နိုင်ငံတော်အစိုးရအနေဖြင့် အခွန်ပေး ဆောင်ရန်အတွက် ရန်ကုန်မြို့၏ တစ်ပေပတ်လည် မြေဈေး
စံနှုန်း များကို အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ အဆိုပါ စံနှုန်းအတိုင်း ပေးဆောင်ရန် စတင်
သတ်မှတ်ခဲ့ရာ အဆိုပါစံနှုန်းများသည် ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်အတွင်းရှိ ကာလ ပေါက်
ဈေးထက် လျော့နည်းလျက်ရှိသည့်အတွက် အခွန်ဆောင်သူများ အနေဖြင့် အဆင်ပြေနိုင်မည်ဖြစ်
ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)သို့ ပြောသည်။
"အခု ရန်ကုန်မြို့ရဲ့ တစ်ပေပတ်လည် မြေစံနှုန်းတွေ သတ်မှတ်ပြီးတဲ့ နောက်မှာ အဲဒီမြေဈေးနှုန်း
တွေက လက်ရှိရန်ကုန်မြို့ရဲ့ ကာလပေါက် ဈေးထက် နည်းနေတာကို တွေ့ရ ပါတယ်။ တချို့မြို့
ပေါ်က ရပ်ကွက်ကြီး တွေမှာဆိုရင်လည်း လက်ရှိပေါက် ဈေးထက် တန်ဖိုးနည်းနေတာကိုတွေ့ရ
ပါတယ်။ တန်ဖိုးနည်းသွားတယ် ဆို ကတည်းက ပြည်သူတွေအနေနဲ့ အဆင်ပြေမှာပါ။ ပြည်သူ
တွေလည်း ကျေနပ်ကြမှာပါ" ဟု ရန်ကုန်တိုင်း ဒေသကြီး ပြည်တွင်းအခွန်ဦးစီးဌာနမှ ဦးစီးမှူးဖြစ်
သူ ဦးကျော်ကျော်က ပြောသည်။
ယခုကဲ့သို့ ရန်ကုန်မြို့၏ မြေစံ နှုန်းဈေးများ လက်ရှိဈေးနှုန်းများ ထက် လျော့နည်းနေခြင်းသည်
နိုင်ငံတော်အနေဖြင့် ပြည်သူများ မြေအခွန် သုံးဆယ်ရာခိုင်နှုန်း ပေး ဆောင်ရာတွင် သက်သာစေ
ရန်အတွက် မြေတန်ဖိုးအား ကာလပေါက် ဈေးထက် လျော့ပေါ့ပေးခြင်းဖြစ်ကြောင်း ၎င်းကပြော
သည်။
"ပြည်သူတွေ အနေနဲ့ကလည်း လက်ရှိမြေဈေးနှုန်းတွေကလည်း များ နေသလို၊ အခွန်ကလည်း
သုံးဆယ် ရာခိုင်နှုန်း ပေးဆောင်ရတယ်ဆိုတော့ နှစ်ခုစလုံးက အရမ်းများနေတယ်ဆိုပြီး ပြည်သူ
တွေက ပြောပါတယ်။ အဲဒီလို နှစ်ခုစလုံးများနေတော့ ပြည်သူ တွေအတွက်လည်း အခွန်ဆောင်
နိုင် မယ့်အနေအထားမျိုးလေးဖြစ်အောင် သတ်မှတ်ပေးလိုက်မယ်ဆိုရင် ပြည်သူတွေလည်း သက်
သာသလို အခွန်ကိုလည်း မှန်မှန်ကန်ကန် ပေးဆောင်လာနိုင်ကြမယ်။ အခွန်က များနေမယ်ဆိုရင်
အခွန်ရှောင်ကြမှာပေါ့။ သူတို့အခွန်ရှောင်ရင် နိုင်ငံတော်လည်း အခွန်မရနိုင်ပါဘူး။ အဲဒါကြောင့်
အခုလို အခွန်ဆောင်ဖို့အတွက် မြေဈေးနှုန်းကို လျှော့ပေါ့သတ်မှတ် ပေးလိုက်တော့ အားလုံးအဆင်
ပြေကြမှာပါ" ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
မြန်မာနိုင်ငံ၏ မြေဈေးနှုန်းစံ များအား သတ်မှတ်နိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် ကာလတန်ဖိုး
စိစစ်သတ်မှတ်ရေးအဖွဲ့အား ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့က လက်ရှိမြေဈေးနှုန်း များကို လေ့လာကာ
တန်ဖိုးသတ်မှတ် ပေးခဲ့ပြီး အခွန်ဦးစီးဌာနက အဆိုပါသတ်မှတ်ချက်အတိုင်း မြေအခွန်ကောက်ခံ
သွားမည်ဖြစ်သည်။
