မွန်ပြည်နယ်သို့ လာရောက်သော ခရီးသွား အရေအတွက် မြင့်တက်လာပြီး ခရီးသွား ရာသီတွင်
ဟိုတယ်ခန်းမလုံလောက်မှုများ ဖြစ်ပေါ်နေသည့်အတွက် မွန်ပြည်နယ်၏ အချို့နေရာများတွင်
ဟိုတယ်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ဒေသခံစီးပွားရေးလုပ်ငန်းရှင် များက အထူးစိတ်ဝင်စားလျက်
ရှိကြောင်း သိရ သည်။
"လောလောဆယ်က စက်စဲမှာ ဟိုတယ်ဇုန် လုပ်မယ်။ အခု စီမံကိန်းစနေပြီ။ စက်စဲကမ်းခြေ ကို
ခရီးသွားတွေ အသိများအောင် ဖော်ထုတ် မယ်။ မုတ္တမကို ဒေသခံလုပ်ငန်းရှင်တွေ စိတ်ဝင်စားမှု
များတယ်။ မြေတွေလည်း ၀ယ် ထားကြတယ်။ မြေဝယ်တယ်ဆိုရာမှာတော့ အစိုးရက ဒီနေရာ
မှာ ဟိုတယ်ဇုန်လုပ်မယ်ဆိုပြီး ပြောလို့ဆိုတာထက် ဒေသခံတွေရဲ့ သဘောနဲ့ မြေတွေဝယ်ကြတယ်
ပေါ့။ ၀န်ကြီးဌာနက ကြေညာချက်တော့ မရှိပါဘူး" ဟု မွန်ပြည်နယ်၊ ဟိုတယ်လုပ်ငန်းရှင်များ
အသင်း၏ ဥက္ကဋ္ဌ ဦးချန်ထွန်းက ယခုလ ရ ရက်နေ့က မြန်မာ တိုင်း(မ်)နှင့်တွေ့ဆုံစဉ် ပြောသည်။
မုတ္တမဘက်ခြမ်း၊ သံလွင်တံတားအဆင်းနေရာတစ်ဝိုက်ရှိ မြေနေရာများတွင် ဟိုတယ်ဇုန်အဖြစ်လုပ်
ကိုင်နိုင်ရန် လုပ်ငန်းရှင်များ စိတ်ဝင်စားမှု များပြားနေပြီး ပြည်နယ်အစိုးရက တိကျသော ကြေညာ
ချက်တစ်ခု ထုတ်ပြန်ထား ခြင်း မရှိသေးသော်လည်း ဟိုတယ်ဇုန်အဖြစ် ချထားပေးမည်ဟူသည့်
ကောလာဟလများ ကြောင့် မြေယာဝယ်ယူမှုများ များပြားနေ သည်ဟု ၎င်းက ပြောသည်။
"နယ်ခံစီးပွားရေး လုပ်ငန်းရှင်တွေက မြေတွေဝယ်နေကြတော့ ရန်ကုန်က စီးပွားရေးလုပ်ငန်းရှင်တွေ
လည်း ဖုန်းဆက်လာ တာတွေရှိနေတယ်။ တံတားအဆင်း နေရာတစ်ဝိုက်၊ ခန့်မှန်းခြေ ဧက ၂၀၀/
၃၀၀ လောက်မှာ မြေတွေ အရောင်းအဝယ်ဖြစ်နေကြတာပါ" ဟု ဦးချန်ထွန်းက ပြောသည်။
မွန်ပြည်နယ်သို့ ခရီးသွားဝင်ရောက် မှုမှာ ယခင်နှစ်များကထက် သုံး လေးဆတိုးတက်လာပြီး ပွင့်
လင်းရာသီရောက်လျှင် ဟိုတယ်ခန်းများ လုံလောက်မှုမရှိတော့ကြောင်း သိရ သည်။ "၁၀ လပိုင်း
လောက်ဆို ဒီမော်လမြိုင် မှာ ငှားစရာ အခန်းမရှိတော့ဘူး။ ဒါတောင် ပြည်တွင်းခရီးသွားတွေပဲ
လာရသေးတာ။ ကမ္ဘာလှည့်ခရီးသွား တွေ မလာသေးဘူး။ နောက်ပြီး ခရီးသွားဦးရေက ဒီဘက်နှစ်
ပိုင်းမှာ သုံးလေးဆကို တက်လာတယ်။ အရင် က ရာဂဏန်းပဲရှိရာကနေ အခု ထောင်ဂဏန်းထိ
ဖြစ်လာတယ်။ ခရီးသွားအရမ်းတက်လာတဲ့အတွက် အဆင်ပြေအောင် ဟိုတယ်ဇုန် အသစ်တွေရှိ
ရင်ကောင်းမယ်။ အခုဆို မော်လမြိုင်ကို လေကြောင်းလိုင်းအသစ်လည်း ပြေးဆွဲဖို့လုပ်နေတယ်ဆို
တော့ ဟိုတယ်ခန်းတွေ လိုအပ်နေပြီလို့တောင် ပြောလို့ရတယ်" ဟု ဦးချန်ထွန်းက ပြောသည်။
