ဟောင်ကောင်အခြေစိုက် ရှန်ဂရီလာဟိုတယ် လုပ်ငန်းစုမှ ရန်ကုန်မြို့ ကန်တော်ကြီး နံဘေး
တွင်ဖွင့်လှစ်မည့် ကြယ်ငါးပွင့်အဆင့်ရှိ ဒုတိယမြောက် Lakeside Shangri -La ဟိုတယ် စီမံ
ကိန်းအတွက် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၁၅ သန်း ရင်းနှီးမြှုပ်နှံသွားမည်ဟု အဆိုပါ
လုပ်ငန်းစုဒါရိုက်တာက ပြောသည်။
"အခန်းပေါင်း ၃၅၀ ပါ၀င်မယ့် ဒီဟိုတယ်စီမံကိန်းအတွက် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၁၅
သန်း ရင်းနှီးမြှုပ်နှံသွားမှာပါ" ဟု Shangri-La Yangon Co., Ltd မှ ဒါရိုက်တာ တစ်ဦးဖြစ်သူ
Madam Kuok Koon Kwong က ပြောသည်။
Lakeside Shangri-La ဟိုတယ်ဟု အမည် ရသည့် အဆိုပါဟိုတယ် ပန္နက်တင်ပွဲအခမ်းအနား
ကို ယခုလ ၈ ရက်နေ့က ကျင်းပခဲ့ သည်။ ဟိုတယ်၏ တည်ဆောက်ရေး လုပ်ငန်း များကို
လာမည့်သုံးနှစ်အတွင်း ပြီးစီးရန်လျာထား ပြီး ၂၀၁၇ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် မျှော်မှန်းထား
ကြောင်း ၎င်းက ပြောသည်။
အဆိုပါ ဟိုတယ်တွင် စားသောက်ဆိုင် သုံးဆိုင်၊ အဖျော်ယမကာဆိုင် နှစ်ဆိုင်နှင့် အစည်းအဝေး
ခန်းမ၊ ကျန်းမာရေးကလပ်များ နှင့် ပြင်ပရေကူးကန်တို့ ပါ၀င်မည်ဖြစ်သည်။
"Shangri-La Residences ရဲ့ လူနေ တိုက်ခန်းတွေ၊ ရုံးခန်းတွေ၊ လက်လီဆိုင်တွေ ပါ၀င်တဲ့
တာဝါနှစ်ခုကို ၁၉၉၄ ၉၅ မှာ ဆောက်လုပ်ခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် ကြန့်ကြာသွား
ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က ပြန်လည်ဆောက်လုပ်နိုင်ခဲ့ပြီး ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။ အခု
ဟိုတယ်က ဒုတိယအဆင့်ပါ" ဟု Madam Kuok Koon Kwong က ပြောသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် ကလည်း
မြန်မာနိုင်ငံသို့ ခရီးသွားအများ အပြားဝင်ရောက်လာနေသည့်အတွက် အခန်း လိုအပ်ချိန်တွင်
ပေါ်ထွက်လာမည့် Lakeside Shangri-La ဟိုတယ်အတွက် ရင်းနှီးမြှုပ်နှံမှုမှာ အကျိုးရှိမည်ဟု
ယုံကြည်ကြောင်း ပြောသည်။
"၂၀၁၁ ခုနှစ်ကစပြီး မြန်မာနိုင်ငံဟာ ကမ္ဘာနဲ့ အဝန်း လူသိများလာပြီး ခရီးသွားဧည့်သည်တွေ
လည်း အများအပြားလာရောက်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်၊ နို၀င်ဘာလမှာ ဧည့်သည် ၀င်ရောက်
လာနှုန်းဟာ ၈၂ ရာခိုင်နှုန်း တိုးတက်လာပြီဖြစ်ပါတယ်။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ
ဖြစ်တဲ့ Emerald Rose Garden Hotel နဲ့ Center Point Tower တွေအပြင် ပြည်တွင်းရင်းနှီး
မြှုပ်နှံမှုတွေဖြစ်တဲ့ Emerald Taw Win Garden နဲ့ Novotel အစရှိတဲ့ ဟိုတယ်တွေဟာလည်း
၂၀၁၄ ခုနှစ် ပထမလေးလမှာ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်" ဟု ၀န်ကြီးက ပြောသည်။
ရန်ကုန်မြို့တွင် ဟိုတယ်နှင့် တည်းခိုခန်းပေါင်း ၂၀၀ ကျော်ရှိပြီး အခန်းပေါင်း ၉,၀၀၀ ရှိသော်
လည်း ကမ္ဘာလှည့် ခရီးသွားများ အများအပြား ၀င်ရောက်လာသည်နှင့်အမျှ အခန်းလိုအပ်ချက်
မှာ ရှိနေဆဲဖြစ်သည်။
















