နိုင်ငံခြားသားများအတွက် ကွန်ဒိုမီနီယံ တိုက်ခန်းများ ပိုင်ဆိုင်နိုင်ရေး အခွင့်အလမ်းများရရှိအောင်
ဆောင်ရွက်ပေးခြင်းဖြင့် ကွန်ဒိုဥပဒေကြမ်းသည် အဆင့်မြင့်သည့် ဆောက်လုပ်ရေးနှင့် အိမ်ရာ
တည်ဆောက်ရေး လုပ်ငန်းဈေးကွက်ဖြစ်ပေါ်လာအောင် လမ်းညွှန် မှုပေးနိုင်ကြောင်း အိမ်ခြံမြေ
ကဏ္ဍ ကျွမ်းကျင်သူများက ပြောသည်။
နို၀င်ဘာလ ၁၀ ရက်နေ့က မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြခဲ့သည့် ကွန်ဒိုမီနီယံဥပဒေကြမ်းတွင်
နိုင်ငံခြားသားများသည် ကွန်ဒိုအဆောက် အအုံများ၏ ခြောက်လွှာနှင့်အထက် တိုက်ခန်းများကို
ပိုင်ဆိုင်ခွင့်ရရှိမည်ဖြစ်ကြောင်း ပါရှိသည်။ ထို့ပြင် နိုင်ငံခြားသားများသည် ခြောက်လွှာနှင့်အထက်
ကွန်ဒိုတိုက်ခန်း များအား အမြင့်ဆုံး ၄၀ ရာခိုင်နှုန်း အထိ ၀ယ်ယူခွင့်ရှိကြောင်း အဆိုပါကွန်ဒိုဥပဒေ
မူကြမ်းအပြည့်အစုံတွင် သတ်မှတ် ပြဋ္ဌာန်းထားသည်။
နိုင်ငံခြားသားများအတွက် အိမ်ရာပိုင်ဆိုင်မှုများကို ခွင့်ပြုပေးခြင်းဖြင့် အိမ်ရာဈေးကွက် အခြေအနေ
သည် ယခုထက် ပိုမိုအားကောင်း အသက်ဝင် လာမည်ဖြစ်ကြောင်း Capital Development၏
အထွေထွေမန်နေဂျာ ဦးစိုးသီဟလှိုင်က မြန်မာတိုင်း(မ်)ကို ပြောသည်။
"ဒီဥပဒေကြောင့် မြန်မာ့အိမ်ခြံမြေ ဈေးကွက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေ ပိုပြီးရလာနိုင်ပါတယ်။
ဒီအိမ်ခြံ မြေလုပ်ငန်းဟာ မြန်မာနိုင်ငံက အိမ်ပိုင်ရှင်တွေ အိမ်ဝယ်သူတွေအတွက် အကျိုးဖြစ်ထွန်း
စေမှာပါ။ မြန်မာနိုင်ငံရဲ့ အိမ်ရာဈေးကွက်မှာ နိုင်ငံခြားသားတွေဆီက အထိုက် အလျောက် စိတ်ဝင်
စားမှုတွေ ရရှိထားပြီးသားပါ။ အထူးသဖြင့် အိမ်နီးချင်း အာရှနိုင်ငံတွေကပါပဲ။ နောက်ပြီး ဒီဥပဒေ
အရ နိုင်ငံခြားသား အိမ်ရာပိုင်ဆိုင်မှုတွေကို ခွင့်ပြုပေးလိုက်တာ ကြောင့် မြန်မာ့အိမ်ရာဈေးကွက်
အတွင်း များပြားလှတဲ့ ငွေကြေးထည့်ဝင် မှုတွေ ရရှိလာအောင် ဖန်တီးပေးနိုင်ပါတော့မယ်"ဟု
၎င်းကပြောသည်။
Scipio Services ၏ အုပ်ချုပ်မှုဒါရိုက်တာ ဘရက်မေလာကလည်း မြန်မာနိုင်ငံ၏ ကွန်ဒိုမီနီယံ
ဈေးကွက်သို့ ၀င်ရောက်ရန် စိတ်ဝင်စားနေသည့် နိုင်ငံခြားသားများ ရှိနေပြီးသား ဖြစ်ကြောင်း ပြော
သည်။
