ဒလတံတားစီမံကိန်းရပ်နေသော်လည်း မြေအရောင်းအဝယ် မရပ်

ဒလတံတားစီမံကိန်းရပ်နေသော်လည်း မြေအရောင်းအဝယ် မရပ်

ရန်ကုန်မြို့တစ်ဖက်ကမ်းတွင် တည်ရှိ သည့်ဒလမြို့နယ်၏ အိမ်ခြံမြေဈေး များမှာ ယခုနှစ်ပိုင်း
တွင်း ရန်ကုန်- ဒလ မြစ်ကူးတံတားစီမံကိန်းကြောင့် အဆမတန်တစ်ဟုန်ထိုးမြင့်တက်ခဲ့ပြီး
အဆိုပါ စီမံကိန်းမှာ ယခုအခါတွင် ရပ်တန့်သည့် အနေအထားမျိုးဖြစ်နေသော်လည်း ဒလမြို့၏
အိမ်ခြံမြေဈေးကွက်မှာ အရောင်းအဝယ်ကောင်းလျက်ရှိကြောင်းနှင့် ဈေးနှုန်းကျဆင်းမှုများလည်း
ပြန်လည်ငြိမ်သက်လာကြောင်း ဒလမြို့နယ်၏ ဒေသခံများနှင့် အိမ်ခြံမြေ အကျိုးဆောင်များက
စက်တင်ဘာလ တတိယပတ်တွင် မြန်မာတိုင်း(မ်)သို့ပြောသည်။

"ဒလမြို့ကို တံတားထိုးမယ် ဆိုတော့ ဒလမြို့ရဲ့ အိမ်ခြံမြေဈေးကွက်တွေက အဆမတန်ကိုတက်
သွားတယ်။ ဈေးတွေတက်သလို အရောင်းအဝယ်တွေလည်း တော်တော်ကောင်းတယ်။ရန်ကုန်က
လူတွေအများကြီး ဒီမှာဆင်း ၀ယ်ကြတယ်။ ဒါပေမဲ့ ဒီလလောက်ထဲမှာပဲ တံတားစီမံကိန်း လော
လောဆယ်မဖြစ်သေးဘူးဆိုတဲ့ သတင်းတွေလည်းထွက်လာရော အရောင်းအဝယ် တွေ နည်းနည်း
ပြန်အေးသွားပြီးတော့ ဈေးလည်း နည်းနည်းကျသွားတယ်။ ဒါပေမဲ့ အခုတော့ အရောင်းအဝယ်
လည်း ပြန်လိုက်လာပြီး ဈေးကျတာတွေလည်းပြန်ငြိမ်လာပြီ" ဟု ဒေသခံ အိမ်ခြံမြေပွဲစားလုပ်ကိုင်
သူ မသစ်သစ် ကပြောသည်။

ထို့ပြင် ဒလမြို့နယ်နေ ဒေသခံများ အနေဖြင့် ယခုကဲ့သို့ တံတားစီမံကိန်း ရပ်တန့်နေသော်လည်း
အိမ်ခြံမြေဝယ်လိုသူများမှာ ရပ်တန့်မသွားသည့်အတွက် ဒလမြို့နယ်အတွက် မြစ်ကူး တံတား
တည်ဆောက်ပေးမှုသည် အမှန်တကယ်ဖြစ်လာမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

"ကြေးမုံသတင်းစာထဲမှာ တံတားက မဆောက်ဖြစ်သေးဘူးလို့ ကြေညာ တော့ အရောင်းအဝယ်
တွေတော်တော် ငြိမ်သွားတယ်။ အခုကျွန်တော်တို့ဘက် မှာ သတင်းပြန်ရတာတော့ တံတားက
ဆောက်ဖြစ်မှာဆိုပြီး ဒီကပွဲစားတွေ လည်း ယောက်ယက်ခတ်သွားတယ် ရန်ကုန်က သူဌေးတွေ
လည်း တဖြည်းဖြည်း ပြန်ဆင်းလာပြီး အိမ်တွေမြေတွေ ပြန် လာဝယ်ကြတယ်။ ဧက ၁၀၀ ရှိရင်
၁၀၀ လုံး ၀ယ်ကြတယ်။ အဲဒီလို၀ယ် တယ်ဆိုကတည်းက တံတားစီမံကိန်း မရှိဘဲ ဘယ်သူမှ
၀ယ်မှာမဟုတ်ဘူး။ ကျွန်တော်တို့ထင်တာတော့ ဈေးတွေ ဟော့ဟော့ရမ်းရမ်းဖြစ်မှာဆိုးလို့
တံတားမထိုးတော့ဘူးဆိုပြီး ထိန်းလိုက် တာနေမှာပါ။ တံတားကတော့ ထိုးမှာ သေချာပါတယ်"
ဟု ဒလမြို့ပေါ်တွင် နေထိုင်သော အသက်သုံးဆယ်ကျော် ခန့်အရွယ်ရှိ ဒေသခံတစ်ဦးဖြစ်သူက
မြန်မာတိုင်း(မ်)ကို ပြောသည်။

