ဆောက်လုပ်ခွင့်ပါမစ်များ ကြန့်ကြာအောင် လုပ်ဆောင်နေသည်ဆိုခြင်းကို စည်ပင်ငြင်းဆို

ဆောက်လုပ်ခွင့်ပါမစ်များ ကြန့်ကြာအောင် လုပ်ဆောင်နေသည်ဆိုခြင်းကို စည်ပင်ငြင်းဆို

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ ဆောက်လုပ်ခွင့်ဆိုင်
ရာပါမစ်အရေအတွက်ကို ၂၀၁၂ ကထက် ၂၀၁၃ တွင် ပိုမိုချထားပေးခဲ့ပြီး ထွက်ပေါ်နေ သော
သတင်းများအရဌာနမှပါမစ်များ ကြန့် ကြာအောင် လုပ်ဆောင်နေသည်ဆိုခြင်း မှာ မှန်ကန်မှု
မရှိကြောင်း ဌာနမှူး ဦးမောင်မောင် ဇော်က အောက်တိုဘာ ၂၉ ရက်တွင်မီဒီယာ များအား
တွေ့ဆုံရှင်းလင်းပြောကြားခဲ့သည်။

"ဒီနေ့မှာမီဒီယာတွေကို ခေါ်ယူတွေ့ဆုံရတဲ့အကြောင်းရင်းကတော့ အဆောက်အအုံ ဆောက်
လုပ်ခွင့်ပါမစ်ချထားပေးမှုနဲ့ ပတ်သက် ပြီး မီဒီယာကနေတစ်ဆင့် ပြည်သူတွေကိုသိစေ ချင်တဲ့
အတွက်ဖြစ်ပါတယ်၊ ရန်ကုန်မြို့မှာ မြို့နယ်ပေါင်း ၃၃ မြို့နယ်ရှိပြီး ဒီမြို့နယ်တွေ မှာရှိတဲ့ အထပ်
နိမ့်(သုံးထပ်ခွဲ)နဲ့ အထပ်မြင့် (လေးထပ်နှင့်အထက်) တွေရဲ့အသေးစားနဲ့ အကြီး စားပြင်ဆင်ခွင့်
တွေကိုဌာနက တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်၊ ပြောချင်တာက ဌာနအနေနဲ့ ဆောက်လုပ်
ခွင့်ပါမစ်ထုတ် ပေးတာ တွေမှာ ကြန့်ကြာရတဲ့အကြောင်းရင်းက ဌာန က ကြန့်ကြာအောင်လုပ်နေ
တာ မဟုတ်ဘဲ သက်ဆိုင်ရာ ဆောက်လုပ်ခွင့်ပါမစ်လာတင်တဲ့ သူတွေဘက်က စာရွက်စာတမ်း
မပြည့်စုံတာ တွေကြောင့် ပါမစ်တွေ ကြန့်ကြာနေရတာ ဖြစ် ပါတယ်။

"ဒါကြောင့်မို့လို့ အဆောက်အအုံဆောက် လုပ်ခွင့်ပါမစ်လျှောက်တဲ့အခါမှာ မြေပိုင်ဆိုင်မှု ခိုင်မာဖို့
က အလွန်အရေးကြီးပါတယ်၊ အထောက်အထားခိုင်မာအောင်တင်ပြနိုင်တဲ့ဆောက်လုပ်ခွင့်ပါမစ်
လာလျှောက်တဲ့သူတိုင်းအတွက် ဌာနက နှောင့်နှေးကြန့်ကြာမှုမရှိဘဲပါမစ်ကို အလွယ်တကူထုတ်
ပေးသွားမှာ ဖြစ်ပါတယ်"ဟု ဌာနမှူးက ပြောကြားခဲ့သည်။

အထပ်နိမ့်များအတွက် ဆောက်လုပ်ခွင့် ပါမစ်တင်ရာတွင် ၄၅ ရက်သာ အများဆုံးကြာ သည်ဟု
သိရပြီး အထပ်မြင့်များအတွက် ဆောက်လုပ်ခွင့်ပါမစ်အတွက် အချိန်ယူရချိန် မှာ အများဆုံး နှစ်
လခွဲမှ သုံးလအထိသာ ကြာသည်ဟုလည်း သိရှိရသည်။

ရန်ကုန်မြို့တော်စည်ပင်အဆောက်အအုံဌာနမှ ဆောက်လုပ်ခွင့်ပါမစ်များနှင့်ပတ်သက်၍သက်ဆိုင်
ရာပြည်သူများပိုမို သိရှိနားလည်သဘောပေါက်စေရန်နှင့် ဌာနမှဆောင်ရွက် ချက်များကို သိရှိစေ
ရန် သင်္ဃန်းကျွန်း၊ လှိုင်၊ မရမ်းကုန်းနှင့် တောင်ဥက္ကလာပမြို့နယ်များ တွင် စည်ပင်မှ သွားရောက်
ဆွေးနွေးဟောပြောခဲ့သည်ဟုလည်း သိရသည်။

၂၀၁၂ ခုနှစ်တွင် ရန်ကုန်မြို့တော်စည်ပင်၊ အဆောက်အအုံဌာနမှ အထပ်မြင့် ဆောက် လုပ်ခွင့်
ပါမစ်ပေါင်း ၂၉၄ ခုခွင့်ပြုခဲ့ပြီး အထပ် နိမ့် ဆောက်လုပ်ခွင့်ပါမစ်ပေါင်း ၂,၀၂၄ ခု ခွင့်ပြု ခဲ့သည်။

၂၀၁၃ ခုနှစ်၊ အောက်တိုဘာတွင် အထပ်မြင့် ဆောက်လုပ်ခွင့်ပါမစ်ပေါင်း ၅၅၈ ခု နှင့် အထပ်နိမ့်
ဆောက်လုပ်ခွင့်ပါမစ်ပေါင်း ၂,၉၄၇ ခု ခွင့်ပြုချပေးခဲ့ရာ ယခင်နှစ်ကထက်အရေအတွက် ပိုမိုများပြား
စွာ ချပေးခဲ့ကြောင်း လည်း ဌာနမှူးက ရှင်းလင်းပြောကြားခဲ့သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့်ပတ်သက်သည့် အချက်အလက်များကို ဌာန
၀က်ဘ်ဆိုက်ဖြစ်သည့် www.ycdc.com.mm တွင်ကြည့်ရှုနိုင်ပြီး လိုအပ်သည့်သတင်းအချက်
အလက်များကို ရယူနိုင်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်