မှာ အဆိုပါတိုက်သစ်များ တွင် နေထိုင်သူများအတွက် အငှား စနစ်နှင့်အပိုင်စနစ် မည်သည့်စနစ်ဖြင့် ပေးအပ်သွားမည်ဆိုသည့်အချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
"ဒီတိုက်သစ်တွေမှာ အပေါ်ဆုံး နှစ်ထပ်က အိုးအိမ်ကပိုင်တာဖြစ်တဲ့အတွက် အိုးအိမ်က ၀န်ထမ်း
တွေကိုရောင်းလိုက်ပြီ ဖြစ်ပါတယ်၊ ဒီတော့ ဒီနှစ်ထပ်မှာ လူတွေနေနေကြပါပြီ။ ဒါပေမဲ့ ကျန်တဲ့
လေးထပ်ကတော့ လူနေထိုင်နိုင်ခြင်းမရှိသေးဘဲ ကြန့်ကြာနေတဲ့အတွက် ဘာကြောင့်လူတွေ မပြောင်းရွှေ့နိုင်သေးတာလဲဆိုတာက မေးစရာ ဖြစ်လာပါတယ်။ကျွန်တော်တို့အနေနဲ့ ပြောနိုင်
တာတစ်ခုကတော့ ဒီကိစ္စတွေကို ပြည်သူ့ ဆန္ဒ၊ လွှတ်တော်ဆန္ဒအတိုင်း ဆောင် ရွက်သွားမှာ
ဖြစ်ပါတယ်။ ဒီပြောင်းရွှေ့ ရေးကိစ္စတွေအတွက် ရန်ကင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်
ဦးသာဝင်း က ပြည်ထောင်စုလွှတ်တော်မှာ တင်ပြထားပါတယ်"ဟုလည်း ဦးယုခိုင်က
ပြောသည်။
အဆိုပါနေ့ဆွေးနွေးပွဲတွင် နေထိုင်သူများက တိုက်သစ်များတွင် ပြန်လည်နေရာချထားပေးရာ၌
အငှားစနစ်နှင့် အပိုင်စနစ်မည်သည့်ပုံစံဖြင့် ပြန်လည် နေရာချထားပေးမည်ဆိုသည်ကို နေထိုင်
သူအားလုံးက အဓိက သိချင် နေကြပြီး အရေးကြီးအကြောင်းအရာ တစ်ရပ်အဖြစ် အိုးအိမ်မှ
တာဝန်ရှိသူ များနှင့် မြို့မိမြို့ဖများ ဆွေးနွေးခဲ့ ကြသည်။
"တိုက်ခန်းပိုင်ဆိုင်စေတဲ့ Owner Booksု တွေထုတ်ပေးပြီး အပိုင်စနစ်နဲ့ပေးလိုက်တဲ့ ရွှေအုန်းပင်
အိမ်ရာတုန်း ကလိုပေါ့။ အခုလည်းနေထိုင်သူတွေ က အပိုင်စနစ်နဲ့ ပေးမှာလားဆိုတာမေးနေကြ
တယ်။ အိုးအိမ်ဘက်က ပြောနိုင်တာတစ်ခုကတော့ အိမ်ရာ တွေ ဆောက်ထားတဲ့မြေတွေက
အစိုးရ ပိုင်မြေတွေ ဖြစ်တယ်။ လက်ရှိအနေအထားအရ အငှားစနစ်နဲ့ ပြန်ပေးမယ်။ ဒီတိုက်ခန်းနဲ့
သက်ဆိုင်တဲ့လူတွေကို မဲစနစ်နဲ့ သူတို့ မူလပိုင်ဆိုင်ခဲ့တဲ့အလွှာအတိုင်းပြန်ပေးမယ်"ဟုလည်း ၎င်း
က ရှင်းလင်းပြောကြားခဲ့သည်။
တိုက်ခန်းသစ်များ၏ အငှားခများ နှင့်ပတ်သက်၍လည်း တစ်စတုရန်းပေ လျှင် တစ်ဆယ်ကျပ်နှုန်း
ဖြင့် ကောက်ခံသွားမည်ဖြစ်သည်ဟု ဦးယုခိုင်က ပြောသည်။ တိုက်ခန်းသစ်များ၏အကျယ်မှာ
၈၉၆ စတုရန်းပေ ရှိသည့်အတွက် အိုးအိမ်သို့ တစ်လပေးသွင်း ရမည့် ငှားရမ်းခမှာ ကျပ် ၈,၉၆၀
ဖြစ် သည်။
သို့သော်လည်း ရန်ကင်း မြို့နယ်သည် မြို့တွင်းဧရိယာတွင် ပါ၀င်သည့် မြို့နယ်ဖြစ်သည့်အတွက်
နောက်ထပ် ၂၅ ရာခိုင်နှုန်းထပ်မံပေး သွင်းရသည့်အတွက် မြေညီထပ်အတွက် တစ်လစုစုပေါင်း
ငှားရမ်းခမှာ ကျပ် ၁၁,၂၀၀ ဖြစ်သည်ဟုသိရသည်။ အဆိုပါ ငှားရမ်းခ နှုန်းထားမှာ ပထမထပ်၊
ဒုတိယထပ်၊ တတိယထပ်များအတွက် အလွှာလိုက် ၎င်းအလွှာကပ်လျပ်အောက်ထပ်ထက်
