ထိုင်းနိုင်ငံအခြေစိုက် နာမည်ကြီး ဘိလပ်မြေ ကုမ္ပဏီတစ်ခုဖြစ်သည့် SCG ကုမ္ပဏီက မြန်မာနိုင်ငံ
တွင် ဘိလပ်မြေစက်ရုံတည်ဆောက်ရန် စီစဉ်ထားလျက်ရှိပြီး အဆိုပါ ကုမ္ပဏီ ထုတ် အခြားပစ္စည်း
များ ဖြစ်သည့် ထုပ် ပိုး စက္ကူများနှင့် ပလတ်စတစ်ကုန်ပစ္စည်း များအား နယ်စပ်ကုန်သွယ်ရေးလမ်း
ကြောင်းမှ မြန်မာနိုင်ငံသို့ တင်သွင်းရောင်းချသွားရန်လည်း အစီအစဉ်ရှိ ကြောင်း ဩဂုတ်လ ၁၅
ရက်နေ့တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့၌ ကျင်းပ ခဲ့သည့် SCG နှစ် ၁၀၀ ပြည့် ကုန်စည်ပြပွဲတွင်
SCG ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် ဖြစ်သူ မစ္စတာကမ်ထရာကူဟွန်းက ပြောသည်။
"ကျွန်တော်တို့ ကုမ္ပဏီရဲ့ မြန်မာပြည်အတွက် အစီအစဉ်တွေကတော့ မြန်မာနိုင်ငံမှာ ဘိလပ်မြေ
စက်ရုံတည်ဆောက်ဖို့ အစီအစဉ်ရှိပါတယ်။ အဲ့ဒီစက်ရုံကိုတော့ မော်လမြိုင်မြို့မှာ တည်ဆောက်
သွားဖို့ စီစဉ်ထားပါတယ်။ နောက်ပြီး ကျွန်တော်တို့ကုမ္ပဏီထုတ် ထုပ်ပိုးစက္ကူတွေ၊ ပလတ်စတစ်
တွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းတွေ၊ အိမ်တွင်းအလှဆင်ပစ္စည်းတွေကိုလည်း မြန်မာ
ပြည်မှာ ဈေးကွက်ဖြန့်သွားဖို့ အစီအစဉ် ရှိပါတယ်။ အဲဒီပစ္စည်းတွေကိုတော့ ကျွန်တော်တို့ နယ်စပ်
ကုန်သွယ်ရေး လမ်းကြောင်းကနေ တင်သွင်းရောင်းချ သွားမှာပါ" ဟု ၎င်းကပြောသည်။
ဆက်လက်၍ SCG ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မစ္စတာ ကမ်သည် အဆိုပါ နှစ် ၁၀၀
ပြည့် ကုန်စည်ပြပွဲ၏ ပြည်ပသတင်းဌာန များနှင့်တွေ့ဆုံရှင်းလင်းပွဲတွင် မြန်မာ နိုင်ငံ၏ အိမ်ခြံမြေ
စီးပွားရေးနှင့်ပတ်သက်၍လည်း ၎င်း၏အမြင်အား ပြောပြခဲ့သည်။ "မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေက ဖွံ့
ဖြိုးတိုးတက်ပါတယ်။ ဒါပေမဲ့ အိမ်ခြံမြေဈေးတွေကတော့ အရမ်း မြင့်နေတယ်။ အဲဒီလို အရမ်းမြင့်
နေတော့ နိုင်ငံတကာက လာပြီး ရင်းနှီး မြှုပ်နှံမယ့် ကုမ္ပဏီတွေအနေနဲ့က အခက်အခဲတွေ တွေ့ရ
တယ်။ မြန်မာ ပြည်ကို လုပ်ငန်းတိုးချဲ့ဖို့အတွက်နဲ့ တခြားနိုင်ငံက အများကြီးလာဖို့ အခြေ အနေ
တွေ ရှိတယ်။ ဒါပေမဲ့ အိမ်ခြံမြေ ဈေးတွေက အရမ်းမြင့်နေတော့ သူတို့ တွေ လာရောက်မှုကို
အခက်အခဲဖြစ် စေတယ်လို့ ကျွန်တော်မြင်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် SCG ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံတွင် ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် နိုင်ငံတော်
အစိုးရ ထံတွင် ခွင့်ပြုချက်တောင်းထားပြီ ဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းတွင် အကောင်အထည်ဖော်
