ဒဂုံမြို့သစ်နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်များတွင် မြို့ပြတည်ဆောက် မှုများဖြင့် ပိုမိုစည်ကားဖွံ့ဖြိုးလာသည်ဟု ဒေသခံများပြော

ဒဂုံမြို့သစ်နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်များတွင် မြို့ပြတည်ဆောက် မှုများဖြင့် ပိုမိုစည်ကားဖွံ့ဖြိုးလာသည်ဟု ဒေသခံများပြော

လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်ခန့်ကတည်း က ရန်ကုန်မြို့ရဲ့ အရှေ့ပိုင်းနဲ့တောင်ပိုင်းတို့ မှာ
ဒဂုံမြို့သစ်ဆိုပြီး တည်ထောင်လာခဲ့တဲ့ အရှေ့ဒဂုံ၊ မြောက်ဒဂုံ၊ တောင်ဒဂုံနဲ့ ဒဂုံ ဆိပ်ကမ်းဆိုတဲ့
မြို့နယ်လေးမြို့နယ်ဟာ ရန်ကုန် မြို့တော်ကြီးရဲ့ လူဦးရေထူထပ်လာမှုတွေ၊ စီးပွားရေးတိုးတက်
လာမှုတွေနဲ့အတူ စည်ပင်ဖွံ့ဖြိုးလာမှုတွေတရိပ်ရိပ်တက်လာတာကို မျက်ဝါးထင်ထင် တွေ့မြင်
လာခဲ့ရပါပြီ။

အခုလိုဖွံ့ဖြိုးလာမှုတွေကြောင့် အဲဒီမြို့ နယ်တွေရဲ့ အိမ်ခြံမြေဈေးကွက်တွေကလည်း စိတ်ဝင်စား
ဖို့ ကောင်းလာပြီး မြိုကွက်ချဲ့ထွင် မှု တစ်ခုအနေနဲ့ စီးပွားရေးလုပ်ကွက်တွေ ကလည်း သိသိသာ
သာကို ချဲ့ထွင်လာခဲ့ပါ တယ်။ အဲဒါကြောင့် စားသောက်ဆိုင်ကြီး တွေ၊ စူပါမားကက်တွေနဲ့
ဟိုတယ်တွေ အထိပါ ဖွင့်လှစ်လာခဲ့ပါတယ်။ နောက်ပြီး လူနေမှု သိပ်သည်းတဲ့ ရန်ကုန်မြို့လယ်
ကောင်က နေထိုင်သူတွေကလည်း ဒဂုံမြို့နယ်တွေရဲ့ ကျယ်ဝန်တဲ့ဧရိယာတွေမှာ အေးအေး
ဆေးဆေး နေထိုင်လိုမှုတွေကြောင့် အသိုက်အဝန်းရွှေ့ပြောင်းလာမှုတွေ ကလည်း တဖြည်းဖြည်း
နဲ့ များလို့လာပါတယ်။

ဒီလိုအပြောင်းအလဲတွေ အပါအဝင် ရန်ကုန်မြို့တော်စည်ပင်သာယာရေး အနေနဲ့ကလည်း
ဒဂုံမြို့နယ်တွေထဲမှာ တိုးချဲ့စီမံကိန်းတွေ အများအပြားရှိတဲ့အတွက်ကြောင့်မို့ လာမယ့်နှစ်နှစ်
အတွင်းမှာ ဒီထက်မကစည်းကားလာ နိုင်မယ့် အကြောင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာ
ရေး ကော်မတီလက်အောက် ရှိ မြို့ပြစီမံကိန်းနှင့် မြေယာစီမံခန့်ခွဲရေး ဦးစီး ဌာနမှ ဒုတိယညွှန်
ကြားရေးမှူးဖြစ်သူ ဦးတိုး အောင်က ပြောပါတယ်။