ငါးရာခိုင် နှုန်းစီလျှော့၍ ကောက်ခံသွားမည် ဖြစ်သည်ဟုလည်း ဦးယုခိုင်က ဆွေးနွေးပွဲတွင်
ရှင်းပြခဲ့သည်။
"ဩဂုတ်လ ရ ရက်နေ့ကစပြီး တိုက်ခန်းသစ်တွေမှာ တရားဝင်စနေလို့ ရပါပြီ၊ တိုက်ခန်းတွေမှာ
လျှပ်စစ်မီး လည်း ရနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ရေကတော့ လတ်တလောအချိန်မှာ မရသေးပေ
မယ့် တရားဝင်ပြောင်းရွှေ့နေထိုင်တဲ့ ဩဂုတ် ရ ရက်အမီ ရအောင် ဆောင်ရွက်ပေးမှာ ဖြစ်ပါ
တယ်"ဟု ၎င်းကပြောသည်။
ရန်ကင်းမြို့နယ် (၅) ရပ်ကွက်ရှိ အစိုးရအိမ်ရာများမှ ပြောင်းရွှေ့ရေးကိစ္စများနှင့် ပြန်လည်နေရာ
ချထားရေးကိစ္စများနှင့်ပတ်သက်၍ မြို့နယ် အုပ်ချုပ်ရေးမှူးများက ပြေလည်အောင် ညှိနှိုင်းဆောင်
ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ရန်ကင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က အဆိုပါ
ဆွေးနွေးပွဲနေ့တွင် ပြောသည်။
"အများဆန္ဒနဲ့ပဲ ဆောင်ရွက်သည်ဖြစ်စေ၊ အိုးအိမ်က ချမှတ်ထားတဲ့အတိုင်းပဲ ဆောင်ရွက်သည်
ဖြစ်စေ နေထိုင်သူ အားလုံးကို အေးအေးချမ်း ချမ်းပဲ ဖြစ်စေချင်တယ်၊ ပြောင်းရွေ့ရေး၊ ပြန်လည်
နေရာချထားရေးကိစ္စတွေကိုလည်း ပြေလည်အောင် ဆောင် ရွက်ပေးမှာ ဖြစ်ပါတယ်၊ တိုက်ဟောင်း
ကနေ တိုက်သစ်ကိုပြောင်းရာမှာ ဈေးဆိုင်တွေ၊ အဖီတွေရှိရင် ဒါတွေကို ဖျက်သိမ်းဖို့အတွက်
ညှိနှိုင်းဆောင် ရွက်ပေးမယ်။ နောက်ပြီး သယ်ယူပို့ ဆောင်ရေးကိစ္စတွေအတွက် မြို့နယ်အုပ်ချုပ်
ရေးအဖွဲ့တွေက ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒီအတွက် တိုက်ခန်းနေ ပြည်သူတွေအနေနဲ့ ဖြစ်
ချင်တာတွေကို စိတ်မစောဘဲနဲ့ ချင့်ချင့်ချိန် ချိန်နဲ့ အချိန်ယူ စဉ်းစားဆောင်ရွက်ပါလို့ မှာချင်ပါတယ်"
ဟု ဦးဝင်းအောင် က ပြောသည်။
"ကျွန်တော်တို့အနေနဲ့ နေထိုင် သူတွေနဲ့ ရင်းရင်းနှီးနှီးပွင့်ပွင့်လင်း လင်း တိုင်ပင်ဆွေးနွေးမှာ ဖြစ်တဲ့
အပြင် နေထိုင်သူတွေရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ တင်ပြလာလို့ရှိရင်လည်း
ကျွန်တော်တို့ ဘက်က ၀မ်းမြောက်ဝမ်းသာ ကြိုဆို လက်ခံဖြေရှင်းပေးမှာ ဖြစ်တယ်လို့ လည်း
ပြောချင်ပါတယ်"ဟု ၎င်းက ပြောသည်။
ရန်ကင်းမြို့နယ် တိုက်အမှတ် ၃၆၈ တွင်နေထိုင်သူတစ်ဦးဖြစ်သည့် ဦးဟန်ဌေးကလည်း မူလ
အကျယ်အဝန်းထက် ပိုမိုကျယ်ဝန်းသော တိုက်ခန်းသစ်များတွင် ပြန်လည်နေရာချ ထားပေးသည့်
အတွက် နိုင်ငံတော် အစိုးရကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး မူလနေရာမှနေရာသစ်သို့ ရွှေ့
ပြောင်း မှုက မူလနေထိုင်သူများအတွက် အခက်အခဲများရှိသည်ကိုလည်း ဆွေးနွေးတင်ပြခဲ့သည်။