"အခု ကျွန်တော်တို့ဆီမှာ မြန်မာ့ အိမ်ခြံမြေဈေးကွက်ကို စိတ်ဝင်စားနေ ကြတဲ့ နိုင်ငံခြားအဖွဲ့အစည်း
၃၆၉ ဖွဲ့ ရှိနေပါတယ်။ ဒီစာရင်းအရ ရည်ရွယ် ထားတဲ့စီမံကိန်းတွေ၊ တည်ဆောက် တော့မယ့် စီမံ
ကိန်းတွေကို ဒီလို စိတ်ဝင်စားနေတဲ့ နိုင်ငံခြားအဖွဲ့ အစည်းအတွေကို အသိပေးပြောကြား နိုင်တော့
မှာဖြစ်တာကြောင့် ရင်းနှီး မြှုပ်နှံဖို့အတွက် ကြိုရောင်းတိုက်ခန်း တွေကို သူတို့စဉ်းစားနိုင်တယ်လေ"
ဟု မစ္စတာမေလာက ပြောသည်။
ယခုကဲ့သို့ မြန်မာအိမ်ရာများအား နိုင်ငံခြားသားပိုင်ဆိုင်မှုအတွက် ၁၀၀ ရာခိုင်နှုန်းရရှိနိုင်အောင်
ဆောင်ရွက်ပေးခြင်းမှာ အစိုးရ၏ ပထမဆုံးအကြိမ်ခွင့်ပြုချက်ပင် ဖြစ်သည်။
"နိုင်ငံခြားသားပိုင်ဆိုင်မှုဆိုတဲ့အချက်ဟာ မြန်မာနိုင်ငံအိမ်ခြံမြေဈေးကွက်ကို ကောင်းမွန်တဲ့အကျိုး
သက်ရောက်မှုတွေ ပေးနိုင်မယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆောက်လုပ်ရေးလုပ်ငန်း
တွေဟာ နိုင်ငံခြားသားဝယ်သူတွေ ရရှိဖို့ အတွက် အရည်အသွေးကောင်းမွန်တဲ့ ဆောက်လုပ်မှု
တွေနဲ့ အိမ်ရာစီမံကိန်းတွေအတွက် ကောင်းမွန်တဲ့စီမံခန့်ခွဲမှု တွေကိုရည်ရွယ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ
လုပ်ကြတော့မှာမို့လို့ပါ"ဟု မစ္စတာ မေလာက ပြောသည်။
Pronto Real Estate ၏ အုပ်ချုပ် မှုဒါရိုက်တာ ဦးရော်ဘင်စောနိုင်က လည်း ကွန်ဒိုတိုက်ခန်းများ
အတွက် နိုင်ငံခြားသားပိုင်ဆိုင်မှုများအား ခွင့်ပြုပေးခြင်းဖြင့် ဆောက်လုပ်ဆဲ အရည်အသွေးမြင့်
အနာဂတ်လူနေတိုက်ခန်းများ တိုးပွားလာအောင် အထောက်အကူဖြစ်စေကြောင်းပြောသည်။
သို့သော် ထို့သို အဆင့်မြင့် တိုက်ခန်းများအား ဈေးကွက်အတွင်း မြင့်တွေ့နိုင်ရန်မှာ အချိန်ကြာဦး
မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ "ကုမ္ပဏီကြီးတွေကို ကိုယ်စားပြုဆောင်ရွက်နေကြတဲ့ နိုင်ငံ
ခြားသားတချို့ဟာ ငှားရမ်းခပေးရတာထက် ကွန်ဒိုတွေဝယ်ဖို့ကို စိတ်ဝင်စားနေကြ ပါတယ်။
ဒါပေမဲ့ ကွန်ဒိုတိုက်ခန်းတွေရဲ့ အရည်အသွေးနဲ့ ဈေးနှုန်းဟာ တကယ် တော့ ကျေနပ်စရာ မကောင်း
ပါဘူး။ တစ်ခန်းကို အမေရိကန်ဒေါ်လာ သန်းတစ်ဝက်လောက် တန်ကြေးရှိတဲ့ အရည်အသွေးမြင့်
