အထပ်မြင့်ဆောက်လုပ်ခွင့်ရဇုန်တွင်၊အိမ်ရာမြေဈေး မြင့်တက်နိုင်

အထပ်မြင့်ဆောက်လုပ်ခွင့်ရဇုန်တွင်၊အိမ်ရာမြေဈေး မြင့်တက်နိုင်

ရန်ကုန်မြို့တော် စည်ပင်သာယာကော်မတီမှ မြို့တော်ဖွံ့ဖြိုးသာယာမှုထိန်းသိမ်းရန်ရည်ရွယ်
ချက်ဖြင့် ရန်ကုန်မြို့တွင်းတွင် မြို့မြေအသုံးချမှု ဇုန်များ သက်မှတ်ရန်စီစဉ်ခဲ့သည့်အတွက် အိမ်ခြံ
မြေ ဈေးနှုန်းများ လှုပ်ခတ်သွားခဲ့ပြီး အဆိုပါ သတ်မှတ်ဇုန်များတွင် အထပ်မြင့်အဆောက် အအုံ
ဇုန်များလည်း ပါ၀င်သည့်အတွက် ယင်း နေရာများတွင် အိမ်ရာမြေဈေးနှုန်းများ မြင့်တက်လာနိုင်
ကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းက ပြောသည်။

"ရန်ကုန်မြို့မှာ ဇုန် ၁၁ ဇုန် ခွဲခြားသတ်မှတ်မယ်ဆိုလို့ အခု အိမ်ခြံမြေဈေးတွေ နည်းနည်းလှုပ်ခတ်
သွားတယ်။ အထပ်မြင့်ဆောက်လုပ် မယ့်သူတွေက မြေနေရာကျယ်တွေကို လိုက် ၀ယ်နေရာ
ကနေ ဇုန်တွေသတ်မှတ်မယ် ကြား တော့ ချက်ချင်းမဝယ်တော့ဘဲနဲ့ စောင့်ကြည့်တဲ့ အနေအထား
ဖြစ်သွားတယ်"ဟု စိုင်းခွန်နောင်အိမ်ခြံ မြေအကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးရန်အောင်က
ပြောသည်။

ထို့ပြင် အထပ်မြင့်ဆောက်လုပ်ခွင့်ရမည့်နေရာများတွင် အိမ်ခြံမြေဈေးများ မြင့်ပြီးဖြစ် သဖြင့်
ဈေးနှုန်းထပ်မတက်နိုင်သော်လည်း အိမ်ခြံမြေဈေး နိမ့်ကျလျက်ရှိသော နေရာများ တွင် သိသိ
သာသာဈေးတက်လာနိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။

"ဒဂုံနဲ့ သန်လျင်မြို့နယ်တွေလို ဧရိယာအကျယ် တွေရှိတဲ့နေရာတွေမှာ အခြေခံအဆောက်အအုံ
တွေဖွံ့ဖြိုးဖို့လိုသလို အထပ်မြင့်တွေလည်း ဖွံဖြိုးဖို့လိုတယ်။ အဲဒီလို အကောင်အထည်ဖော်
ပေးနိုင်ရင်တော့ အိမ်ခြံမြေဈေးတွေ မျှတသွား နိုင်တယ်လို့ ထင်ပါတယ်။ အထပ်မြင့်အဆောက် အအုံ ဆောက်လုပ်ရင်ရတဲ့နေရာက မြေဈေး ကောင်းပြီးသား နေရာမျိုးဆိုရင်တော့ ဈေး အပြောင်း
အလဲက မသိသာပေမယ့် မြေဈေး သိပ်မရှိတဲ့နေရာမျိုးမှာဆိုရင် ၀ယ်လိုအားတွေ ကြောင့် တစ်ဟုန်
ထိုး မြင့်တက်သွားနိုင်တယ်။ ဇုန်သတ်မှတ်တာက ရန်ကုန်မြို့ကို ချဲ့မယ်ဆိုတဲ့ သဘောဖြစ်နိုင်တဲ့
အတွက် မြို့ပြစီမံကိန်း တွေကို အကောင်အထည်ဖော်မယ်ဆိုရင် ဖွံ့ဖြိုး တိုးတက်မှုက ပိုကောင်း
လာနိုင်ပါတယ်"ဟု ဦးရန်အောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ခွဲခြားသတ်မှတ်လိုက်သည့် ၁၁ ဇုန်တွင် တစ်ခု ချင်းအတွက်ရရှိမည့် မြေနေရာအကျယ်အဝန်း
ပေါ်မူတည်ကာ မြေဈေးနှုန်းများ ကွာခြားသွား နိုင်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှု
အသင်းဗဟိုမှ အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောသည်။

