ဂျပန်တရုတ်ဖက်စပ် လုပ်ငန်းဖြစ်သော Myanmar Nissenken အထည်စစ်စက်ရုံသစ်ကို
ရွှေလင်ပန်းစက်မှုဇုန် အတွင်း ပြီးခဲ့သည့်လကုန်ပိုင်းက ဖွင့် လှစ်ခဲ့ပြီး ပိတ်စ၊ ဆေးဆိုးများ၏အရည်
အသွေး စိစစ်မည့်စက်ရုံများကို ထပ်မံတိုးချဲ့ဖွင့်လှစ်ရန် စီစဉ်နေကြောင်း စက်ရုံတာဝန်ရှိသူက
ပြောသည်။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များ လုပ်ဆောင်လာပြီးနောက်ပိုင်း စတင်၍ ပြည်ပမှချုပ်ထည်
အော်ဒါများ ပိုမိုများပြားစွာ ၀င်ရောက် လာခဲ့ရာ ယခု နှစ်အတွင်း ပိုမိုသိသာစွားတိုးတက် လာခဲ့
သော မြန်မာနိုင်ငံ၏ အထည်ချုပ် လုပ်ငန်းမှာ နောက်ပိုင်းကာလများ တွင်လည်း ဆက်လက်တိုး
တက်လာနိုင် ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။
"အခုဖွင့်လှစ်လိုက်တဲ့ စက်ရုံအသစ် မှာ လက်ရှိအဓိကထားပြီး လုပ်သွား မယ့် အလုပ်တွေကတော့
အဝတ်နဲ့ အိတ်တွေစစ်ဆေးတဲ့ လုပ်ငန်းပါ။ ဒီစက်ရုံက စစ်ပြီးသားပစ္စည်းတွေကို လည်း ဂျပန်ကိုပဲ
ရာနှုန်းပြည့်ပြန်ပြီး တင်ပို့သွားမှာပါ။ အခုအလုပ်ကလည်း တခြားအထည်ချုပ်လုပ်ငန်းတွေကနေ
ချုပ်တဲ့ အထည်တွေကို ပြန်လည်စစ်ဆေးပေးတာပါ" ဟု Myanmar Nissenken ၏ ဥက္ကဋ္ဌ
Mr. Satoshi Otake က ပြောသည်။
မြန်မာနိုင်ငံသို့ ၀င်ရောက်လာသည့် ပြည်ပရင်းနှီးမြှုပ်နှံမှုများအနက် အထည် ချုပ်လုပ်ငန်းမှာ အစိုး
ရ၏ပြုပြင်ပြောင်း လဲရေးများကြောင့် အရင်းအနှီးပမာဏ အများဆုံး ၀င်ရောက်လာသည့် လုပ် ငန်း
ဖြစ်သည်နှင့်အမျှ ထုတ်ကုန် အရည်အသွေး ပိုမိုမြင့်မားစေရန် နိုင်ငံတကာအဆင့်မီသည့် အရည်
အ သွေးများဖြစ်လာအောင် စိစစ်ပေး နိုင်ရန်လိုအပ်လာသကဲ့သို့ အများဆုံး ရင်းနှီးမြှုပ်နှံမှုများ
ပြုလုပ်လျက်ရှိသည့် ဂျပန်နှင့် ကိုရီးယားနိုင်ငံများ၏ ထုတ် ကုန်အရည်အသွေးပိုင်းဆိုင်ရာ တင်း
ကျပ်မှုကြောင့် အထည်စစ်စက်ရုံများ ပိုမိုလိုအပ်လာကြောင်း အထည် ချုပ်လုပ်ငန်းရှင်များက
ပြောသည်။
"အခုကစပြီး ဂျပန်နဲ့ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံတကာမှ ချည်မျှင် အထည်အလိပ်နဲ့ ပတ်သက်
တဲ့လုပ်ငန်း တွေက မြန်မာနိုင်ငံကို အမြောက် အမြား ၀င်လာတော့မှာပါ။ မြန်မာနိုင်ငံ မှာ ထုတ်
လုပ်မယ့်ပစ္စည်းတွေရဲ့ အရည် အသွေး မြင့်မားမှုကလည်း လိုအပ်လာ မှာ အသေအချာပါပဲ။ တင်း
ကျပ်တဲ့ နိုင်ငံတကာ စံချိန်စံညွှန်းတွေကို အခြေပြုပြီး အရည်အသွေးကို အာမခံနိုင်မှုက အရေးကြီး
လာမှာ ဖြစ်တယ်"ဟုNis-senken Quality Evaluation Center ကိုတည်ထောင်ခဲ့သူ
Mr.Komada က ပြောသည်။
"ကျွန်တော်တို့ရဲ့လုပ်ငန်းက အဓိ က အရည်အသွေးပိုင်းနဲ့ဆိုင်တဲ့ပြဿ နာတွေရှိတော့ အခုလိုမျိုး
အထည်စစ်စက်ရုံတွေ တည်ထောင်ပြီး စနစ်တကျ ညွှန်ကြား ပြသပေးသွားမယ်ဆိုရင် လက်ရှိ
အခက်အခဲတွေကို ဖြေရှင်း ပြီးသား ဖြစ်သွားမှာပါ။ အခု ကျွန်တော်တို့ရဲ့ရင်းနှီးမြှုပ်နှံမှုပမာဏ က
အမေရိကန်ဒေါ်လာ ၅၄၀,၀၀၀ ပါ။ လာမယ့်ကာလတွေထဲမှာလည်း နောက်ထပ် ဒေါ်လာနှစ်သန်း
လောက် ထပ်ပြီး ရင်းနှီးမြှုပ်နှံဖို့ ရှိပါသေးတယ်။ အခုတော့ အထည်စစ်တဲ့လုပ်ငန်းပဲ ရှိပါသေးတယ်။
နောက်ထပ် ပိတ်စနဲ့ ဆေးဆိုးတာတွေကို စစ်ဆေးတာတွေအတွက် ထပ်မံရင်းနှီးမြှုပ်နှံသွားမှာပါ။
အခုက အထည်ချုပ်စက်ရုံတွေက ချုပ်ပြီးသားကုန်ချောတွေကိုပဲ စစ်ဆေးဖို့ပါ" ဟု Mr.Otake က
ပြောသည်။လက်ရှိမြန်မာနိုင်ငံတွင် အထည်စစ်စက်ရုံပေါင်းမှာ ဆယ်ဂဏန်းသာရှိပြီး အများစုမှာ
ဂျပန်အစုစပ်လုပ်ငန်းများ ဖြစ်ကြောင်း ၎င်းက ပြောသည်။















