ရန်ကုန်မြို့တွင်းရှိ အချို့သောမြို့နယ် များနှင့် အချက်အချာကျသော မြို့လယ် ကောင်များတွင်
ဆိုင်ခန်းအငှားဈေးနှုန်း များမှာ မြင့်တက်လျက်ရှိပြီး ဆိုင်ခန်းငှားရမ်းသူများအနေဖြင့် အငှားဈေး မြင့်
မားမှုများကြောင့် အဆင်မပြေမှု များရှိကြောင်း ဆိုင်ခန်းငှားရမ်းသူများနှင့် အိမ်ခြံမြေအကျိုးဆောင်
များ ကပြောသည်။
"ကျွန်တော်က ၃၃ လမ်းမှာ ဖုန်း ဆားဗစ်ဆိုင်ဖွင့်ထားတာပါ။ ဆိုင်ခန်း အငှားဈေးက တစ်လကို
လေးသိန်းခွဲ ပေးရတယ်။ ကျွန်တော်ဖွင့်ထားတာ လေးလလောက်ပဲ ရှိသေးတယ်။ အဲဒါကြောင့်
ဆိုင်ကလည်းသေးသလို ဆားဗစ်သိပ်မရတဲ့ လတွေဆို တစ်လတည်းနဲ့ဆိုင်ခန်းက မကျေဘူး။
နောက်ပြီး ဆိုင်ခန်းအကျယ်ကလည်း ၁၂ ပေ၊ ပေ ၅၀ ပဲရှိတော့ နောက်ပိုင်း အလုပ်လုပ်မယ့်သူ
များလာရင် အဆင် မပြေပြန်ဘူး။ ဒါပေမဲ့လည်း မြို့ထဲမှာ ဖွင့်ရတာကတော့ အကွက်အကွင်း
ကောင်းတော့ ကျွန်တော်တို့ အခုလောလောဆယ်တော့ ကြိုးစားပြီး ဖွင့်ကြည့်နေပါတယ်" ဟု
ဖုန်းဆားဗစ်ဆိုင်ဖွင့်ထားသူ ကိုမင်းကိုက ပြောသည်။ မြို့တွင်း၌သာမကဘဲ ဆင်ခြေဖုံး မြို့နယ်
များတွင်ပါ၀င်သော သုဝဏ္ဏမြို့ တွင်းရှိဆိုင်ခန်းဈေးမှာ လွန်ခဲ့သည့်သုံးလေးလက တစ်သိန်းဝန်း
ကျင်သာရှိသော်လည်း ယခုအခါတွင် ဈေးတက်လာခြင်းကြောင့် စီးပွားရေးလုပ်ရန်အတွက်
အခက်အခဲဖြစ်လျက် ရှိကြောင်း ဂစ်တာအရောင်းဆိုင်ပိုင်ရှင် ဖြစ်သူ ကိုဇော်ငယ်က ပြောသည်။
"ကျွန်တော်က သုဝဏ္ဏမြို့နယ် ကမာကြည်လမ်းမပေါ်မှာ ဂစ်တာဆိုင် ဖွင့်ထားတာပါ။ ဂစ်တာ
ရောင်းတာဆိုတော့ ကုန်ကအမြဲတမ်းအရောင်း အဝယ်ဖြစ်နေတာ မဟုတ်ဘူး။ အဲဒီလို ဆိုင်မျိုး
ဖွင့်ထားတဲ့သူအတွက် ဆိုင်ခန်း ဈေးကလည်း ပိုက်ဆံတော်တော်မြုပ် တယ်။ ကျွန်တော့်ဆိုင်ခန်း
ဈေးဆိုရင် တစ်လကို တစ်သိန်းနှစ်သောင်း ပေးရတယ်။ နောက်ပြီးတစ်လတစ်ခါပေးရတာလည်း
မဟုတ်ဘူး။ ခြောက်လ အနည်းဆုံး စာချုပ်ချုပ်ရတယ်။ အဲဒီ တော့ ဆိုင်မဖွင့်ခင်ကတည်းက ဆိုင်
ခန်းခအတွက်နဲ့တင် အရင်းအနှီး တော်တော်များနေပြီ။ ဆိုင်ခန်းခနဲ့ တွက်မယ်ဆိုရင် တချို့လတွေ
ဆိုရင်အရင်းကျေရုံပဲရှိတယ်"ဟု ၎င်းက ပြောသည်။ ရန်ကုန်မြို့ရှိ ဆိုင်ခန်းဈေးနှုန်း များမှာ လွန်ခဲ့
သည့်နှစ်နှစ်ခန့်မှစတင်ကာ ဈေးနှုန်းများမြင့်တက်လာခဲ့ပြီး ယခုအခါတွင် အမြင့်ဆုံးအခြေအနေသို့