မွန်ပြည်နယ်တစ်ဝိုက်တွင် ကျိုက်ထို မြို့နယ်နှင့် မော်လမြိုင်မြို့များတွင်သာ ဟိုတယ်များရှိပြီး မော်
လမြိုင်တစ်မြို့ လုံးတွင် ဟိုတယ်အခန်းပေါင်း ၂၀၀ ကျော်သာရှိသည်ဟု သိရသည်။ မုတ္တမမြို့နယ်၊
သံလွင်တံတားအဆင်းနေရာရှိ မုတ္တမတောင်တန်းများတွင် ဟိုတယ်ဇုန်လုပ်ရန် ဒေသခံလုပ်ငန်းရှင်
များက စိတ်အားထက်သန်နေကြသော်လည်း ကန့်ကွက် သူ အများအပြားရှိနေသည်ဟု သိရသည်။
မွန်ပြည်နယ် ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း၏ ဥက္ကဋ္ဌ ဦးလှရှိန်ကလည်း
ဟိုတယ်ဇုန် ပြုလုပ်မည်ဟူသည့် ကောလာဟလ ကြောင့် မုတ္တမတောင်ကုန်းများတွင် မြေဝယ်
ယူမှုများ များပြားနေသည်ဟု ဆိုသည်။ "မော်လမြိုင် တံတားအဆုံး မုတ္တမ တောင်ကုန်းနားမှာရှိတဲ့
မြေနေရာ တွေကို လုပြီးဝယ်နေကြတာပဲ။ လမ်းတွေကိုလည်း ကောင်းအောင်လုပ်နေပြီး မြေဝယ်
ထားတဲ့သူတွေကလည်း ကိုယ့်မြေကိုယ် ရှင်းလင်းတာတွေ လုပ်နေတယ်။ ဟိုတယ်ဇုန်လုပ်မယ်
ဆိုတဲ့ သတင်းကြောင့်ပေါ့။ ဒါပေမဲ့ ပြည်သူ တွေဘက်ကတော့ ကန့်ကွက်တာတွေရှိတယ်။ တကယ်
သာ ဟိုတယ်ဇုန်လုပ်ဖြစ်မယ်ဆို ပြည်သူတွေနဲ့ အရင် ရင်ဆိုင် ရမယ်ထင်တယ်" ဟု မွန်ပြည်နယ်၊
ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ ဦးလှရှိန်က ဆက်လက်ပြောသည်။
အဆိုပါ တောင်ကုန်းများပေါ်တွင် စေတီပုထိုးများ၊ ဘုန်းကြီးကျောင်းများ အများအပြားရှိသည့်
အတွက် အဆိုပါ စေတီပုထိုးများကြားထဲတွင် ဟိုတယ်ဇုန်များ ဆောက်လုပ်မည်ဆိုသည်မှာ မဖြစ်
သင့်ဟု မြို့နေလူထုက ယူဆ လျက်ရှိကြောင်း သိရသည်။ "မွန်ပြည်နယ်ကတော့ နေရာတော်တော်
များများမှာ ဘုရားတွေရှိတာပဲ။ တောင်လေးနည်းနည်းရှိရင် ဘုရားတည်ထားတာ တွေ့ရမယ်။
ဘုရားပုထိုးဆိုတာ ဖျက်ကောင်းတဲ့အရာလည်းမဟုတ်ဘူးလေ။ ဘုရားတွေကြားထဲ ဟိုတယ်ဇုန်
လုပ်ဖို့ရာ လည်း ဟိုတယ်ဆိုတာ လူအစုံ၊ လူမျိုး အစုံလာကြမှာဆိုတော့ ဒေသခံတွေက အဲဒါတွေ
တွေးမိပြီး သဘောမတူတာ တွေရှိနေတာပါ"ဟု ဥက္ကဋ္ဌဦးလှရှိန်က မြန်မာတိုင်း(မ်)သို့ ဆက်လက်
ရှင်းလင်း ပြောကြားခဲ့သည်။
ပထဝီအနေအထားအရလည်းကောင်း၊ နေရာအကွက်အကွင်း ကျန မှုကြောင့်လည်းကောင်း၊ ရှုခင်း
ရှုကွက် ကောင်းမွန်သောကြောင့်လည်းကောင်း မုတ္တမတောင်ကုန်းများကို စိတ်ဝင်စား သူ များပြား
လျက်ရှိပြီး ပြည်နယ်အစိုးရအနေဖြင့်လည်း ကမ်းခြေများ၊ ခရီးသွားဆွဲဆောင်နိုင်သော နေရာ များ
ကို ထပ်မံဖော်ထုတ်နိုင်ရန် ကြိုးစားလျက်ရှိကြောင်း ၎င်းတို့က ပြောသည်။















