အမျိုးသားဆောက်လုပ်ရေးဆိုင်ရာ စည်းမျဉ်းမူကြမ်း ရေးဆွဲပြီးစီး

အမျိုးသားဆောက်လုပ်ရေးဆိုင်ရာ စည်းမျဉ်းမူကြမ်း ရေးဆွဲပြီးစီး

ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ဦးဆောင်၍ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းက ပူးပေါင်းရေးဆွဲ
လျက် ရှိသည့် National Building Code မှာ ယခုအခါတွင် မူကြမ်းရေးဆွဲ ပြီးစီး ပြီဖြစ်ကြောင်း
သိရပြီး ယင်းပြဋ္ဌာန်း ချက်အား လာမည့် ၂၀၁၅ ခုနှစ်ကုန်ပိုင်း လောက်တွင် အပြီးအချောသတ်ပြု
လုပ်နိုင်ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း တာဝန်ရှိသူများ၏ ပြောကြား
ချက်အရ သိရသည်။

" National Building Code က မူကြမ်းထွက်သွားပါပြီ။ လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက ပြီး
သွားခဲ့ တာပါ။ ပြီးသွားတဲ့မူကြမ်းကိုတောင် စာအုပ်ထုတ်ထားပါသေးတယ်။ မြန်မာ နိုင်ငံအင်ဂျင်နီ
ယာအသင်းမှာ သွားပြီး လေ့လာလို့ရပါတယ်။ ကျွန်တော်တို့ အသင်းအနေနဲ့ ဒီမူကြမ်းထွက်သွား
တဲ့ အပေါ်မှာ အရမ်းကိုဝမ်းသာခဲ့ ပါတယ်။ အချောသတ်ပြီးဖို့ကိုလည်း ကြိုးစားနေပါတယ်။ အထူး
သဖြင့် ၂၀၁၅ ခုနှစ် မတိုင်ခင်မှာ အပြီးသတ်ရေးဖို့စီစဉ်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၅
ကျရင် နိုင်ငံတကာက ၀င်လာကြမှာဆိုတော့ အဲ့ဒီအချိန်ကျရင် ကိုယ့်ဆီမှာ ကိုယ့်နိုင်ငံကပိုင်တဲ့
National Building Code ပြနိုင်တော့ ကောင်းတာပေါ့" ဟု National Building Code ရေးဆွဲ
သည့်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဖိုးအေးက မြန်မာ တိုင်း(မ်)သို့ ပြောသည်။

ထို့ပြင် အဆိုပါပြဌာန်းချက်မှာ မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေး လုပ်ငန်းအတွက် အရေးပါသည့်
ပြဋ္ဌာန်းချက်တစ်ခု ဖြစ်လာနိုင်သည့်အပြင် အင်ဂျင်နီယာကောင်စီဥပဒေ နှင့်လည်း ဆက်စပ်လာနိုင်
ကြောင်း ၎င်းကပြောသည်။

"ဒီပြဋ္ဌာန်းချက်က အရင်တုန်းက မြန်မာနိုင်ငံမှာ မရှိတော့ လက်တွေ့ အပြင်မှာလုပ်နေကြတဲ့
ဆောက်လုပ် ရေးပိုင်းမှာ သိပ်ပြီးစနစ်တကျမရှိကြဘူးဖြစ်နေတာ တွေ့ရတယ်။ တကယ်လို့
ဒီပြဋ္ဌာန်းချက်တွေပြီး သွားရင်တော့ အားလုံးစနစ်တကျဖြစ်သွားမှာပါ။ တည်ဆောက်ရေးပိုင်းမှာ
အရည်အသွေးတွေ ကောင်းလာမယ်။ ပြဋ္ဌာန်းချက်တွေ ရှိတဲ့အတွက် ဆောက်လုပ်တဲ့သူတွေက
လည်း သာမန် ကာလျှံကာ မဆောက်လုပ်ကြတော့ဘူး ပေါ့။ နောက်ပြီးအခုရေးဆွဲပြီး ပြည်ထောင်
စုလွှတ်တော်ကို တင်ထားတဲ့ အင်ဂျင်နီယာ ကောင်စီဥပဒေတွေနဲ့လည်း ဆက်စပ်သွားဖို့ရှိတယ်လို့
ကျွန်တော်မြင်ပါတယ်" ဟု ၎င်းက ပြောသည်။

