မြို့စွန်ဒေသနေရာများတွင် မြေဝယ်ယူမည်ဆိုပါက ပိုင်ဆိုင်မှုအထောက်အထား သေချာစွာ စိစစ်ရန်လို

မြို့စွန်ဒေသနေရာများတွင် မြေဝယ်ယူမည်ဆိုပါက ပိုင်ဆိုင်မှုအထောက်အထား သေချာစွာ စိစစ်ရန်လို

ရန်ကုန်မြို့စွန် ဧရိယာများတွင် ပလပ် မြေနှင့် အသုံးပြုခြင်းမရှိသေးသော စီမံကိန်းမြေနေရာလွတ်
များအား မိမိတို့ သဘောဆန္ဒအလျောက် ရောင်းဝယ်မှု ရှိနေသဖြင့် ၀ယ်ယူသူများ နစ်နာမှုများ
မရှိစေရန် အထောက်အထားနှင့် ပိုင်ဆိုင်မှု စာရွက်စာတမ်းများကို သေချာစိစစ်ရန် လိုအပ်ကြောင်း
အိမ်ခြံမြေလုပ်ငန်းရှင်များက ပြော သည်။

"မြို့စွန်ဧရိယာတွေမှာ မြေဝယ်မယ် ဆိုရင် မြေပိုင်ဆိုင်မှုအနေအထား ကို သေချာစုံစမ်းစေချင်
တယ်။ တချို့ အရောင်းအဝယ်တွေက ဘယ်လိုဖြစ် နေလဲဆိုတော့ ပိုင်ဆိုင်မှုအထောက် အထား
မရှိဘူး။ ပါးစပ်ပြော ပါးစပ်ဈေး နဲ့ ရောင်းနေတာရှိတယ်။ အဲဒါမျိုးတွေ ၀ယ်ထားမိရင် အစိုးရဘက်
က စီမံကိန်း ကို စတော့မယ်ဆိုပြီး လုပ်လိုက်တဲ့အခါ မှာဖြစ်စေ၊ ဒီလို တရားမဝင်ရောင်းဝယ်နေမှု
တွေကို ကြပ်မတ်လိုက်တဲ့အခါမှာဖြစ်စေ ၀ယ်သူနစ်နာနိုင်တယ်" ဟု မြောက်ဒဂုံမြို့နယ်အခြေစိုက်
အိမ် ခြံမြေ ၀န်ဆောင်မှုလုပ်ငန်းမှ ဦးအောင်မိုးကျော်က ပြောသည်။

မြောက်ဒဂုံ၊ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ ရွှေပြည်သာနှင့် လှိုင်သာယာ စသည့်မြို့နယ်များတွင် အသုံး
မပြုရ သေးသည့် မြေနေရာလွတ်များ ရှိနေပါ က အနီးဝန်းကျင်မှ နေထိုင်သူများက မိမိတို့
သဘောဆန္ဒဖြင့် မြေကွက်များ အား မြေကွက်ရိုက် ရောင်းချခြင်းများ ရှိလာကြောင်း ၎င်းက
ပြောသည်။

"နိုင်ငံတော် စီမံကိန်းအဖြစ် သတ် မှတ်ထားတဲ့ နေရာတွေမှာ အစိုးရ ကလည်း ဘာမှမလုပ်သေး
တော့ မြေ ကွက်လွတ်တွေဖြစ်နေပြီး လယ်ဝင်စိုက်နေတာ ရှိတယ်။ ခြံဝင်စိုက်နေတာရှိတယ်။
ဒါတွေက နားလည်မှုနဲ့ ဘာမှမပြောသေးတာပေါ့။ ဒါပေမဲ့ အဲ့ဒီလိုနေရာတွေမှာ လယ်စိုက်၊ ခြံ
စိုက်နေတဲ့သူတွေက မြေကွက်ရိုက် ပြန် ရောင်းနေတာတွေ ရှိလာတယ်။ ထပ်ဆင့်အရောင်းအဝယ်
တွေတောင် ဖြစ်နေကြတာတွေရှိတယ်" ဟု ၎င်းက ပြောသည်။

