သန်လျင်မြို့နယ်တွင် အိမ်ခြံမြေဈေး မြင့်တက်နေသော်လည်း ၀ယ်လိုအားနည်းနေ

သန်လျင်မြို့နယ်တွင် အိမ်ခြံမြေဈေး မြင့်တက်နေသော်လည်း ၀ယ်လိုအားနည်းနေ

ရန်ကုန်မြို့တွင် မြေနေရာအကျယ်များ နည်းပါလာခြင်းကြောင့် ပဲခူးမြစ် တစ်ဖက်ကမ်းရှိ နေရာ
လွတ်များစွာကျန် ရှိသည့် သန်လျင်မြို့တွင် အိမ်ခြံမြေ ဈေးများ တဖြည်းဖြည်းမြင့်တက်လျက် ရှိရာ
မှ မြို့နယ်အတွင်း ရေရှည်စီမံ ကိန်းဇုန်များ ဖော်ဆောင်လာနိုင်သည့် အတွက် အိမ်ခြံမြေဈေးများမှာ
ပြီးခဲ့ သည့် လအနည်းငယ်အတွင်းဆယ်ဆနီးပါးခန့် မြင့်တက်လာခဲ့ကြောင်း သန်လျင်မြို့နယ်မှ
အိမ်ခြံမြေ အကျိုး ဆောင်များက ပြောသည်။

ထိုသို့ ဈေးများမြင့်လာသော်လည်း ၀ယ်လိုအားမှာ သိသာစွာ တက်မလာကြောင်း အကျိုးဆောင်
များက ပြောသည်။

"သီလဝါစီးပွားရေးဇုန် အကောင်အထည်ပေါ်လာတော့ သန်လျင်မြို့ ရဲ့ တခြားနေရာတွေမှာပါ
ဒီလိုစီမံကိန်း မျိုးတွေ ပေါ်လာနိုင်တယ်ဆိုပြီး ဈေးတက်လာကြတယ်။အိမ်ခြံမြေ ဈေးတွေ တက်နေ
ပေမယ့်လည်း ၀ယ်လို အားသိပ်မရှိဘူး"ဟု စိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင် မန်နေဂျာ
ဦးရန်အောင်က ပြောသည်။ ၏

သန်လျင်မြို့နယ်တွင် စီမံကိန်းအများအပြားရှိသော်လည်း အကောင်အထည်ဖော်မှု အားနည်းနေ
ကြောင်း နှင့် ပြည်တွင်းမှ အိမ်ခြံမြေ ၀ယ်ရောင်း ပြုသူများသည် သန်လျင်မြေကွက်များ ကို မဝယ်
သေးဘဲ စောင့်ကြည့် သည့် အနေအထားတွင်သာရှိပြီး ၀ယ်လိုအားနည်းနေခြင်းဖြစ်ကြောင်း ၎င်း
က ပြောသည်။

"သန်လျင်က အိမ်ခြံမြေဈေးကွက် အလားအလာ ကောင်းပေမယ့် တစ်ဖက်ကမ်းမှာဆိုတော့
ဒဂုံမြို့သစ် တွေနဲ့ယှဉ်ရင် စိတ်ဝင်စားမှုနည်းနေတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ အလုံး အရင်းနဲ့ဝင်ရောက်
လာရင် သန်လျင်က ပိုတိုးတက်သွားနိုင်တယ်"ဟု ဦးရန်အောင်က ပြောသည်။

သန်လျင်မြို့နယ်တွင် ခြံကျယ်ကြီး များ အရောင်းအဝယ်ဖြစ်မှုနည်းနေသော်လည်း မြေကွက်ငယ်
လေးများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြော သည်။