"ဒဂုံမြို့နယ်တွေက နောက်ဆိုရင် ဒီထက်မက စည်ကားလာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆို တော့
ဒဂုံမြို့နယ်တွေအတွက် စီမံကိန်း တွေ အများကြီးရှိပါတယ်။ အထူးသဖြင့် ဒဂုံ ဆိပ်ကမ်းဘက်မှာ
ပိုများပါတယ်။ အိမ်ရာစီမံကိန်းတွေ၊ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းတွေ၊ စက်မှုဇုန်တွေ အများကြီးရှိ
ပါတယ်။ အခုအခြေအနေကလည်း အဲဒီဘက်တွေက ရန်ကုန်မြို့ထဲ နဲ့ယှဉ်ရင် မြို့စွန်ကျပေမယ့်
တော်တော် စည်ကားနေပါပြီ။ အဲဒါကြောင့် ဒီစီမံကိန်းတွေ ကလည်း နောက်နှစ်နှစ်လောက်မှာ
ပြီးမှာဆိုတော့ အဲဒီအချိန်ကျရင် မြို့ပြတစ်ခုအနေနဲ့ ဖွံ့ဖြိုး စည်ကားလာမှာပါ" လို့ ၎င်းက
ပြောပါတယ်။

အခုလို့ ရန်ကုန်မြို့ပြင်ဘက်မှာရှိတဲ့ ဒဂုံမြို့ နယ်တွေရဲ့ စည်ကားလာမှုဟာ ဒီနှစ်ပိုင်းထဲ မှာ
သိသာလာပြီး ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေ ဈေးကြီးမြင့်မှုတွေကနေ မြို့ထဲကနေ မြို့ပြင် ပြောင်းရွှေ့
နေထိုင်မှုကြောင့် အခုလို စည်ကားလာတဲ့အကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်း
မှ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဒေါ်မို့မို့အောင်က ပြောပါတယ်။

"မြောက်ဒဂုံတို့၊ အရှေ့ဒဂုံတို့ စည်ကားလာတယ်ဆိုတာ လူတွေပြောင်းရွှေ့တာ များလာလို့
စည်ကားလာတာပါ။ လူတွေကလည်း မြို့ထဲမှာ ကွန်ဒိုမီနီယံနဲ့ တိုက်ခန်းဈေးတွေမြင့်တဲ့အချိန်
မှာ ကွန်ဒိုဆိုရင် ကျပ်သိန်းတစ်ထောင်လောက် နဲ့ ရောင်းပြီး မြောက်ဒဂုံတို့၊ အရှေ့ဒဂုံတို့၊ ဒဂုံ
ဆိပ်ကမ်းတို့ဘက်မှာ ကျပ်သိန်းငါးရာလောက်နဲ့ အိမ်နဲ့ခြံနဲ့ အေးအေးဆေးဆေး နေလို့ရတဲ့ဆီ
တွေကို ပြောင်းကုန်ကျတာပေါ့။ အဲဒီတော့ ပိုတဲ့ပိုက်ဆံက လုပ်ငန်းမှာပဲဖြစ်ဖြစ်၊ ဘယ်မှာပဲဖြစ်
ဖြစ် ရင်းနှီးမြှုပ်နှံလို့ရတယ်။ မြို့ထဲမှာကျတော့ ကားပါကင်လုံလုံလောက်လောက်မရှိတာရယ်၊
လူနေသိပ်သည်းလို့ ကျပ်ကျပ်သိပ်သိပ်နေရတာထက်စာရင် မြို့နဲ့လည်း အရမ်းမဝေးတဲ့ နေရာ
မျိုးမှာ ပြောင်းနေတယ်ဆိုတာမဆန်းပါဘူး" ဟု ၎င်းက မြန်မာတိုင်း(မ်) ကိုပြောပါတယ်။


 

အဲဒီလို ပြောင်းရွှေ့နေထိုင်မှုတွေကြောင့် လည်း မြောက်ဒဂုံ၊ အရှေ့ဒဂုံစတဲ့ အချက်အချာ ကျတဲ့
လမ်းမတွေနဲ့ နေရာတွေမှာ အိမ်ခြံမြေ ဈေးတွေ မြင့်တက်လာပြီး အရောင်းအဝယ်တွေလည်း
ကောင်းလာတယ်လို့ ရွှေကံမြေအကျိုး ဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးခင်မောင်
အေးက ပြောပါတယ်။