စီမံကိန်းရှိသည့် နေရာများတွင် လည်း အဆိုပါနေရာနှင့် အနီးတစ်ဝိုက် မှ မြေကွက်များပါ ကြိုက်
ရောင်းကြိုက် ၀ယ်သဘော အရောင်းအဝယ်ဖြစ်နေ ကြပြီး ထိုသို့ ကြားသတင်းဖြင့် ၀ယ်ယူ သည့်
မြေကွက်များမှာ ၀ယ်သူအတွက် နစ်နာမှု ရှိနိုင်သဖြင့် သေချာစိစစ်သင့်သည်ဟု ၎င်းက ပြောသည်။

ထို့ပြင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ချောင်းကမ်းစပ်ရှိ ပလပ်မြေအဖြစ် ထားရှိသည့်
မြေကွက်လွတ်များကို လည်း မိမိတို့သဘောဆန္ဒဖြင့် ရောင်းဝယ်နေခြင်းသည် အန္တရာယ်ရှိသည်ဟု
ဦးအောင်မိုးကျော်က ပြောသည်။

"လယ်ယာမြေတွေကို အကွက်ဖော် ပြီး ၀န်ထမ်းချထားပေးတာတွေလုပ်တော့ ချောင်းဘေးနားက
မြေတွေကို လူနေထိုင်ရန် မသင့်တော်တဲ့အတွက် အစိုးရက ပလပ်မြေဆိုပြီး ချန်ထားခဲ့တယ်။ အခု
အဲဒါတွေကိုပါ အရောင်းအဝယ်လုပ်နေတော့ သဘာဝဘေးအန္တရာယ်ဖြစ်လာခဲ့ရင် မကောင်းဘူး"
ဟု ဦးအောင်မိုးကျော်က ပြောသည်။ ဆင်ခြေဖုံးမြို့နယ်များတွင် မြေကွက် များကို မိမိတို့အဆင်
ပြေသလို ပိုင်းခြား ရောင်းဝယ်မှုများရှိနေပြီး လူကြိုက်နည်းသော နေရာမှ ပေ ၄၀ x ၆၀ မြေတစ်
ကွက်လျှင် အနည်းဆုံး ကျပ် ၂၅ သိန်းမှ သိန်း ၃၀ ထိပေါက်ဈေးရှိနေကြောင်း အိမ်ခြံမြေ လုပ်ငန်း
ရှင်များ က ပြောသည်။

မြို့စွန်ရပ်ကွက်များတွင် ထိုကဲ့သို့ အရောင်းအဝယ်များရှိနေသော်လည်း ရန်ကုန်မြို့ အိမ်ခြံမြေဈေး
ကွက်အနေအထားမှာ ယမန်နှစ် သီတင်းကျွတ် ပြီးချိန်မှစတင်ကာ အရောင်းအဝယ်အေးစက်လျက်
ရှိနေသေးကြောင်း စုလျှံဖြိုး အိမ်ခြံမြေအကျိုးဆောင်မှ ဦးမင်းဇော်ဦးက ပြောသည်။

"အရောင်းအဝယ်ကတော့ အများ ကြီး မကြားမိသေးဘူး။ ရပ်ကွက်တွေထဲ မှာတော့ အရောင်း
အဝယ်လေးတွေ ရှိနေနိုင်ပါတယ်။ ဈေးကွက်တစ်ခုလုံးနဲ့ယှဉ်ပြီး ပြောရရင်တော့ ၂၀၁၃ သီတင်း
ကျွတ်၊ တန်ဆောင်တိုင်နောက်ပိုင်း တောက်လျှောက်အေးနေတာပဲ" ဟု ၎င်းက ပြောသည်။

"ထန်းတစ်ပင်မြို့နယ်၊ ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ သန်လျင်က တာဝ တက္ကသိုလ်နား၊ လှိုင်သာယာ၊
ရွှေပြည် သာစတဲ့ မြို့နယ်တွေမှာ အစိုးရ မြေလွတ်တွေကို အကွက်ရိုက်ပြီး ရောင်းစားနေကြတာ
တွေ ရှိနေတာပဲ။ ကျွန်တော်တို့လည်း ကိုယ်တိုင်တွေ့နေတာပဲ" မြောက်ဒဂုံမြို့နယ်တွင် နေထိုင်
သူ ဦးကျော်ထွန်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်