စူပါဝေါလ်ရတနာခန်းမပိုင်ရှင်နှင့် ဆိုင်ငှားများ အငြင်းပွားမှု ပြင်းထန်

စူပါဝေါလ်ရတနာခန်းမပိုင်ရှင်နှင့် ဆိုင်ငှားများ အငြင်းပွားမှု ပြင်းထန်

ဗိုလ်ချုပ်ဈေးရှိ စူပါဝေါလ်ရတနာခန်းမ တွင် ဖြစ်ပွားလျက်ရှိသော ပိုင်ရှင်နှင့် ငှားရမ်းလုပ်ကိုင်သူများ
အကြား အငှား ရပ်ဆိုင်းမှုကြောင့် ပိုင်ရှင်ဖြစ်သူက အဆိုပါနေရာမှ တစ်လအတွင်း ထွက်ခွာပေးရန်
ရုတ်ချည်းတောင်းဆိုရာမှ စတင်ဖြစ်ပွားခဲ့သော ပြဿနာသည် ယခုအခါ ပိုမိုကြီးထွားလာပြီး မကြာ
မီတွင် ဥပဒေကြောင်းအရ တရားစွဲဆို မှုများ ပေါ်ထွက်လာတော့မည် ဖြစ် ကြောင်း နှစ်ဖက်ရှေ့နေ
များက ပြော သည်။

ဒီဇင်ဘာလ ၁ ရက်နေ့က ရတနာ ခန်းမ၏ ရုံးခန်းတွင် 'အကြီးစားပြင်ဆင် မှုပြုလုပ်ရန်' ၂၀၁၄
ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ နောက်ဆုံးထားကာ ထိုခန်းမ မှ ဆိုင် ခန်းအားလုံးပြောင်းရွှေ့ပေးရန်
ကပ်ထားခဲ့သော ကြေညာစာတွင် ပြင်ဆင်မှုပြုလုပ်မည့် ကာလကို ဖော်ပြမထားခြင်း၊ ပြင်ဆင်မှု
ပြုလုပ်ပြီးပါက လက်ရှိဆိုင်ငှားများကို ပြန်လည် ငှားရမ်းမည်ဟု ဖော်ပြမထားခြင်း အပြင် စုံစမ်း
မေးမြန်းမှုပါ လက်ခံ ခဲ့ခြင်းမရှိသောကြောင့် ဆိုင်ငှားအားလုံး ၏ ထက်ဝက်ဖြစ်သည့် ၃၀ ဦးက
ဒီဇင်ဘာ လ ၂၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် အဆိုပါကြေညာချက် နှင့်ပတ်သက်၍
ကြေညာချက်တစ်စောင် တုံ့ပြန်ထည့်သွင်းခဲ့ရာမှ နှစ်ဖက်အခြေအနေ ပိုမိုတင်းမာလာခဲ့သည်။

ဆိုင်ငှားများ၏ ကြေညာချက်တွင် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ကာ ငှားရမ်းခြင်း ရပ်ဆိုင်းကြောင်း
ကြေညာ ချက်အား လုံးဝလက်ခံခြင်းမရှိသည့်အပြင် ဖယ်ရှားပေးမည်မဟုတ်ကြောင်း၊ အဆောက်
အအုံ အနေအထားအရ အကြီးစား ပြင်ဆင်ရန် မလိုအပ်သဖြင့် ခွင့်ပြုချက်မရှိပဲ တစ်ဦးတည်းဆန္ဒ
အရ ပြင်ဆင်ခွင့်မရှိကြောင်းနှင့် နိုင်ငံပိုင် အဆောက်အအုံအား အမှန်တကယ် ရောင်းချပိုင်ခွင့်ရှိ
သည့် အဖွဲ့အစည်းထံမှ နည်းလမ်းတကျဝယ်ယူထားခြင်း မရှိကြောင်း စုံစမ်းသိရှိရသဖြင့် ပုဂ္ဂလိ
က ပိုင်ဆိုင်မှုကို အသိအမှတ်မပြုတော့ ကြောင်း ရေးသားဖော်ပြထားသည်။

"ကျွန်မတို့ဒီမှာ ဆိုင်ခန်းငှားပြီး ဖွင့်လာတာ နှစ်နဲ့ချီနေပါပြီ။ ခုမှ ရုတ်တရက်ကြီး တစ်လအတွင်း
ပြောင်းပေးရမယ်ဆိုတော့ ဘယ်လိုလုပ်မလဲ။ ပြီးတော့ အခု ဒီဇင်ဘာလကနေ သင်္ကြန် မတိုင်မီ
ထိက တစ်နှစ်လုံးမှာ ခရီးသွား အများဆုံးလာတဲ့ရာသီဖြစ်ပြီး ဈေး ရောင်းအကောင်းဆုံးအချိန်
လည်း ဖြစ် နေတယ်။ ဒီတော့ ကျွန်မတို့ကတော့ မဖယ်ပေးနိုင်ပါဘူး။ ကျွန်မတို့ ဒီလ အတွက်
ငှားရမ်းခ မပေးရသေးဘူးဆို တာကလည်း ညှိနှိုင်းမှုကို သူတို့ဘက်က လက်မခံသေးလို့ပါ" ဟု
ခန်းမအတွင်း ရှိ ဆိုင်ပိုင်ရှင်အချို့က မြန်မာတိုင်း(မ်)ကို ပြောသည်။