"မြောက်ဒဂုံမြို့နယ်ဘက်တွေဆိုရင် အိမ်ခြံ မြေဈေးတွေ ကောင်းတယ်။ အရောင်းအဝယ်
ကလည်း မပြတ်ဘူး။ မြောက်ဒဂုံမြို့နယ်က လည်း ဗိုလ်မှူးဗထူးလမ်းမကြီးတို့၊ ပင်လုံလမ်းမကြီး
တို့လိုနေရာမျိုးတွေဆိုရင် အိမ်ခြံမြေဈေးတွေက ပေ ၄၀၊ ၃၀ ဆိုရင် ကျပ်သိန်း ၃,၀၀၀ ကျော်
၄,၀၀၀ လောက်ရှိတယ်။ မြောက်ဒဂုံမြို့နယ်ထဲက လမ်းအတွင်းပိုင်းတွေကတော့ ကျပ်သိန်း
၇၀၀ လောက်ကနေ သိန်း ၂၅၀ လောက်ထိရှိတယ်။ အတွင်းဘက်ရောက်ရင် ဈေးပိုနည်းတယ်"
လို့ ၎င်းကပြောပါတယ်။

ဒီလို ပြောင်းရွှေ့နေထိုင်မှုတွေနဲ့ အတူအိမ်ခြံမြေဈေးကွက် ကောင်းမွန်လာမှုတွေကြောင့် အဲဒီ
ဒေသတွေမှာ စီးပွားရေးလုပ်ငန်းတွေ ချဲ့ထွင်လာတာကလည်း သိသိသာသာ ပြောင်းလဲမှုတစ်
ရပ်ဖြစ်လာတယ်လို့ မြောက်ဒဂုံမြို့ နယ်မှာ ၁၅ နှစ်ခန့်နေထိုင်တဲ့ ဒေသခံတစ်ဦး ဖြစ်သူ ဦးအောင်
ကျော်ဦးက ပြောပါတယ်။

"ကျွန်တော်ဒီမှာ နေလာတာ ၁၅ နှစ်ကျော် ပါပြီ။ ဒီတစ်နှစ်နှစ်နှစ်အတွင်းမှာ မြို့က တော်တော်
သိသိသာသာ ပြောင်းလဲလာပါတယ်။ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း တွေကလည်း အများ
ကြီးပေါ်လာတယ်။ ပွဲစား လုပ်တဲ့သူတွေကလည်း အဆင်ပြေလာကြ တယ်။ နောက်ပိုပြီး
ကောင်းတာတစ်ခုကတော့ ကျွန်တော်တို့ မြောက်ဒဂုံမြို့နယ်မှာ ဘိုဘိုမင်းဟိုတယ်ဆိုပြီး
ပထမဦးဆုံး ဟိုတယ်ကြီးတစ်ခုဖွင့်လာပါတယ်။ ကမ္ဘောဇဘဏ်တွေလည်း မကြာခင်ကမှ
ဖွင့်လာပါတယ်" ဟု ဦးအောင် ကျော်ဦးက ဘိုဘိုမင်းဟိုတယ်မှာ လုံခြံရေးဝန်ထမ်းတာဝန်
ထမ်းဆောင်ရင်း မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ရန်ကုန်မြို့လယ်ကောင်မဟုတ်ဘဲ မြို့စွန်မြို့နယ်တွေမှာ ဟိုတယ်လုပ်ငန်းတွေ လုပ်ကိုင်လာ
ကြတာနဲ့ပတ်သက်ပြီးတော့ မြန်မာ နိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ တွဲဖက်အတွင်း
ရေးမှူးဖြစ်တဲ့ ဦးခင်အောင်ထွန်း က "နိုင်ငံခြားသားတွေရဲ့ ရ၀ ရာခိုင်နှုန်း က ရန်ကုန်ကိုလာ
ကြတယ်။ လမ်းပန်းဆက်သွယ်ရေးနဲ့ အခြေခံအဆောက်အအုံတွေသာ ဒီထက်ပိုပြီးကောင်း
မယ်ဆိုရင် မြို့နယ်တိုင်း လိုမှာ ဟိုတယ်တွေဖွင့်လာကြမှာပါ။ ခရီးသွား ဧည့်သည်တွေအတွက်
တည်းခိုနေထိုင်မှု လိုအပ်လာတာနဲ့အမျှ၊ ကုမ္ပဏီတွေ အလုပ် အကိုင်တွေ များပြားလာတာနဲ့
အမျှ အဲဒီလိုနေရာတိုင်းမှာ ဟိုတယ်ဆိုတာ ဖွင့်လာကြမှာပါပဲ"လို့ ပြောပါတယ်။