"သန်လျင်ဘက်မှာ ဂျပန်စီမံကိန်းနဲ့ တန်ဖိုးနည်းအိမ်ရာတွေ လုပ်ဖို့ရှိတယ်လို့ကြားနေရလို့ အိမ်ခြံ
မြေဈေးတွေ တက်နေတယ်။ ကြယ်စင်အိမ်ရာ စီမံကိန်းက အိမ်ဈေးက ရန်ကုန်နီးပါး လောက်ရှိပေ
မယ့် ဆိတ်ငြိမ်ရပ်ကွက် ကိုကြိုက်တဲ့သူတွေ ၀ယ်ကြလို့ အရောင်းအဝယ် အသင့်အတင့် ရှိပါ
တယ်"ဟု ရွှေကံမြေ အိမ်ခြံမြေ အကျိုးဆောင်မှ ဦးခင်မောင်အေးက ပြောသည်။

သီလဝါ စီးပွားရေးဇုန်အနီးရှိမြေကွက်များတွင် မြေဈေးနှုန်းများ ဆက်လက်မြင့်မားလျက်ရှိပြီး ၀ယ်
လိုသူများပြားနေသော်လည်း ရောင်းချ မည့်သူ နည်းပါးနေသောကြောင့် အရောင်းအဝယ် မဖြစ်
ကြောင်း ၎င်းက ပြောသည်။

သန်လျင်ကျေးရွာများ၏ လမ်းမ ဘက်မြေကွက်ဈေးများသည် လွန်ခဲ့သောလများက ကျပ်သိန်း
၅၀ နီးပါးခန့်သာရှိရာမှ သိန်း ၁၀၀ ကျော်အထိ မြေဈေးများ မြင့်တက်လာခဲ့ပြီး ကျေးရွာတွင်း ပေ
၃၀x၆၀ မြေကွက် များသည် ကျပ်လေးသိန်းခန့်မှ ကျပ်သိန်း ၄၀ ခန့်ထိ ဈေးတက်လာခဲ့သည်။

"သန်လျင်ဘက်က ထမလုံ၊ လက် ယက်စမ်းကျေးရွာမှာ နေလာတာ အနှစ်နှစ်ဆယ်နီးပါးရှိပြီ။
အိမ်ခြံမြေဈေးတွေက ငြိမ်နေရာက လွန်ခဲ့တဲ့ နှစ်လ၊ သုံးလလောက်ကမှ ဈေးရှစ်ဆ နီးပါးလောက်
သိသိသာသာ တက် လာတယ်။ သန်လျင်ဘက်မှာ စက်ရုံဆောက်မယ့် စီမံကိန်းတွေရှိလာလို့
ဈေးတက်သွားတာ ဖြစ်မယ်"ဟု ဒေသခံတစ်ဦး ဖြစ်သူ မသရဖီက ပြောသည်။

သန်လျင်တွင် လမ်းများဖောက်ပေး နေသည့်အတွက် ယခင်ကထက် လမ်းပန်းဆက်သွယ်ရေး
အဆင်ပြေလာသော်လည်း ကျေးရွာများတွင် လျှပ်စစ်မီးမရှိသဖြင့် အဆင်မပြေကြောင်း ၎င်းက
ပြောသည်။ သန်လျင်မြို့ ပိုမိုတိုးတက်စည်ကားစေရေးအတွက် အခြေခံအဆောက် အအုံများ
ရှိရေးနှင့် လျှပ်စစ်မီးရရှိရေး သည် အလွန်အရေးကြီးကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက
ပြောသည်။

သန်လျင်မြို့နယ်တွင် ဈေးဝယ်စင်တာ တစ်ခုမှမရှိသေးသော်လည်း ကမ္ဘောဇ ဘဏ်သည်
သန်လျင်မြို့၏ ပထမဆုံး ဘဏ်ဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်နေ့က စတင်ဖွင့်
လှစ်ခဲ့ခြင်း ဖြစ်သည်။

တဖြည်းဖြည်း မြင့်တက်နေသော အိမ်ခြံမြေဈေး တည်ငြိမ်စေရန် သန်လျင် နှင့် ဒဂုံမြို့သစ်ကဲ့သို့
သော နေရာလွတ် ကျယ်ဝန်းသည့်နေရာများတွင် အခြေခံ အဆောက်အအုံများကို ဖွံ့ဖြိုးတိုးတက်
စေရန် လုပ်ဆောင်ပေးသင့်ကြောင်း ပညာရှင်များက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်