"ကျွန်တော်အခုတင်ပြတာက အားလုံးအတွက် ပွင့်လင်းမြင်သာမှု ရှိအောင် ဖြစ်ပါတယ်။
ကျွန်တော်က ဒီရပ်ကွက်မှာ ကြီးပြင်းခဲ့တဲ့ ငယ်မွေးခြံ ပေါက်တစ်ဦး ဖြစ်ပါတယ်။ နိုင်ငံ တော်က နဂိုထက်ပိုကျယ်တဲ့အခန်း တွေကိုပေးတဲ့အတွက် ကျေးဇူးတင် ကြောင်း ပြောလိုပါတယ်။ ဒါပေမဲ့
မူလနေရာထက် အတွင်းပိုင်းကို ရွှေ့ လိုက်ရတဲ့အတွက် နည်းနည်း စိတ်ညစ် ရတာတော့ ရှိပါတယ်။
ဒီမှာနေတာ ၄၄ နှစ်ရှိပါပြီ။ ဒီကာလအတောအတွင်း မှာ ရေနဲ့ မိလ္လာကိစ္စတွေကို နေထိုင်သူတွေက
ကိုယ့်ဘာသာကိုယ် ဖြေရှင်း ရပြီး အိုးအိမ်ဘက်က ဆောင်ရွက်ပေးခဲ့တာ မရှိပါဘူး။
နောက်တစ်ချက် ပြော ချင်တာကတော့ Owner Booksု ကိစ္စပါ။ ရွှေအုန်းပင်အိမ်ရာမှာကျတော့
Owner Booksု တွေထုတ်ပေးပြီး အပိုင် ပေးလိုက်ပြီး ကျွန်တော်တို့ကျတော့ ဒီလို မဟုတ်ဘဲ
အငှားစနစ်ဆိုတာ ဖြစ်လာတဲ့ အတွက် နေထိုင်သူတွေက အခွင့်အရေး မညီမျှမှုတွေအတွက်
စဉ်းစားစရာ ဖြစ် လာပါတယ်"ဟု ၎င်းကဆွေးနွေးခဲ့သည်။
တိုက်ခန်းငှားစနစ်ကျင့်သုံးမည်ဆိုလျှင်ကျပ် ၈,၉၆၀ ဆိုသည့်အငှားခမှာ နေထိုင်သူများက ပေးနိုင်
သည်ဆိုသော်လည်း ပင်စင်စားများအတွက်မူ အဆိုပါငွေပမာဏမှာ အခက်အခဲတစ်ရပ် ဖြစ်ကြောင်း
လည်း ၎င်းက ပြောသည်။
"တိုက်ခန်းအငှားစနစ်အတွက် အိုးအိမ်ကို ပေးရတဲ့ တိုက်ခန်းငှားခ ကျပ် ၈,၉၆၀ ကနေထိုင်သူ
တွေကပေးနိုင်ပေမယ့် ပင်စင်စားတွေအတွက်ဒါ က ၀န်ထုပ်ဝန်ပိုး ဖြစ်တယ်။ နောက်တစ်ချက်က
တစ်တိုက်တည်းမှာ ငါး ထပ် နဲ့ ခြောက်ထပ်ကအပိုင်ရပြီး ကျွန်တော် တို့က အငှားစနစ်နဲ့ဆိုတော့
သိချင်တာ က တစ်တိုက်ထဲမှာ စနစ်နှစ်မျိုးနဲ့ ဘယ် လိုအုပ်ချုပ်မလဲ။ ကျွန်တော်တို့ မူလ နေထိုင်
သူတွေကရော တိုက်ခန်းကို ပိုင်ဆိုင်ခွင့်မရှိဘူးလား၊ တိုက်ခန်းတွေ ကိုအပိုင်စနစ်နဲ့ချထားပေးဖို့
ပြောလိုပါ တယ်"ဟု ဦးဟန်ဌေးက ပြောသည်။
တိုက်ခန်းများကို အငှားစနစ်ဖြင့် ထားရှိသွားမည်ဆိုလျှင် ငှားရမ်းခ ကျပ် ၈,၉၆၀ လစဉ်ပေးသွင်း
ရမည် ဖြစ်သည့်အတွက် အိုးအိမ်ဦးစီးဌာန ဘက်မှ ပြင်ဆင်စရိတ်နှင့်ကုန်ကျစရိတ်ကိုမည်သို့ မည်
ပုံဆောင်ရွက်ပေးမည်ဆိုသည်ကိုလည်း ၎င်းက မေးမြန်းခဲ့သည်။
"တိုက်ခန်းငှားခ ကျပ် ၈,၉၆၀ ဆိုရင် သိချင်တာက တိုက်ခန်းပြင်ဆင်စရိတ်၊ ၀န်ဆောင်စရိတ်တွေ
အတွက် အိုးအိမ်ဘက်က ဘယ်လိုစီစဉ်ဆောင်ရွက်ပေးမှာပါလဲ။အငှားစနစ်ကြောင့် ငှားခသာပေးရ
မယ်ဆိုရင် တိုက်ခန်း ပြင်ဆင်စရိတ်၊ ၀န်ဆောင်စရိတ် စတဲ့ကုန်ကျစရိတ်တွေက နေထိုင်သူအားလုံး
အတွက်ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်ဆိုတာ ပြောလိုပါတယ်"ဟု ဦးဟန်ဌေးက ပြောသည်။
