နောက်ပြီး မြောက်ဒဂုံမြို့နယ်လို နေရာတွေမှာ ဖွင့်တဲ့ဟိုတယ်တွေကလည်း မြို့လယ်ကောင်
မှာဖွင့်တဲ့ ဟိုတယ်တွေထက် မထင်ရှားရင်တောင် နိုင်ငံ ခြားသားဧည့်သည်တွေအနေနဲ့က
တာ့ ဆွဲဆောင်မှုတစ်ခုဖြစ်လာနိုင်တယ်လို့ ၎င်းကပြောပါတယ်။ အဲဒီလိုပဲ ဒဂုံဆိပ်ကမ်းမြို့နယ်
ဟာ လည်း ရန်ကုန်မြို့လယ်ရဲ့ အရှေ့ပိုင်းမှာတည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တဲ့
အတွက်ကြောင့် သွားလာရလွယ်ကူတာမို့ မြို့ပြစီမံကိန်း တွေ အမြောက်အမြားဖော်ဆောင်နေ
တဲ့ နေရာဖြစ်တဲ့အတွက် နေထိုင်မှု ကောင်းမွန်လာနိုင်မယ့် မြို့ဖြစ်နိုင်တဲ့အကြောင်း ဒေါ်မို့မို့အောင်
က ပြော ပါတယ်။

"ဒဂုံဆိပ်ကမ်းမြို့နယ်က မြို့ထဲနဲ့လည်း နီးတယ်။ တညင်တံတားအမှတ် (၁)နဲ့ အမှတ် (၂)
ကြားထဲမှာရှိတဲ့ အတွက်ကြောင့်မို့ သွားလာရလည်းလွယ်ကူတယ်။ လမ်းပန်းဆက်သွယ် ရေး
လည်း ကောင်းလာတယ်။ နောက် ပြီး အဲဒီမှာ အိမ်ရာစီမံကိန်းတွေ သုံးလေးခုလောက်ရှိတယ်။
ရတနာစီမံ ကိန်းဆိုရင် ၁၈ ထပ်ပါတဲ့ ၄၈ လုံး ဆောက်ဖို့ရှိတယ်။ ဈေး၊ ကျောင်း၊ ရှော့ပင်းမောလ်
အားလုံးပါတော့ မြို့ကလေးတစ်ခုလိုဖြစ်လာနိုင်တယ်။ အဲဒီဘက်ကိုလည်း ဒီနှစ်ပိုင်းအတွင်း မှာ
ပြောင်းရွှေ့လာတဲ့ သူတွေ များလာ ပြီး အိမ်ခြံမြေ အရောင်းအဝယ်တွေ လည်း သွက်လာတယ်။
ဒဂုံဆိပ်ကမ်းက နောက်ပိုင်းမှာ စည်ကားလာမယ့် နေရာတစ်ခုဖြစ်လာမှာပါ။ နောက်ပြီး အဲဒီမှာ
ရှိတဲ့ အိမ်ခြံမြေဈေးတွေကလည်း ဈေးအရမ်းမြင့်တဲ့အထဲ မပါသေးတော့ အခုချိန်မှာလည်း ၀ယ်
ထားမယ်ဆိုရင်နေလို့ကောင်းတဲ့ နေရာတစ်ခုပါ" လို့ ၎င်းကပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်