အဆိုပါ မြစ်ကူးတံတား တည် ဆောက်ရေးအား လာမည့် ၂၀၁၄ ထိ တည်ဆောက်ဦးမည် မဟုတ်
သည့် သတင်းထွက်ပေါ်လာသည့်နောက်ပိုင်း တွင် ဒလမြို့နယ်သို့ ရန်ကုန်မြို့မှ အိမ်ခြံမြေဝယ်လို
သူများ တစ်နေ့လျှင် ပျှမ်းမျှဦးရေ ၂၀ ခန့်လာရောက်ကြည့်ရှု ကြောင်း ဒလမြို့နယ်မှ အလွတ်
အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ ကိုတင်ထွန်းဦးကပြောသည်။

"ဒလမှာအိမ်ခြံမြေဝယ်ချင် လို့ဆိုပြီး ရန်ကုန်ကနေ ဆင်းလာတဲ့ လူက တစ်နေ့ကို ပျှမ်းမျှ ၁၅
ယောက်ကနေ ၂၀ လောက်ရှိတယ်။ တံတားမဆောက် ဖြစ်သေးဘူးဆိုတဲ့ သတင်းထွက်ပြီးတဲ့
နောက်ပိုင်းမှာတော့ အိမ်ဈေးတွေတော့ နည်းနည်းကျသွားတယ် ဒါပေမဲ့ အခုရက်ထဲမှာ ဒလ
မှာမြေဈေးတွေ ကောင်းလာပြီး ၀ယ်တဲ့သူတွေလည်း များလာတယ်" ဟု ၎င်းကပြောသည်။

ဒလမြို့၏ အိမ်ခြံမြေဈေးသည် မြို့၏ အချက်အချာကျသော နေရာတွင် ရှိသည့် ကျန်စစ်သား
ရပ်ကွက်မှာ ဈေး အမြင့်ဆုံးဖြစ်ပြီး အဆိုပါရပ်ကွက်၏ လမ်းမကြီးဘေးတွင် တည်ရှိသော အိမ်
ဈေးများမှာ စတုရန်းပေ ၂,၅၀၀ အကျယ်ရှိသော အိမ်တစ်လုံးသည် ကျပ်သိန်း ၂,၅၀၀ နှင့် ၃,၀၀၀
ကြား တွင်ရှိပြီး အခြားရပ်ကွက်များရှိ အိမ်ဈေးများမှာ စတုရန်းပေ ၁,၂၀၀ လျှင် ကျပ်သိန်း ၄၀၀
နှင့် ၅၀၀ ခန့် ဈေးရှိခဲ့ပြီး အဆိုပါဈေးများမှာ လွန်ခဲ့ သည့် သုံးလေးလခန့်မှ စတင်ကာ မြင့် တက်
ခဲ့ကြောင်း ဒေသခံ အိမ်ခြံမြေ ပွဲစားများက ပြောသည်။