အောက်တိုဘာ ၁ ရက်နေ့မှ စတင်ခါ အဆိုပါစံနှုန်းများအတိုင်း မြေဝယ်သူများထံမှ အခွန်များ
ကောက်ခံသွားမည်ဖြစ်သော်လည်း ရန်ကုန်မြို့၏ အိမ်ခြံမြေ ဈေးကွက်သည် ယင်းစံနှုန်းသတ်မှတ်
ချက်များကြောင့် မြေဈေးနှုန်းများ ကျဆင်းခြင်း၊ အရောင်းအဝယ်လျော့နည်းခြင်းများ မရှိကြောင်း
မြပန်းသခင် အိမ်ခြံမြေအကျိုးဆောင်မှ အကြီးတန်းအကျိုး ဆောင်ဖြစ်သူ ကိုမင်းမင်းစိုးက ပြော
သည်။
"ဒီစံနှုန်းသတ်မှတ်ပြီးတဲ့နောက် ပိုင်းမှာတော့ အိမ်ခြံမြေဈေးနှုန်းတွေ ကျသွားတာမျိုးတွေ မရှိပါဘူး။
အရောင်းအဝယ်လည်း ပုံမှန်သွားနေ ပါတယ်။ ဒီကိစ္စကြောင့် လောလောဆယ်တော့ အိမ်ခြံမြေ
ဈေးကွက် မပြောင်းလဲနိုင်ပါဘူး။ ဒါပေမဲ့ ဒီလိုသတ်မှတ်ချက်တွေ မထွက်ခင်မှာ တော့ နိုင်ငံတော်
က ဈေးတွေသတ်မှတ် ပေးမယ်ဆိုတဲ့ စကားတွေကြောင့် တော့ အရောင်းအဝယ်တွေအေးသွား
တာမျိုးတွေရှိပါတယ်။ တချို့နေရာမှာ မြေဈေး အိမ်ဈေးတွေ ကျသွားတာမျိုးတွေ ရှိပါတယ်။ ဒါပေ
မဲ့ အခုတော့ ပုံမှန်ပါပဲ"ဟု ၎င်းကပြောသည်။ ထို့ပြင် အစိုးရက သတ်မှတ်သည့် မြေစံနှုန်းများသည် လက်ရှိအိမ်ခြံ မြေဈေးကွက်တွင် ဈေးအမြင့်ဆုံး နေရာများ၌ပင် ဈေးများများစွာ သက်သာကြောင်း
၎င်းကဆက်ပြော သည်။
"အစိုးရက သတ်မှတ်ပေးတဲ့ ဈေးနှုန်းတွေက တော်တော်သင့်မြတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
ရန်ကုန် မြို့ရဲ့ ဈေးအမြင့်ဆုံးထဲမှာပါတဲ့ ပြည်လမ်းမက မြေဈေးကိုတောင် တစ်ပေပတ်လည်ကို
ကျပ်၂၇၅,၀၀၀ ပဲ သတ်မှတ် ပေးထားတယ်။ တကယ့်အပြင် က ပြည်လမ်းမပေါ်က မြေပေါက်
ဈေးတွေက တစ်ပေပတ်လည်ကို ကျပ် ၈၀၀,၀၀၀ ကနေ ၁၀ သိန်းကြားမှာရှိတယ်။ အဲဒါကြောင့်
ဒီလိုသတ်မှတ်ပေးတာ ကောင်းပါတယ်" ဟု ၎င်းကပြောသည်။ အစိုးက အခွန်ဆောင်ရန်အတွက်
မြေဈေးစံနှုန်းများ သတ်မှတ်ပေးသော်လည်း ရန်ကုန်မြို့၏အိမ်ခြံမြေ ဈေးကွက်တွင် ဈေးနှုန်းများ
ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း အိမ်ခြံမြေ လုပ်ငန်းလုပ်ဆောင်သူများက ပြောသည်။
ယခုကဲ့သို့ အခွန်ဆောင်ရန်အတွက် မြေဈေးစံနှုန်းများ လျော့နည်းသက်သာခြင်းကြောင့် အခွန်ဦးစီး
ဌာနအနေနှင့် လည်း ယခင်ထက်ပိုမိုကာ အခွန်များ ရရှိလာနိုင်ကြောင်း အခွန်ဦးစီးဌာနမှ တာဝန်
ရှိသူတစ်ဦးကပြောသည်။ "အခုလို အခွန်တွေ သက်သာသွားတဲ့အတွက် လူတိုင်းလိုလိုမြေဝယ်
ပြီးတဲ့နောက်မှာ အခွန်တွေဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အရင်တုန်း ကတော့ မြေဈေးနှုန်း
တွေ မြင့်သလို အခွန်နှုန်းကလည်း အခုလိုစံနှုန်းမရှိတော့ အခွန်နှုန်းတွေများတဲ့အခါမှာ ပြည်သူ
တွေအနေနဲ့ကလည်း အခွန် ရှောင်လာတွေ ရှိခဲ့ကြပါတယ်။ အခု တော့ အဲဒီလိုအခွန်ရှောင်တာ
တွေ လည်း လျော့နည်းသွားမယ်လို့ မျှော်လင့်ပါတယ်" ဟု ၎င်းကပြော သည်။















