ရန်ကုန်ဆိပ်ကမ်းစီမံကိန်း နိုင်ငံတကာအဆင့်မီရန် အချိန်ယူရဦးမည်

ရန်ကုန်ဆိပ်ကမ်းစီမံကိန်း နိုင်ငံတကာအဆင့်မီရန် အချိန်ယူရဦးမည်

ကိုနီခေတ် ရှေးဟောင်းအဆောက်အဦ များစွာရှိသည့် ရန်ကုန်မြို့တော်ကြီးအား ထိန်းသိမ်း
စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု များ ပြုလုပ်လျက်ရှိသည့် Greater Yangon စီမံကိန်း
များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ရန်ကုန်ဆိပ်ကမ်း အထူးစီမံကိန်း (Port Master Plan)
များအတွက် အထူးစီမံကိန်းများလည်းရှိရာ ယခုအခါတွင် ယင်းစီမံကိန်းများတွင် အထပ်မြင့်
အဆောက်အအုံများ တည်ဆောက်မှု နှင့်ပတ်သက်ပြီး သတ်မှတ်ချက်များရှိနေသည့်အတွက်
ကြန့်ကြာနေဦးမည် ဖြစ်သည်။

"ရန်ကုန်ဆိပ်ကမ်း အထူးစီမံကိန်းနဲ့ ပတ်သက်ပြီး စီမံကိန်းအားလုံးရေးဆွဲပြီးလို့ ဗိုလ်တထောင်
ဆိပ်ကမ်းကိုတောင် စပြီး အကောင်အထည်ဖော်နေပါပြီ။ အဲဒီစီမံကိန်း ရေးဆွဲထားတာတွေ
အားလုံးကိုလည်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီကို တင်ပြထားပြီးပါပြီ။

နောက်ပိုင်းမှ အဆောက်အအုံဇုန်သတ်မှတ်ချက်နဲ့ ဒီစီမံကိန်းမှာပါတဲ့ အဆောက်အအုံတွေကို
ပြန်ပြီးပြင်ဆင်ဖို့ တင်ပြ လာပါတယ်။ ဒါကြောင့် လောလောဆယ်က ပြန်လည်ညှိနှိုင်းမှုတွေ
လုပ်နေတုန်းပါ"ဟု ပြည်တွင်းရေကြောင်းလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးထိန်ဝင်းက
ပြောသည်။

အဆိုပါ ရန်ကုန်ဆိပ်ကမ်း အထူးစီမံကိန်းအတွက် ပြီးခဲ့သည့်နှစ်တွင် ပို့ဆောင်ရေးဝန်ကြီး ဌာန၏
လမ်းညွှန်မှုဖြင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က စတင်ရေးဆွဲခဲ့ပြီး ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ
တွင် ရန်ကုန်ဆိပ်ကမ်းအား နိုင်ငံတကာ အဆင့်မီဆိပ်ကမ်းအဖြစ် ပြုလုပ်ခွင့် ကိုနိုင်ငံတော်အစိုးရ
က ခွင့်ပြုခဲ့သည်။

"ရန်ကုန်ဆိပ်ကမ်းကြီးက ကုန်တင်ကုန်ချ တွေများလာတော့ ဆိပ်ကမ်းတိုးချဲ့မှုတွေက မဖြစ်မနေ
ပြုလုပ်ရမယ့် အစီအစဉ်ထဲမှာပါလာ ပါတယ်။ ရန်ကုန်မြို့တော်ဝန်ရေးဆွဲထား တဲ့ Greater
Yangon ထဲမှာလည်း တစ်စိတ် တစ်ပိုင်းပါ၀င်နေပါတယ်"ဟု ရန်ကုန်တိုင်း ဒေသကြီးအစိုးရ
အဖွဲ့၏ ပို့ဆောင်ရေး ၀န်ကြီးဖြစ်သူ ဦးဉာဏ်ထွန်းအောင်က ပြောသည်။

အဆိုပါ ရန်ကုန်ဆိပ်ကမ်း အထူးစီမံကိန်း တည်ဆောက်မှုတွင် အထပ်မြင့်အဆောက်အအုံ
တည်ဆောက်မှုအား ကန့်ကွက်မှုနှင့် ပတ်သက် ၍ တိကျသည့်အကြောင်းရင်းများအား ရှင်း
လင်းရန်အတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက မြန်မာ့ဆိပ်ကမ်း အာ
ဏာပိုင်နှင့် ဆွေးနွေးပွဲပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောသည်။

ထို့ပြင် ရန်ကုန်ဆိပ်ကမ်းနယ်မြေသည် ရန်ကုန်မြို့တွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်သတ်မှတ်သည့်
ဇုန်နှင့်လည်း ဆက်စပ်လျက်ရှိ ပြီး ယင်းဆိပ်ကမ်းတစ်လျှောက်တွင် နှစ်ထပ် ထက်မပိုသည့်
အဆောက်အအုံများသာ တည် ဆောက်သင့်ကြောင်း ပညာရှင်များက သုံးသပ် ပြောကြားသည်။