"ဒလက အိမ်ဈေးတွေကတော့ တံတားထိုးမယ်လို့ သတင်းတွေထွက် ပြီးကတည်းက တစ်ဟုန်ထိုး
ကိုတက် သွားတာ။ ဒလကအိမ်ဈေးတွေက ကမ္ဘာ ပေါ်မှာတောင် အမြင့်ဆုံးလို့ ပြောကြ တယ်။
ဘာဖြစ်လို့လဲဆိုတော့ အရင် တုန်းက ပေ ၅၀ ပတ်လည်ကျယ်တဲ့ (စတုရန်းပေ ၂,၅၀၀) အိမ်တစ်
လုံး ဆိုတာ ကျပ် သိန်းလေးငါးရာလောက်ပဲ ရှိတာ။ ပေ ၂၀၊ ၆၀ အိမ်တွေဆိုရင် ကျပ်သိန်းလေး
ငါးဆယ်လောက်က နေ ဒီဈေးတွေဖြစ်ကုန်တာ။ လုံးဝကို မထင်မှတ်တဲ့ဈေးတွေအထိမြင့်ကုန် တာ။
အခု တံတားမဆောက် တော့ဘူးဆိုတော့မှ ဈေးက နည်းနည်းပြန်ကျသွား တယ်။ ဒါတောင်
အဝယ်တွေက လိုက် နေတုန်း" ဟု မသစ်သစ်ကပြောသည်။

ဒလမြို့နယ်ရှိ လယ်မြေဈေးများမှာလည်း နှစ်လအတွင်းတွင် အဆ မတန် ဈေးမြင့်တက်မှုများဖြစ်
ပေါ်ပြီး အချို့သော လယ်မြေများသည် မြို့နှင့် ဝေးကွာသော်လည်း ၀ယ်ယူလိုမှုများပြားလျက်ရှိပြီး
ဈေးများမှာလည်း တစ်ဧကလျှင်ကျပ်သိန်းတစ်ထောင် အထက်တွင်ရှိကြောင်း ဒေသခံအိမ်ခြံမြေပွဲ
စားတစ်ဦးက ပြောသည်။

"ဒလမှာ လယ်မြေဈေးတွေလည်း အရမ်းကောင်းတယ်။ တချို့နေရာတွေ ဆိုရင် ၀ယ်လို့တောင်
မရတော့ဘူး။ နောက်ပြီးမြို့ကနေ ၁၂ မိုင်လောက်မှာ ရှိတဲ့ သပြေကုန်းရွာကကားလမ်းဘေး က
လယ်မြေတွေဆိုရင် တစ်ဧကကို ကျပ်သိန်း၁,၃၀၀ လောက်ဈေးတွေပေါက်နေတယ်။ အဲဒီမြေတွေ
က အရင် တုန်းက တစ်ဧက ကျပ်၁၀ သိန်းပေး ရင်တောင် ၀ယ်မယ့်သူမရှိတဲ့လယ်မြေ တွေအခု
လိုချင်တဲ့သူရှိတာတောင် ၀ယ် လို့မရတော့ဘူး" ဟု ၎င်းကပြောသည်။ ယခုကဲ့သို့ လအနည်းငယ်
အတွင်း ဒလမြို့နယ်ရှိ အိမ်ခြံမြေဈေးများမှာ မြင့်တက်ခဲ့မှုကြောင့် ဒေသခံအချို့ မှာ ကြီးပွားချမ်းသာ
ကာ အဆင်ပြေ တိုးတက်မှုများရှိပြီး အချို့ဒေသခံများ မှာမှု နေထိုင်ရေးအတွက်အခက်အခဲ များရှိ
ကြောင်း ဒလမြို့နယ်တွင် ကုန်စုံဆိုင်ဖွင့်ထားသည့် အသက် ၂၇ နှစ် အရွယ် မနီလာက ပြောသည်။