ကွန်ဒိုတိုက်တွေ ဟာ အခုမှဆောက်လုပ်နေဆဲ အခြေ အနေမှာပဲရှိပါသေးတယ်။ ရေရှည်မှာ ဆိုရင်
တော့ နိုင်ငံခြားသားပိုင်ဆိုင်မှုကြောင့် အငှားဈေးကွက်မှာ ထိခိုက်မှု ရှိနိုင်ပါတယ်။ ဒါပေမဲ့ အခုတော့
မဖြစ် နိုင်သေးပါဘူး"ဟု ဦးရော်ဘင်စောနိုင် က ပြောသည်။
အဆိုပါကွန်ဒိုမီနီယံဥပဒေကြမ်းတွင် Building Code သို့မဟုတ် ကွန်ဒိုမီနီယံ ဆောက်လုပ်သူတို့
အတွက် သတ်မှတ် ပြဋ္ဌာန်းထားသည့် ဆောက်လုပ်ရေး စံချိန်စံညွှန်းများ မပါသည့်အပြင် ကား
ရပ်နားရန်နေရာ၊ ဓာတ်လှေကား နှင့် အများပြည်သူအပန်းဖြေနေရာ၊ သို့မဟုတ် ၀န်ဆောင်မှုကဏ္ဍ
များကို လည်း သတ်မှတ်ပြဋ္ဌာန်းထားခြင်း မရှိပေ။
ကွန်ဒိုမီနီယံဥပဒေကြမ်းကို ၂၀၁၂ ခုနှစ်၊ နို၀င်ဘာလက ပြည်သူ့ လွှတ်တော်တွင် ပထမဆုံးအဆိုပြု
တင်သွင်းခဲ့သည်။
ထိုအချိန်က အိမ်ခြံ မြေဈေးကွက်လေ့လာသူများက ယင်း ဥပဒေသည် ကွန်ဒိုတိုက်ခန်းများ၏ မြင့်မား
လွန်းလှသော အငှားဈေးနှင့် ရောင်းဈေးများကို တည်ငြိမ်အောင် ဆောင်ရွက်ပေးနိုင်မည်ဟု မျှော်လင့်
ထားကြောင်း ပြောကြားခဲ့ကြသည်။
အချို့တိုက်ခန်းများ၏ ဈေးနှုန်းများ သည် နှစ်အလိုက် သုံးဆကျော်အထိ မြင့်တက်လျက်ရှိသည်။
ကွန်ဒိုဥပဒေကြမ်းတွင် ကွန်ဒိုမီနီယံ အဆောက်အအုံများအား လူနေရပ်ဝန်း အတွင်းရှိ မြေကွက်
များတွင်သာ ဆောက်လုပ်ရမည်ဖြစ်ပြီး မြေကွက် အကျယ်မှာ အနည်းဆုံးတစ်ဧက ရှိရ မည်ဖြစ်
ကြောင်း ဖော်ပြပါရှိသည်။
မြေကွက်ငယ်များသည် ကွန်ဒိုမီနီယံ ဆောက်လုပ်ရေးလုပ်ငန်းများ မစတင် မီ ဆောက်လုပ်ရေးဝန်
ကြီးဌာန၏ ခွင့်ပြုချက်အား အရင်ဆုံးဖော်ပြပေး ရန် လိုအပ်သည်ဟု အဆိုပါကွန်ဒိုဥပဒေကြမ်းတွင်
ဖေါ်ပြပါရှိသည်။
Scipio Servicesမှ မစ္စတာမေလာ က တစ်ဧကဆိုသည့် သတ်မှတ်ချက်မှာ ကွန်ဒိုအဆောက်
အအုံအသစ်များ၏ ဆောက်လုပ်ရေးဈေးကွက်ကို ကြီးကြီး မားမား အကျိုးသက်ရောက်နိုင်မည့် အလားအလာများရှိသော်လည်း မြေကွက်အသေးများတွင် ဆောက်လုပ် မည့် ကွန်ဒိုလုပ်ငန်းများ
အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ခွင့်ပြုချက်လျှောက်ထားရမည့် လုပ်ငန်း စဉ်၏ သဘော
သဘာဝနှင့်ပတ်သက် ၍ ထည့်သွင်းစဉ်းစားရမည့် အချက်များစွာရှိကြောင်း ပြောသည်။
"ခွင့်ပြုချက်လျှောက်ထားမှု လုပ်ငန်းစဉ်ဟာ ရှင်းလင်းမှုမရှိဘဲ ရှုပ်ထွေး နေမယ် အချိန်ကြာနေမယ်