"ကျွန်တော့်အနေနဲ့ကတော့ ရန်ကုန်မြို့ လယ်ကောင်မှာရှိတဲ့ ထိန်းသိမ်းစောင့်ရှောက် သင့်တဲ့
ယဉ်ကျေးမှုအမွေအနှစ်ဇုန်ထဲမှာ ပါနေတာဆိုတော့ သူတို့ရဲ့ရှေ့တည့်တည့်မှာ အထပ်မြင့်
အဆောက်အအုံတွေ မရှိစေချင် ပါဘူး။ ကျွန်တော်က အထပ်မြင့်အဆောက် အအုံကို မဆောက်
ရဘူးလို့ မပြောပါဘူး။ အထပ်မြင့်အဆောက်အအုံတွေ ဆောက်လို့ ရမယ့်နေရာတွေ ရန်ကုန်မှာ
ရှိပါသေးတယ်"ဟု ရန်ကုန်ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေး ကော်မတီမှ စီမံကိန်းမန်နေဂျာ
ဖြစ်သူ ကိုကြံတိုင်းအောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ထို့ပြင် ပန်းဆိုးတန်း ဆိပ်ကမ်းဧရိယာ အတွင်း၌လည်း ကိုလိုနီခေတ်အဆောက် အအုံအချို့ရှိသည့်
အတွက် ယင်းဆိပ်ကမ်းဧရိယာတွင် အထပ်မြင့်အဆောက်အအုံများ တည်ဆောက်ပါက
ရှေးဟောင်းအဆောက်အအုံများနှင့် ရွှေတိဂုံဘုရားမြင်ကွင်းကိုပါ ပိတ်ဆို့နိုင်သဖြင့် အဆိုပါနေရာ
တွင် တည်ဆောက် ရန် ပြုလုပ်ထားသည့် အထပ်မြင့်များအား မဆောက်လုပ်ရန် ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီက ကန့်ကွက်ထားသည်။ သို့သော် ယင်းဒေသတစ်ဝိုက်တွင် ပြုလုပ်
ရန်စီစဉ်ထားသည့် စီမံကိန်းအချို့အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ပြည်တွင်း ပြည်ပကုမ္ပဏီ
များအား တင်ဒါခေါ်ယူပြီးဖြစ်ကာ ယခုအခါတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီတို့က အဆိုပါကုမ္ပဏီများနှင့် ပြန်လည် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်
ရမည် ဖြစ်သည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် ရန်ကုန် ဆိပ်ကမ်းကြီးအား နိုင်ငံတကာအဆင့်မီဆိပ်ကမ်း ဖြစ်စေ
ရန်အတွက် ဆိပ်ကမ်းနေရာတွင် အထပ်မြင့်အဆောက်အအုံများ ၊ စီးပွားရေးစင်တာများ ၊ဈေးဝယ်
စင်တာများ၊ အဆင့်မြင့် ဆိပ်ခံတံတားများ၊ အဆင့်မြင့်ပြည်တွင်း ဆိပ်ကမ်း များ၊ ဟိုတယ်များနှင့်
ရေပေါ်ဟိုတယ်ဇုန်များ အား လမ်းမတော်၊ ဆူးလေ၊ ပန်းဆိုးတန်းနှင့် ဗိုလ်တထောင်ဆိပ်ကမ်း နေ
ရာများတွင် ပြုလုပ် သွားမည် ဖြစ်သည်။ လက်ရှိရန်ကုန်ဆိပ်ကမ်းကြီးတွင် အပြည်ပြည် ဆိုင်ရာ
ဆိပ်ခံတံတား ၁၈ စင်းရှိပြီး တည်ဆောက် ဆဲဆိပ်ခံတံတားမှာ ခုနစ်စင်း ရှိသည်။

ထို့ပြင် ထပ်မံတည်ဆောက်ရန်လျာထားသည့် ဆိပ်ခံတံတား ခုနစ်စင်းရှိသည့်အတွက် အားလုံးပြီး
စီးပါက စုစုပေါင်း ၃၂ စင်းရှိလာမည် ဖြစ်သည်။ ရန်ကုန်ဆိပ်ကမ်း၏ ကုန်သွယ်မှုပမာဏမှာလည်း
လွန်ခဲ့သည့် ၁၀ နှစ်ကာလဖြစ် သည့် ၂၀၀၃ ၀၄ ဘဏ္ဍာနှစ်က ပို့ကုန်သွင်းကုန် ပမာဏမှာ ကိုးသန်း
ခန့်ရှိရာမှ ယခုဘဏ္ဍာနှစ် ဖြစ်သည့် ၂၀၁၂ ၁၃ တွင် ၂၄ သန်းကျော် ထိရှိလာကာ ကုန်သေတ္တာ
ထားရှိနိုင်မှုမှာ လည်း ၁၇၀,၀၀၀ ခန့်မှ ၄၀၀,၀၀၀ ကျော်ထိ တိုးလာခဲ့သည်။ ရန်ကုန်ဆိပ်ကမ်းကြီး
သည် မြန်မာနိုင်ငံ၏သွင်းကုန်ပို့ကုန် ရ၀ ရာခိုင်နှုန်း ခန့်ထိ ကိုင်တွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်