"တံတားထိုးတဲ့သတင်းကြောင့် ဒီက အိမ်ခြံမြေ ဈေးတွေ တက်ကုန်တာ တစ်ခုလည်းကောင်းတယ်။
တစ်ခုလည်း မကောင်းဘူးလို့ပြောလို့ရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တချို့က ကိုယ့် ရဲ့ကိုယ်ပိုင်
အိမ်ခြံမြေတွေရောင်းချပြီး ချမ်းသာပြီးတော့ ရန်ကုန်ကိုပြောင်း ပြီး နေနိုင်သွားကြတယ်။ ဒါပေမဲ့ ဒီ
ကသူများမြေ၊အိမ်ကိုငှားပြီး နေရတဲ့သူတွေကျတော့ သူတို့ရဲ့မြေပိုင်၊ အိမ် ပိုင်ရှင်တွေက ဈေးကောင်း
ရတော့ အကုန်ရောင်းပစ်တယ်။ အဲဒီတော့ ငှားနေတဲ့သူတွေက နေစရာမရှိတော့ဘဲ ဘယ်မှာငှား
နေရမှန်းမသိတဲ့အခြေအနေမျိုးတွေလည်း ကြံုရတယ်။ ကျွန်မ တို့မျက်စိရှေ့မှာတင် အဲလိုပြောင်း
လဲ ကုန်တာတွေကို မြင်နေရတယ်။ ဒါပေမဲ့ တံတားထိုးမယ်ဆိုရင်တော့ ဒလမြို့က ဒီထက်ပိုပြီး
တိုးတက်မှာပေါ့။ မထိုးဘူးဆိုရင်လည်း အဆင်ပြေနေတာပါပဲ။ ဒီလိုမျိုးနေလာတာလည်း ကြာနေ
ပြီဆိုတော့ ဘာမှတော့မဖြစ်ပါဘူး"ဟု ၎င်းကပြောသည်။

သို့သော် ဒလမြို့နယ်တွင် ကိုရီးယားနိုင်ငံ၏အကူအညီဖြင့် မြစ်ကူးတံတားတည်ဆောက်မည့်
သတင်းစကားပေါ်ထွက်ခဲ့သည့်နောက်ပိုင်းမှစကာ ဒလမြို့နယ်၏ လူနေရပ်ကွက်များဖွံ့ဖြိုး တိုး
တက်လာပြီး နိုင်ငံခြားခရီးသွား ဧည့်သည်များ၏ လာရောက်လည်ပတ်မှုများလည်း များပြား
လာကြောင်း ဒလဆိပ်ကမ်းတွင် ဆိုင်ကယ်အငှားပြေးဆွဲသူ ကိုအငယ်လေးက ပြောသည်။

"တံတားဆောက်မယ်ဆိုပြီး သတင်းတွေစထွက်ကတည်းက အိမ်ဈေးမြေဈေးတွေတက်သလို
ဟိုတယ်တွေလည်း ဆောက်လာကြတယ်။ နောက်ပြီး မြို့ပေါ်မှာလည်း စားသောက်ဆိုင် တွေ၊
တခြားအရောင်းဆိုင်တွေများ လာတယ်။ အိမ်တွေကိုလည်း လေးထပ် လောက်အထိ ဆောက်
လာကြတယ်။ နောက်ပြီး နိုင်ငံခြားသားတွေလည်း တော်တော်များများ လာပြီးလည်ကြတယ်။
အထူးသဖြင့် ကိုရီးယား လူမျိုးတွေလာလည်ကြတယ်" ဟု ၎င်းကပြောသည်။

ထို့ပြင် ဒလမြို့နယ်၏ ဒေသခံများ အနေဖြင့် ရန်ကုန်မြို့နှင့် ဒလမြို့နယ် မြစ်ကူးတံတား တည်
ဆောက်မှုကို များစွာ မျှော်လင့်ထားကြောင်းနှင့် တံတား အသေအချာ တည်ဆောက် ဖြစ်မည်
ဟု အချို့က ယုံကြည်ထား ကြကြောင်း ၎င်းကဆက်ပြောပြ သည်။

"ဒလမြို့က ရန်ကုန်နဲ့အနီးဆုံးမြို့ ဆိုတော့ တံတားဆောက်ပြီးသွားရင် အများကြီး တိုးတက်လာ
မှာလေ။ နောက်ပြီး သွားရေးလာရေးလည်း အခု ထက်အများကြီး လွယ်ကူသွားမှာဆိုတော့ အား
လုံးက တံတားဆောက်မှာ ကို မျှော်လင့်နေကြတယ်" ဟု ကိုအငယ်လေးက ပြောသည်။

ဒလမြို့နယ်သည် ရန်ကုန်မြို့၏ တောင်ဘက် ရန်ကုန်မြစ်ကမ်းဘေးတွင်တည်ရှိသော မြို့တစ်မြို့
ဖြစ်ပြီး ရပ်ကွက်ပေါင်း ၂၃ ခုဖြင့် ဖွဲ့စည်း တည်ဆောက်ထားကြောင်း သိရ သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်