စည်ပင်သို့၊အွန်လိုင်းမှတစ်ဆင့်လျှောက်ထားမှုများ၊နည်းပါးနေသေး

စည်ပင်သို့၊အွန်လိုင်းမှတစ်ဆင့်လျှောက်ထားမှုများ၊နည်းပါးနေသေး

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ အွန်လိုင်းမှတစ်ဆင့် အိမ်ခြံမြေနှင့်ပတ်သက်
သည့် ကိစ္စရပ်များ လျှောက်ထားမှုများနည်းပါးနေရခြင်းမှာ အင်တာနက်သုံးစွဲမှု နည်းပါးခြင်းနှင့်
ထိုသို့လျှောက်ထားခွင့်ပြုလုပ် နိုင်သည်ကို သတိပြုမိသူ အနည်းငယ်သာရှိ ခြင်းကြောင့်ဖြစ်ကြောင်း
မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာလ ၃၁ ရက်နေ့က ပြောသည်။

"ပြည်သူလူထုက ဒါကို သိပ်မသိကြသေးဘူး။ လူဦးရေနဲ့ ယှဉ်ရင် အင်တာနက် သုံးစွဲမှုက လည်း
နည်းသေးတယ်။ အမှန်တော့ အွန်လိုင်း ကနေ လျှောက်လို့ရအောင် လုပ်တယ်ဆိုတာ အများပြည်
သူ သက်သာအောင်၊ အချိန်နဲ့ တစ်ပြေးညီ ကိုယ့်လျှောက်လွှာနဲ့ပတ်သက်တဲ့အချက်အလက်တွေ
ကို စစ်ဆေးကြည့်ရှုနိုင်အောင် ရည်ရွယ်တာပါ။ အိမ်ကနေလျှောက်လိုက်ရင်ကို ရနိုင်ပါပြီ" ဟု
မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာန၊ ဌာနမှူး ဦးဇော်မင်းအောင် က မြန်မာတိုင်း(မ်)ကို ပြောသည်။

မြို့ပြ/မြေယာဌာနသို့ လျှောက်လွှာလာရောက်လျှောက်ထားရမည့် ပြည်သူများသည် ဌာနသို့
ကိုယ်တိုင်လာရောက်ကြပြီး အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်သည်ကို သိရှိစေရန်အတွက်
မြို့တော်ခန်းမတွင် အင်တာနက်အသုံးပြုနိုင်သည့် ကွန်ပျူတာနှစ်လုံးထားရှိပြီး နေ့စဉ်ဝန်ဆောင်မှု
ပေးနေကြောင်း ၎င်းက ပြောသည်။

"နောက်ပြီး သက်ဆိုင်ရာ မြို့နယ်စည်ပင်ရုံးတချို့မှာ အင်တာနက်အသုံးပြု လျှောက်ထားနိုင်ဖို့
စီစဉ်ပေးထားတာတွေ ရှိတယ်။ ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်
အတွင်းက ၃၃ မြို့နယ်လုံးကို အကုန်ရအောင် တဖြည်းဖြည်း စီစဉ်ပေးသွားမှာပါ" ဟု ၎င်းက
ပြောသည်။

အဆိုပါဌာနသို့ အမည်ပေါက်မှန်၊ မမှန် စိစစ်ခြင်းလျှောက်လွှာ၊ မြေပုံကူး အဆောက်အအုံအကြီး
စားပြင်ဆင်ခွင့်၊ ခြံစည်းရိုးကာရံ ခွင့်၊ အဝီစိတွင်းတူးခွင့်၊ ဘဏ်ငွေချေးခွင့်၊ မှတ်တမ်းအဖြစ်ထားရှိ
ရန်နှင့် အဆောက်အအုံဆောက်လုပ်ရန် စသည်တို့အပါအဝင် လျှောက်လွှာ အမျိုးအစား ၁၆ မျိုး
ခန့်ကို အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း ဦးဇော်မင်းအောင်က
ပြောသည်။

ပြည်သူများကလည်း မိမိတို့တင်ထားသော လျှောက်လွှာများ၏အခြေအနေကို အချိန်နှင့် တစ်ပြေး
ညီသိရှိနိုင်မည်ဖြစ်ပြီး လျှောက်လွှာ အတွက် လိုအပ်သည့်ချိန်းဆိုမှုများနှင့် အခြေအနေများကို
အီးမေးလ်မှတစ်ဆင့်သော်လည်းကောင်း၊ စည်ပင် ၀က်ဘ်ဆိုက်အား စစ်ဆေး၍လည်းကောင်း
သိရှိနိုင်မည် ဖြစ်သည်။