"ဇုန်တစ်ခုအတွက် သတ်မှတ်ပေးမယ့် မြေအကျယ်အဝန်းက အိမ်ခြံမြေဈေးနှုန်းကို ကွာခြား
သွားနိုင်တယ်။ ဥပမာ ဪ စီးပွားရေးဇုန်အတွက် သတ်မှတ်ပေးတဲ့ မြေအကျယ်က နည်းနေပြီး
စီးပွားရေးလုပ်မယ့်သူက များနေရင် မြေဈေးတက်နိုင်တယ်"ဟု ဒေါ်မို့မို့အောင်က ပြောသည်။

ယင်းကဲ့သို့ အထပ်မြင့်အဆောက်အအုံဆောက်လုပ်ခွင့်ရရှိနိုင်မည့် မြို့ပြင်ဒေသများ ဖြစ်သည့်
ဒဂုံမြို့သစ် မြို့နယ်များနှင့် သန်လျင် မြို့နယ်တို့တွင်မူ အိမ်ခြံမြေဈေးနှုန်းများမှာ ဆက်လက်မြင့်
တက်နိုင်ပြီး အဆိုပါမြို့နယ်များ မှာ ၂၀၁၅ ခုနှစ်ထိ အိမ်ခြံမြေဈေးကွက် ကောင်းမွန်နိုင်ကြောင်း
၎င်းက ပြောသည်။

သို့သော် ယခုလက်ရှိရန်ကုန်မြို့၏ အိမ်ခြံမြေ ဈေးကွက်တွင် အိမ်ရာမြေဝယ်လိုအားထက် ကွန်ဒို
တိုက်ခန်းဝယ်လိုအားနှင့် ငှားလိုအားမှာ ပိုမိုကောင်းမွန်လျက်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်
များက ပြောသည်။

"ရန်ကုန်မြို့အနေနဲ့ကတော့ ကွန်ဒိုနဲ့ တိုက်ခန်း တွေရဲ့ လိုအပ်ချက်က ဆက်ပြီးရှိနေဦးမှာပါ။
ဘာဖြစ်လို့လဲဆိုတော့ အခုဈေးကွက်ထဲမှာက မြေတို့ အိမ်တို့ ၀ယ်တာထက် ကွန်ဒိုနဲ့ တိုက်ခန်း
တွေကို ၀ယ်တာနဲ့ ငှားတာက ပိုများတယ်။ နောက်ပြီး နိုင်ငံခြားသားတွေရဲ့ ငှားရမ်းနှုန်း ကလည်း
များလာတယ်။ အဲဒါကြောင့် အထပ်မြင့် ဆောက်လို့ရတဲ့ နေရာတွေမှာ ဈေးတွေမြင့် လာနိုင်ပါ
တယ်။ ဒါပေမဲ့ အချိန်အကြာကြီးတော့ ဆက်တိုက်မမြင့်နိုင်ပါဘူး"ဟု Estate Myanmar အိမ်ခြံ
မြေ အကျိုးဆောင်လုပ်ငန်းမှ မနွယ်နီဝင်းက ပြောသည်။


 

ထို့ပြင် ယင်းကဲ့သို့အထပ်မြင့်အဆောက်အအုံများအား မြို့ပြင်ဧရိယာတွင် ဆောက်လုပ် ခွင့်ပေးခြင်း
ကြောင့် မြို့ပြင်ဧရိယာများသည် မြို့တွင်းဧရိယာများကဲ့သို့ စည်ကားလာနိုင်ပြီး လူနေမှုအဆင့်
အတန်းများပါ မြင့်မားသွားနိုင်ကြောင်း ရွှေကံမြေအိမ်ခြံမြေ အကျိုးဆောင်မှ ဦးခင်မောင်အေးက
ပြောသည်။