ဗိုလ်ချုပ်ဈေးအတွင်းရှိ ဆိုင်ခန်းများ မှာလည်း အဆိုပါပြဿနာများ ဖြစ်ပွား ပြီးနောက် ငှားရမ်းခများ
နှစ်ဆကျော် မြင့်တက်သွားသဖြင့် ဆိုင်ငှားများသည် မိမိလိုချင်သောနေရာအကွက်အကွင်းတွင်
မရသည့်အပြင် အဆမတန် ဈေး နှုန်းများပေး၍ ငှားရမ်းရမည်ကို စိုးရိမ်နေကြကြောင်း ပြောသည်။

ဆိုင်ငှားများက ကြေညာချက်ထည့်သွင်းပြီး ၁၈ ရက်အကြာ ဇန်နဝါရီလ ၈ ရက်နေ့ထုတ် ကြေးမုံ
သတင်းစာတွင် စူပါဝေါလ်ရတနာခန်းမ(၁) ၏ အမည် ပေါက်ပိုင်ရှင် ဒေါ်ရှုကြူထံမှ အထူး ကိုယ်
စားလှယ် လွှဲစာရရှိထားသူ ဦးမောင်မောင်လွင်က တုံ့ပြန် ရှင်းလင်းကြေညာချက်တစ်စောင် ထည့်
သွင်းခဲ့ပြီး တရားဝင်လွှဲပြောင်းအမည်ပေါက်ပိုင်ဆိုင်မှုများ အဆင့်ဆင့်ကို ထည့်သွင်းရေးသားခဲ့ကာ
အမည် အတိ အကျ ဖော်ပြထားခြင်းမရှိသူ ဆိုင်ပိုင် ရှင် ၃၀ နှင့် ရှေ့နေဦးသိန်းထွန်းတို့၏ ကြေညာ
ချက်မှာ ပိုင်ရှင်ဖြစ်သူ၏ သိက္ခာ ကိုထိပါးသဖြင့် တစ်ပတ်အတွင်း တောင်းပန်သည့် ကြေညာချက်
ထည့် သွင်းပေးရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဥပဒေအရ ဆောင်ရွက်မည်ဟု ပြန်လည်
ကြေညာခဲ့သည်။

"ကျွန်မတို့ဘက်ကတော့ လုံးဝ မတောင်းပန်နိုင်ပါဘူး။ သူတို့လိုပဲ ကျွန်မတို့ဘက်ကလည်း ဥပဒေ
အရ ပြန်လည်ရင်ဆိုင်သွားမှာပါ" ဟု ရတနာ ခန်းမတွင် လက်ရှိလုပ်ကိုင်လျက်ရှိသူ ဆိုင်ပိုင်ရှင်များ
က မြန်မာတိုင်း(မ်) ကို ပြောသည်။

ပိုင်ရှင်ဘက်မှရှေ့နေဖြစ်သူ ဦးချစ် ကိုကိုက တစ်ပတ်အတွင်း ဆိုင်ပိုင်ရှင် ၃၀ ဦးဆိုသူများ၏
အမည်နှင့် ဆိုင်အမှတ်များကို အတိအကျဖော်ပြ၍ တောင်းပန်သည့် ကြေညာစာကို စောင့် ဆိုင်း
ပေးမည့် အခွင့်အရေးပေးထားသော်လည်း မထည့်သွင်းပါက ပိုင်ရှင် ၏ ညွှန်ကြားချက်အတိုင်း
ထပ်မံ၍ ဥပဒေအရ အဆင့်ဆင့်ဆောင်ရွက်သွားမည်ဟု ပြောသည်။

"သူတို့ဘက်က ဆိုင်ပိုင်ရှင် ၃၀ လို့ပဲရေးထားပြီး နာမည်တွေကော ဆိုင်ခန်းနာမည်တွေရော
ဘာမှအတိအကျမရေး ထားဘူး။ ပြီးတော့ အဆောက်အအုံကို တစ်ဦးတည်း ဆန္ဒအရ ပြင်ဆင်
ခွင့်မရှိဘူးလို့ သူတို့မှာ ပြောခွင့်မရှိပါဘူး" ဟု ၎င်းက ပြောသည်။ ဒေါ်ရှုကြူနှင့် ဦးမောင်မောင်လွင်
တို့မှာ စူပါဝေါလ်သမဝါယမအသင်း၏ ဒါရိုက်တာများဖြစ်ကြပြီး ဒေါ်ရှုကြူ သည် ဆိုင်ခန်းပေါင်း
၆၀ ကျော်ပါ၀င် သော မြေညီထပ်ရှိ စူပါဝေါလ်ရတနာခန်းမ (၁) အား ၁၉၉၉ ခုနှစ်မှစတင်ကာ
ရန်ကုန်တိုင်း သမဝါယမအသင်းစုမှ တရားဝင် အမည်ပေါက် ဆိုင်အငှားချထားခြင်းခံသူ ဖြစ်ကြောင်း
ကို ကြေညာ စာတွင် ထည့်သွင်းဖော်ပြထားသည်။

ဇန်နဝါရီလ ၁ ရက်နေ့တွင် အငှား ရပ်ဆိုင်းမည်ဟု ပိုင်ရှင်ဘက်မှ ကြေညာ ခဲ့သော်လည်း ယခု
လက်ရှိဖြစ်ပွားနေ သော အငြင်းပွားမှုများကြောင့် တစ်လ ထပ်မံ တိုးပေးထားကာ ယခုလကုန်တွင်
ပြောင်းရွှေ့ပေးရမည်ဖြစ်ကြောင်း ဦးချစ်ကိုကိုက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်