ရောက်ရှိနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
"ရန်ကုန်မြို့မှာဆို ဆိုင်ခန်းဈေးတွေက လွန်ခဲ့တဲ့နှစ်နှစ်လောက်က စပြီးတက်လာတယ်လို့ပြောလို့
ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်နှစ် လောက်က ရန်ကုန်မြို့ရဲ့ အရောင်းအဝယ်လုပ်လို့
ကောင်းတဲ့မြို့နယ်တွေမှာဆိုရင် ဆိုင်ခန်းအငှားခက ၂၅ ပေ၊ ပေ ၆၀ ခန်းတစ်ခန်းကို တစ်လ
ငါးသိန်းလောက်ပဲရှိတာ။ အခုလက်ရှိအဲဒီလို ဆိုင်ခန်းတစ်ခန်းကို တစ်လ ကျပ်သုံးသိန်းပေးပြီး
ငှားနေရတယ်။ ဒါပေမဲ့လည်း ငှားတဲ့လူက သူ့ဟာနဲ့သူရှိတော့ အငှားဈေးတွေက မြောက်နေ
တာပေါ့။ လသာမြို့နယ်မှာဆို ဖုန်းဆိုင်တွေတော်တော်များတယ်။ ဒီနှစ်ထဲမှာပဲ ဆိုင်ခန်းအငှား
ဈေးကွက်က တော်တော်လေးကောင်းလာတယ်" ဟု ဖီးနစ်အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း၏
ပိုင်ရှင်ဖြစ်သူ ကိုထွန်းထွန်း က မြန်မာတိုင်း(မ်)ကိုပြောသည်။
ထို့ပြင် ရန်ကုန်မြို့တွင်းရှိ ကမာရွတ်မြို့နယ်၊ အင်းစိန်မြို့နယ်၊ လမ်းမတော်၊ လသာနှင့် ကျောက်
တံတားမြို့နယ် များသည် ဆိုင်ခန်းအငှားဈေးနှုန်းများ မြင့်မားသည့် မြို့နယ်များဖြစ်ကြောင်း ၎င်း
ကပြောသည်။
"အရောင်းအဝယ်လုပ်လို့ ကောင်း တဲ့ မြို့နယ်တွေက ဆိုင်ခန်းတွေဆို ဈေးပိုကောင်းတယ်။
အနည်းဆုံး တစ်လကို သိန်းသုံးဆယ်တော့ ပေးရ တာပဲ။ နောက်ပြီးဆိုင်ခန်း ငှားပြီဆိုရင်
နှစ်ချုပ်၊ လချုပ်နဲ့ပဲ ငှားရတာဆိုတော့ ဆိုင်ဖွင့်တဲ့သူကလည်း အနည်းဆုံးတစ်နှစ်လောက်
စမ်းဖွင့်ကြည့်တယ်။ တကယ်လို့ ဖွင့်ရတာအဆင်မပြေရင် ပြောင်းကြတယ်။ တစ်ယောက်ပြောင်း
တော့လည်း တစ်ယောက်ငှားမယ့်သူပေါ်လာတာပါပဲ။ ငှားမယ့်သူရှိတော့လည်း ဈေးကွက်ကကောင်း
တာပေါ့" ဟု ၎င်းကပြောသည်။
ဆိုင်ခန်းအငှားဈေးနှုန်းများ ကောင်း ရခြင်းသည် မြေနေရာနှင့် ဆိုင်ခန်း ၀ယ်ယူမှုအတွက် ဈေးမြင့်
မားမှုများ ကြောင့် ဆိုင်ခန်းငှားရမ်းသူများ များပြား လာခြင်းကြောင့်ဖြစ်ကြောင်း ကိုထွန်း ထွန်းက
ပြောသည်။
"ဆိုင်ဖွင့်မယ့်သူတွေကလည်း ဒီလို ဆိုင်ခန်းမျိုးဝယ်မယ်ဆိုရင် ဈေးတွေက အဆမတန်ဖြစ်နေတော့
ငှားတာကမှ အဆင်ပြေသလို ဖြစ်နေကြတယ်။ ဒီတော့ ဆိုင်ခန်းငှားပြီး ဆိုင်ဖွင့်တဲ့ သူက များလာ