ထို့ပြင်အဆိုပါ National Building Code မူကြမ်းသည် ပထမအဆင့်ဖြစ် ပြီး နောက်ပိုင်းတွင် မြို့ရွာ
များထိ အသုံးပြုနိုင်မည့် Building Code အဆင့်ထိ ရေးဆွဲကာထုတ်လုပ်သွားဖို့ အစီအစဉ်ရှိ
ကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ ဥက္ကဋ္ဌဟောင်း ဖြစ်သူ ဦးသန်းမြင့်က ပြောသည်။

"အခုလောလောဆယ်တော့ မူကြမ်း စာအုပ်တော့ ထုတ်ထားတယ်။ လောလောဆယ်ဒါက တစ်
ဆင့်ပေါ့ နော်။ နောက်တစ်ဆင့်က မြို့ရွာ၊ ကျေးလက်တွေအထိ အသုံးပြုလို့ ရမယ့် ပြဋ္ဌာန်းချက်
တွေအထိ ထုတ် သွားဖို့ အစီအစဉ်ရှိတယ်။ အခုထုတ် ထားတဲ့မူကြမ်းကိုလည်း ပြင်ပကလူတွေရဲ့
ဝေဖန်မှုတွေ အကြံပေးမှု တွေ ရယူသွားဖို့ရှိတယ်။ အဲဒီနောက်မှာ မှ လိုအပ်တဲ့ဟာတွေရှိရင် ထပ်
ပြီး ထည့်သွင်းသွားမယ်။ မလိုအပ်တာတွေ ရှိရင် ဖြုတ်ပစ်မယ်ပေါ့"ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံတွင် မကြာခင်နှစ်အတွင်း National Building Code ထွက်ပေါ်လာနိုင်
မှုအပေါ် လူငယ်အင်ဂျင်နီယာများ အနေဖြင့်လည်း သဘောကျ လက်ခံကြောင်း ဆောက်လုပ်
ရေးအင်ဂျင် နီယာ တစ်ဦးဖြစ်သူ မသဲနုဆွေက ပြောသည်။ "ဒီလိုပြဋ္ဌာန်းချက်တွေရှိလာမယ်ဆို
ရင် အရမ်းကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုလက်တွေ့သုံးနေတာတွေက သိပ်အဆင်
မပြေပါဘူး။ အထူးသဖြင့် နိုင်ငံ တကာနဲ့ ယှဉ်လာတဲ့အခါမှာ အရမ်းကိုအခက်အခဲဖြစ်ပါတယ်။
လုပ်ငန်းဆိုင်ရာ အခေါ်အဝေါ်တွေကအစ အားလုံးက နိုင်ငံတကာနဲ့ယှဉ်ရင် အဆင်မပြေတာ
တွေကို လက်တွေ့ လုပ်တဲ့အခါမှာ အဆင်မပြေတာတွေ တွေ့ရပါတယ်" ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိသုံးစွဲလျက် ရှိသည့် ဆောက်လုပ်ရေးဆိုင်ရာ ပြဋ္ဌာန်းချက်များမှာ ကိုလိုနီ
ခေတ် လက်ထက်တွင်ပြဋ္ဌာန်း ရေးဆွဲခဲ့သည့် ဌာနဆိုင်ရာပြဋ္ဌာန်းချက်များဖြစ်ပြီး အဆိုပါပြဋ္ဌာန်း
ချက်များမှာလည်း ကောင်းမွန်ကြောင်း ၎င်းကပြောသည်။

သို့သော် နိုင်ငံတစ်ဝန်း နိုင်ငံတကာနှင့်ယှဉ်ပါက လိုအပ်ချက်ဖြစ်လာသည့် အတွက် National
Building Code အား အိမ်နီးချင်းနိုင်ငံများနှင့် ဖွံ့ဖြိုး တိုးတက်သော နိုင်ငံများမှ Building Code
များကိုလေ့လာကာ စုစည်းခဲ့ပြီး ပြည်တွင်းမှ ကျွမ်းကျင်သူများ နှင့် ပူးပေါင်းရေးဆွဲခဲ့ကြောင်း ၎င်း
က ပြောသည်။ အဆိုပါ National Building Code ရေးဆွဲမှုတွင် ပူးပေါင်းရေးဆွဲသည့်အဖွဲ့
(Technical Working Group) အဖွဲ့ဝင် ခုနစ်ဖွဲ့ပါ၀င်ကြောင်း သိရ သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်