ဆောင်နိုင်ရန် ကြိုးစားလျက်ရှိကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူများက ပြောသည်။
"စက်ရုံတည်ဆောက်ဖို့နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ကျွန်တော်တို့တွေ လာဖို့အစီအစဉ်ရှိပါတယ်။
ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ရှေ့ဆက်ပြီး တိုးချဲ့ထုတ်လုပ်သွားမယ့် ဆောက်လုပ်ရေးဆိုင်ရာ
ပစ္စည်းတွေ၊ အိမ်တွင်းအလှဆင် ပစ္စည်းတွေကို မြန်မာနိုင်ငံမှာ ရောင်းချသွားနိုင်အောင် စီစဉ်ထား
ပါတယ်။ ရင်းနှီးမြှုပ်နှံငွေကို တော့ ကျွန်တော်တို့တွက်ချက်နေတုန်းပါ ပဲ"ဟု တာဝန်ရှိသူများက
ပြောသည်။
SCG ကုမ္ပဏီသည် ထိုင်းနိုင်ငံတွင် သက်တမ်းရှည် နာမည်ကြီး အမှတ်တံဆိပ်တစ်ခု ဖြစ်သည့်
အပြင် ထိုင်းနိုင်ငံ တော်ဝင်မိသားစု၏ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း ပါ၀င်ကြောင်းလည်း သိရသည်။
အဆိုပါ ကုမ္ပဏီက ဘိလပ်မြေ အဓိကထုတ်လုပ် ပြီး အခြားကုန်ပစ္စည်းများဖြစ်သည့် ထုပ်ပိုးစက္ကူ၊
ပလတ်စတစ်ပစ္စည်းများ၊ အိမ်တွင်း အလှဆင်ပစ္စည်းများ၊ ဆောက်လုပ်ရေးဆိုင်ရာ ပစ္စည်းများ ထုတ်
လုပ်လျက်ရှိသည်။
အဆိုပါ ကုမ္ပဏီက ကုန်ပစ္စည်းများကို ထိုင်းနိုင်ငံအပြင် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့်
မြန်မာနိုင်ငံသို့လည်းတင်ပို့ ရောင်းချလျက်ရှိကြောင်း သိရ သည်။ ထို့ပြင် SCG ကုမ္ပဏီ၏ နှစ်
၁၀၀ ပြည့် ကုန်စည်ပြပွဲအား ၎င်းတို့၏ ဖန်တီးတီထွင်ထားသည့် ဆောက်လုပ်ရေးလုပ်ငန်းတွင်
အသုံးပြုသည့် ပစ္စည်းသစ်များ၊ အိမ်တွင်းဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းများ နှင့် အနာဂတ်
တွင်ဖန်တီးရန် စီစဉ်ထားသည့် အိမ်ခြံမြေ ပုံစံငယ်များ အစ ရှိသည့် နောက်ဆုံးပေါ်တီထွင်ဆန်း
သစ်မှုများအား ခင်းကျင်းပြသခဲ့ပြီး အဆိုပါပစ္စည်းများအား ပြည်တွင်း ပြည်ပ ဈေးကွက်တွင် ရောင်း
ချ သွားနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း ပြပွဲမှ တာဝန်ရှိသူများက ပြောသည်။
"ကျွန်မတို့ SCG ကုမ္ပဏီကနေ ခေတ်မီနည်းပညာတွေကို အသုံးပြု ထားပြီး ဖန်တီးထားတဲ့ပစ္စည်း
တွေကို ဒီပြပွဲမှာ ပြသသွားမှာပါ။ ဒီဖန်တီးထားတဲ့ ပစ္စည်းတွေထဲက တချို့ကတော့ ကျွန်မတို့နိုင်ငံ
မှာ ရောင်းချထားပြီးဖြစ် ပါတယ်။ တချို့ကတော့ ဈေးကွက်ထဲ ကိုမရောက်သေးပါဘူး။ နောက်ပြီး
တခြားနိုင်ငံတွေကိုလည်း နောက်ပိုင်း မှာ ကျွန်မတို့ရဲ့ ပစ္စည်းဆန်းတွေကို ဈေးကွက် ရောက်လာနိုင်
အောင် ကြိုးစားသွားမှာပါ" ဟု ပြပွဲမှ တာဝန်ရှိသူ SCG ၀န်ထမ်းအမျိုးသမီး တစ်ဦးက ရှင်းပြခဲ့သည်။
