တယ်။ အခုက လမ်းမ တန်းပေါ်က ဆိုင်းခန်တစ်ခန်းကိုဝယ်မယ်ဆိုရင် ကျပ်သိန်းသုံးလေးထောင်
ပေးရတယ်။ အခုမှ ဆိုင်ဖွင့်မယ့်သူဆိုရင် ဒီအတွက်ရင်းနှီးမြှုပ်နှံမှုက အရမ်းများတော့ ငှားပြီးဖွင့်တာ
က သူတို့အတွက် ပိုအဆင်ပြေတာပေ့ါ" ဟု ၎င်းကပြောသည်။
ထို့ပြင် လက်လီအရောင်းဆိုင် များမှာ ဆိုင်ခန်းဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် စီးပွားရေးပြုလုပ်
ရန် ခက်ခဲလျက်ရှိကြောင်း မြန်မာနိုင်ငံလက်လီလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။
"မြေဈေးတွေ၊ အိမ်ခြံမြေဈေးတွေက ကြီးနေတော့ လက်လီလုပ်ငန်းလုပ်တဲ့ သူတွေ တော်တော်
အခက်အခဲဖြစ်တာ ကို တွေ့ရတယ်။ ရတဲ့အကျိုးအမြတ်နဲ့ ဒီဆိုင်ခန်းခတွေ ပေးဖို့အတွက် အဆင်
မပြေဖြစ်ကြတယ်။ အဲ့ဒါကြောင့် လက်လီဈေးကွက်ထဲ ၀င်ချင်တဲ့သူ တောင် အိမ်ခြံမြေဈေးတွေ၊
မြေဈေး တွေရှိလို့ စီးပွားရေး မလုပ်နိုင်ကြဘူး" ဟု ၎င်းက ပြောသည်။ တာမွေမြို့နယ် လူစည်
ကားရာ နေရာတစ်ခုဖြစ်သော ကျောက်မြောင်း တွင် ဆိုင်ခန်းငှားကာ စာအုပ် အငှားဆိုင်နှင့်
စတိုးဆိုင် ဖွင့်လှစ်ခဲ့သူ တစ်ဦးကလည်း ဆိုင်ခန်းအငှား ဈေးနှုန်းများ မြင့်တက်မှုကြောင့် လမ်းမ
တန်းတွင် ဖွင့်ထားသည့် ဆိုင်ခန်း အား ပိတ်ကာ လမ်းကြားတွင်ရှိသော အိမ်တွင်သာ ပြန်၍ဖွင့်
ထားရကြောင်း မြန်မာတိုင်း(မ်)ကို ပြောသည်။
"ကျွန်တော်တို့ဆိုင်က အရင်က လမ်းမပေါ်မှာပေါ့။ ဆိုင်ခန်းဈေးတွေက ၂၅ ပေ၊ ပေ ၅၀ ကို တစ်လ
ခုနစ်သိန်း ပေးရတယ်။ အဲဒီဈေးနှုန်းက ကျွန်တော်တို့ ရောင်းအားနဲ့ မကိုက်တော့ ကျွန်တော်တို့
လည်း လမ်းကြားထဲမှာရှိတဲ့ ကိုယ့်အိမ်မှာပဲ ပြန်ဖွင့်လိုက်တယ်။ လမ်းကြားထဲမှာဆိုတော့ ဖောက်
သည်ကတော့ နည်းသွားတာပေါ့။ ဒါပေမဲ့လည်း အဲလိုဖွင့်တာမှ အဆင်ပြေသေးတယ်"ဟု ၎င်းက
ပြောသည်။
အဆိုပါ ကျောက်မြောင်းရပ်ကွက် ဗညားဒလလမ်းမကြီးပေါ်တွင်ရှိသည့် ဆိုင်ခန်းအငှားဈေးများမှာ
လွန်ခဲ့သည့်နှစ်နှစ်ကျော်ခန့်က ဈေးဖြစ်သော တစ်လ ကျပ်သုံးသိန်းခန့်မှ ယခုတွင် ကျပ်ခုနစ်သိန်း
နှင့် ရှစ်သိန်းဝန်းကျင် သို့ မြင့်တက်သွားခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
