ဆိုရင် နိုင်ငံခြားဆောက်လုပ်ရေးလုပ်ငန်းတွေဟာ သူတို့ရဲ့ အိမ်ရာစီမံကိန်းတွေ ကို ဈေးကွက်ထဲ
မြန်မြန်ရောက်စေ ချင်တဲ့အတွက် ဒီလိုမျိုး ခွင့်ပြုချက်လျှောက်ထားမှုလုပ်ငန်းစဉ်အားလုံးကို ရှောင်
ရှားနိုင်အောင် ကြိုးစားလာကြလိမ့်မယ်"ဟု ၎င်းက ပြောသည်။
"လူနေဧရိယာအတွင်း အဓိက လမ်းမကြီးတွေပေါ်က တစ်ဧကကျယ်တဲ့ မြေကွက်တွေကို ရှာဖို့ဆို
တာ မလွယ် ပါဘူး။ တစ်နည်းအားဖြင့် ဒီလိုအရည်အသွေးပြည့်မီတဲ့ မြေကွက်တွေဟာ မြေပိုင်ရှင်
အနည်းငယ်ရဲ့ လက်ထဲမှာသာရှိပြီး မြေတန်ဖိုးကိုလည်း ခေါင်ခိုက် နေအောင်ဈေးခေါ်ကြမှာပဲ"ဟု
မစ္စတာ မေလာက ပြောသည်။
ယင်းကွန်ဒိုဥပဒေကြမ်းတွင် ကွန်ဒို အဆောက်အအုံများအား စီမံခန့်ခန့်ခွဲ ခြင်းနှင့် ထိန်းသိမ်းပြုပြင်
ခြင်းတို့ကို ကြီးကြပ်ဆောင်ရွက်ရန်အတွက် အဆောက်အအုံ စီမံခန့်ခွဲမှုကော်မတီ များ ဖွဲ့စည်းတည်
ထောင်ခြင်းနှင့် ၎င်းတို့၏လုပ်ငန်းဆောင်ရွက်မှုများကို လည်း ဖော်ပြထားသည်။
အကယ်၍ ဆောက်လုပ်ပြီး ကွန်ဒိုအဆောက် အအုံတစ်ခုတွင် ၅၀ ရာခိုင်နှုန်းကျော် လူနေထိုင်မှုရှိ
လျှင် ၎င်းစီမံခန့်ခွဲမှု ကော်မတီသည် နေထိုင်သူများ၏အစည်းအဝေးရလဒ်အရ ဖွဲ့စည်းတည်ထောင်
ရမည်ဖြစ်ကြောင်း ပါရှိသည်။ အကယ်၍ လူနေထိုင်မှု ၅၀ ရာခိုင် နှုန်းအောက်ရှိသော ကွန်ဒိုအဆောက်
အအုံအတွက်ဆိုလျှင် နေရာချထားရေး ဌာနမှ အဆိုပါအဆောက်အအုံ အတွက် ထိန်းသိမ်းကြီးကြပ်
ရေး ကော်မတီတစ်ရပ်ကို တာဝန်ချထား ပေးရမည်ဖြစ်သည်။
အဆိုပါကွန်ဒိုဥပဒေတွင် ကွန်ဒို အဆောက်အအုံများ သို့မဟုတ် သီးသန့်တိုက်ခန်းများ၏ အရွယ်
အစား၊ အမြင့်တို့နှင့်ပတ်သက်ပြီး သတ်မှတ် ပြဋ္ဌာန်းခြင်းများ မပါရှိပေ။ အိမ်ရာ ကဏ္ဍကျွမ်းကျင်
သူများက ကွန်ဒိုဥပဒေ တွင်ပါရှိသော ကန့်သတ်ချက် အမြောက်အမြားကြောင့် လာမည့် ကာလ
များအတွင်း ရင်းနှီးမြှုပ်နှံသူများ အား အဟန့်အတားဖြစ်စေနိုင်ကြောင်း ပြောသည်။
အိမ်ခြံမြေအကျိုးတော်ဆောင်များ က ကွန်ဒိုတိုက်ခန်းများအတွက် အငှား ဈေးနှုန်းမြင့်မားနေသည့်
အချက်သည် နိုင်ငံခြားသားများ အများအပြား ၀င်ရောက်လာခြင်းကြောင့် ဖြစ်နိုင်ကြောင်း
ပြောသည်။
ဇာဇာစိုး ဘာသာပြန်သည်။
