လက်ရှိအချိန်တွင် တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ လှိုင်၊ ကမာရွတ်၊ တာမွေ၊ ဗဟန်း၊
ကျောက်တံတား၊ လသာ၊ ပန်းဘဲတန်း၊ စမ်း ချောင်း၊ လမ်းမတော်မြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်
စည်ပင်သာယာရုံးများတွင် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်မည့် eapplication system ကို
အသုံးပြုနိုင်နေပြီ ဖြစ်ကြောင်း ဦးဇော်မင်းအောင်က ပြောသည်။

"ဒီလိုလျှောက်ထားနိုင်ဖို့ကို ကျွန်တော်တို့က ကွန်ပျူတာတွေထဲကို အချက်အလက်တွေ ရွှေ့ပြောင်း
ထားရတာပေါ့။ အခု ၁၂ မြို့နယ်ရနေပြီ။ နောက်ထပ် သုံးမြို့နယ် လက်စသတ်ခါနီးပြီ။ မြို့နယ်ရုံး
တွေကနေ သွားရောက် လျှောက်ထားမယ့် သူတွေအတွက်လည်း အင်တာနက် ဆက်သွယ်ရေး
တွေ ကောင်းအောင်လို့ wifi တွေ ဖြုတ်ပြီး Modem နဲ့သုံးနိုင်အောင် လုပ်ပေးထားတယ်" ဟု
၎င်းက ဆက်လက်ပြောသည်။

မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ အွန်လိုင်းမှတစ်ဆင့် လျှောက်လွှာများ လျှောက်ထားနိုင်
မည့် ၀န်ဆောင်မှုကို ၂၀၁၃ ခုနှစ် စက်တင်ဘာလခန့်က စတင်ခဲ့ခြင်းဖြစ် ပြီး သုံးလကျော်ကာလ
အတွင်း လျှောက်ထားမှုပေါင်း ၅၀ ကျော်လက်ခံရရှိပြီးဖြစ်ကြောင်း အဆိုပါဌာနမှ ဌာနစုမှူးက
ပြောသည်။

"အနည်းဆုံး တစ်နေ့ကို လျှောက်လွှာ ၁၀ စောင်ကနေ ၁၅ စောင်တော့ လျှောက်လာကြတာ
ရှိတယ်။ အခုထိတော့ အများဆုံး ၅၀ ကျော်ထိ လက်ခံရပြီးပါပြီ" ဟု ၎င်းက ပြောသည်။ အွန်
လိုင်းမှတစ်ဆင့် လျှောက်ထားလိုသူများသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
၀က်ဘ်ဆိုက် (www.ycdc.gov.mm)ရှိ '၀န်ဆောင်မှုများ' ဆိုသည့် ဇယားမှ မြို့ပြစီမံကိန်းနှင့်
မြေစီမံခန့်ခွဲမှုဌာနအား ရွေးချယ်၍ အဆိုပါ စာမျက်နှာမှ 'လျှောက်လွှာများ' ခေါင်းစဉ်တွင် မိမိ
လျှောက်ထားလိုသည့် လျှောက်လွှာအမျိုးအစားကို ရယူ လျှောက်ထားနိုင်ကြပြီ ဖြစ်သည်။

လျှောက်ထားပြီးသူများကလည်း မိမိတို့ လျှောက်လွှာအခြေအနေအား သိရှိလိုလျှင် အဆိုပါဌာန
စာမျက်နှာမှ 'လျှောက်လွှာအခြေအနေပြစာရင်း' ဆိုသည်ကိုနှိပ်၍ နိုင်ငံသား စိစစ်ရေးကတ်ပြား
အမှတ်နှင့် တိုကင်နံပါတ်တို့ ရိုက်ထည့်ကာ အလွယ်တကူ ပြန်လည်စစ်ဆေးနိုင်ကြောင်း ၎င်းက
ပြောသည်။

"ကျွန်တော့အမြင်ကတော့ အိမ်ခြံမြေ ၀န်ဆောင်မှုလုပ်ငန်းလို ကုမ္ပဏီတွေမှာပါ ဒီစနစ်ကို မိတ်
ဆက်ထားပြီးတော့ ၀န်ဆောင်မှု အနေနဲ့ လျှောက်ထားပေးမယ်ဆိုရင် ပြည်သူ လည်း ပိုပြီးကျယ်
ကျယ်ပြန့်ပြန့်သိလာမယ် ထင်တယ်"ဟု ဦးဇော်မင်းအောင်က ပြော သည်။

လုပ်ငန်းလိုင်စင်၊ အိမ်ခြံမြေဂရန်အစရှိသည်တို့ကိုပါ အွန်လိုင်းမှတစ်ဆင့် လျှောက်ထား နိုင်ရန်
ရည်ရွယ်ထားပြီး လျှောက်ထားနိုင်မည့်အချိန်ကာလကို အတည် မပြုနိုင်သေးပေ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်