"မြို့ပြင်ဧရိယာတွေကို အထပ်မြင့်တည်ဆောက်ခွင့်ပေးတာကြောင့် အဲဒီနေရာတွေမှာ အိမ်ခြံမြေ
ဈေးက ၂၀ ရာခိုင်နှုန်းထိ ပိုတက်သွား နိုင်တယ်။ ပဲခူးနားတစ်ဝိုက်ထိ အိမ်ခြံမြေဈေး တွေ မြင့်
သွားနိုင်တယ်။ ဒီစီမံကိန်း တကယ် အကောင်အထည် ပေါ်လာတဲ့အချိန် ရောက် ရင် အိမ်ခြံမြေ
ဈေးက ပြန်လည်တည်ငြိမ်သွား နိုင်တယ်" ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မြို့ပြမြေအသုံးချမှုဇုန်များ ၁၁ ခု အား ရန်ကုန်
မြို့တွင်းမြို့နယ် ၁၈ မြို့နယ်တွင် သတ်မှတ်ရန်အတွက် နိုင်ငံတော်အစိုးရသို့ အဆိုပြုတင်သွင်း
ထားပြီး ဖြစ်သည်။ မြို့မြေအသုံးချမှု ဇုန် ၁၁ ခုမှာ ဆိတ်ငြိမ်ရပ်ကွက်၊ သို့မဟုတ် လူနေသိပ်သည်း
မှုနည်းသည့် လူနေရပ်ကွက်ဇုန်၊ လူနေသိပ်သည်းမှုအသင့်အတင့်ရှိသည့် လူနေရပ်ကွက်ဇုန်၊
လူနေသိပ် သည်းမှုများသည့် လူနေရပ်ကွက်ဇုန်၊ မြို့မြေအသုံးချမှု မျိုးစုံရောနှောပါ၀င်နိုင်သည့်ဇုန်၊
ကုန်သွယ်မှုနှင့် စီးပွားရေးဇုန်၊ စက်မှုနှင့် ကုန်လှောင်ရုံများဇုန်၊ ဆိပ်ကမ်းနှင့် ဆိပ်ကမ်းဆက်စပ်ဝန်
ဆောင်မှုများဇုန်၊ စိမ်းလန်းမြေနှင့် ရေပြင် များဇုန်၊ အစိုးရ၊ အဖွဲ့အစည်းနှင့် အခြေခံအဆောက်
အအုံများဇုန်၊ မြို့ပြ အမွေအနှစ်များ ထိန်းသိမ်းမှုဇုန်နှင့် ကမ်းနားအထူးဖွံ့ဖြိုးရေးဇုန် စသည်တို့
ဖြစ်သည်။

အဆိုပါဇုန်များအား ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အင်းစိန်၊ အလုံ၊ ဗဟန်း၊ ဒဂုံ၊ လှိုင်၊ ကမာရွတ်၊
ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ မင်္ဂလာ တောင်ညွှန့်၊ စမ်းချောင်း၊ လမ်းမတော်၊ ပန်းဘဲတန်း၊ ဗိုလ်တ
ထောင်၊ လသာ၊ ကျောက်တံတား၊ ပုဇွန်တောင်၊ တာမွေနှင့် ရန်ကင်းမြို့နယ်တို့တွင် ဖြစ်သည်။

အဆိုပါမြို့နယ်များအတွင်းမှ ဗဟန်း၊ ဒဂုံ၊ ကမာရွတ်နှင့် မရမ်းကုန်းမြို့နယ်များအား ဆိတ်ငြိမ်
ရပ်ကွက်၊ သို့မဟုတ် လူနေသိပ်သည်းမှုနည်းသည့် လူနေရပ်ကွက်ဇုန်သတ်မှတ်ရန် အဆိုပြု
ထားပြီး မြို့တွင်းဖြစ်သည့် ကျောက်တံတားမြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ် အပေါ် ဘက်ပိုင်း
အား ပင်လယ်ပြင်အထက် ပေ ၁၆၀ ထိ ခွင့်ပြု မည်ဖြစ်ပြီး ရှေးဟောင်းအဆောက်အအုံများ
ရှိသည့်ပတ်ဝန်းကျင်တွင်မူ ပင်လယ်ပြင် အထက် ပေ ၁၀၀ ထိသာ ခွင့်ပြုမည်ဖြစ်ကာ
ကျန်မြို့နယ်များအား မြို့မြေအသုံးချမှုမျိုးစုံ ရောနှော ပါ၀င်နိုင်သည့်ဇုန်အဖြစ် သတ်မှတ်သွား
မည်ဖြစ်သည့်အတွက် အထပ်မြင့်အဆောက်အအုံ များ ဆောက်လုပ်နိုင်မည်ဖြစ်ကြောင်း
ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်