ယုဇနပလာဇာဆိုင်ခန်းများ ဈေးတက်၍ ငှားရမ်းသူများအခက်တွေ့

ယုဇနပလာဇာဆိုင်ခန်းများ ဈေးတက်၍ ငှားရမ်းသူများအခက်တွေ့

ရန်ကုန်မြို့၏ အချက်အချာကျသော ဈေးဝယ် စင်တာများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ယုဇန
ပလာဇာတွင် ဆိုင်ခန်းငှားခများ ဖေဖော်ဝါရီလလယ်ပိုင်းမှ စတင်ကာ တိုးမြှင့်ကောက်ခံတော့မည်
ဖြစ်သောကြောင့် ဆိုင်ခန်းငှားရမ်းဖွင့်လှစ်ထားသူများ လုပ်ငန်းဆက်လက်လည်ပတ်ရေးအတွက်
အကုန်အကျများကာ အခက်ကြံုရ တော့မည်ဖြစ်ကြောင်း ငှားရမ်းသူများက ယခု လ ၂၈ ရက်နေ့
က ပြောသည်။

ယုဇနပလာဇာ မြေညီထပ်မှလွဲ၍ ကျန် အထပ်များရှိ ဆိုင်ခန်းများကို ယုဇနကုမ္ပဏီက အငှားချ
ထားခြင်းဖြစ်ပြီး ဆိုင်ခန်းငှားခ များတိုးမြှင့်ကောက်ခံတော့မည့် အကြောင်းကြား စာများ ဇန်နဝါရီ
လနောက်ဆုံးအပတ်အတွင်း လက်ခံရရှိကြောင်း ငှားရမ်းသူများက ပြောသည်။

ယုဇနပလာဇာအား တစ်ပတ်လျှင် ပုံမှန်တစ်ရက်ပိတ်ခြင်း၊ ဈေးဝယ်စင်တာများ အပြိုင်အဆိုင်ပေါ်
ပေါက်လာခြင်း၊ အခြားအဆင့်မြင့်ဈေးဝယ်စင်တာများနှင့် ယှဉ်လျှင် ဆိုင်ဖွင့်ချိန် တိုတောင်းခြင်း၊
၀န်ဆောင်မှု မလုံလောက်ခြင်း တို့ကြောင့် ရောင်းအား ကျဆင်းလျက်ရှိချိန်တွင် ကုမ္ပဏီဘက်မှ
ကြိုတင်ညှိနှိုင်းခြင်းမရှိဘဲ ယခုကဲ့သို့ ဆိုင်ခန်းငှားခတိုးမြှင့်ကောက်ခံမည့် အကြောင်းကြားစာများ
ပေးပို့လိုက်ခြင်းကြောင့် အခက်အခဲတွေ့ရကြောင်း ဆိုင်ခန်းငှားရမ်း လုပ်ကိုင်သူများက ပြောသည်။

"တနင်္လာနေ့တိုင်း မြေညီထပ်တစ်ခုပဲ ပိတ်တာဆိုပေမယ့် အဲဒီလိုပိတ်တာက အပေါ်ထပ်က ဆိုင်
တွေကိုလည်း ထိခိုက်တယ်။ ၀ယ်သူက မလာတော့ဘူးလေ။ တစ်ပတ်မှာ လေးရက်လောက်ပဲ
ရောင်းရတဲ့သဘော။ ဒါ့ပြင် ပလာဇာ ဖွင့်ချိန်က မနက် ၉ နာရီကနေ ညနေ ၅ နာရီဆို တော့ ရောင်း
ချိန်တိုတယ်။ နောက်ပြီး ပြုပြင် ထိန်းသိမ်းမှု ညံ့သလို ၀န်ဆောင်မှုလည်း မကောင်းဘူး။ တခြားစင်
တာတွေနဲ့ ဈေးကွက်အပြိုင်အဆိုင်ဖြစ်နေချိန်မှာ အားနည်းချက် တွေရှိနေတော့ ရောင်းအားကျ
တယ်။ ဒီလို အခြေအနေမှာ ဆိုင်ခန်းခကို ထပ်တက်ဦးမယ် ဆိုတော့ ရပ်တည်ဖို့မလွယ်တော့တဲ့
အနေအထားပဲ" ဟု ပထမထပ်ရှိ နိုင်ငံခြားဖြစ် အိတ် မျိုးစုံ အရောင်းဆိုင်တစ်ဆိုင်မှ ဆိုင်ပိုင်ရှင်
ဖြစ်သူက ပြောသည်။

ပထမထပ်ရှိ ဆိုင်ပိုင်ရှင်များထံသို့ ဆိုင်ခန်း ငှားခတိုးမြှင့်ကောက်ခံမည့် အကြောင်းကြားစာ များကို
ဇန်နဝါရီလ ၂၄ ရက်နေ့က ပေးပို့ခဲ့ခြင်း ဖြစ်ပြီး အကြောင်းကြားစာအရ ကောက်ခံမည့် ၎င်း၏ဆိုင်
ခန်းငှားခမှာ ယခင် ငှားရမ်းခနှုန်း ထက် ကျပ် ၂၀၀,၀၀၀ ပိုသွားကြောင်း အဆိုပါ အိတ်အရောင်း
ဆိုင်ပိုင်ရှင်က ပြောသည်။

"ငှားရမ်းခက နှစ်သိန်းပိုတက်လာတယ်။ ပြုပြင်ထိန်းသိမ်းမှုစရိတ်၊ မီတာခ စတဲ့ ထပ်တိုး ကောက်
ခံတာတွေနဲ့ ပေါင်းလိုက်ရင် ကျွန်တော့် အတွက် ဆိုင်ခန်းငှားခက တစ်လကို ၁၅ သိန်းနီးပါးပဲ။
ရောင်းအားကလည်း ဆက်တိုက် အကျချည်းပဲဆိုတော့ မလွယ်တော့ဘူး" ဟု ၎င်းက ပြောသည်။

ဆိုင်ခန်းငှားရမ်းခနှုန်းထားများမှာ ဆိုင်ခန်း ၏ အကျယ်နှင့် အမျိုးအစားအလိုက် ယခင် ဈေးနှုန်း
ထက် အနည်းဆုံး ၂၀ ရာခိုင်နှုန်းမှ အများဆုံး ၄၀ ရာခိုင်နှုန်းထိ တက်သွားကြောင်း၊ ဆိုင်ခန်းငှား
ခများအား တိုးမြှင့်ကောက်ခံခြင်း မပြုသည်မှာ နှစ်နှစ်ခွဲခန့်ကြာမြင့်ပြီ ဖြစ်သော် လည်း ရုတ်ခြည်း
တိုးမြှင့်လိုက်သည့်အတွက် အဆင်မပြေမှုများရှိကြောင်း ငှားရမ်းသူများက ပြောသည်။

ယုဇနပလာဇာသည် ယခင်က အထူး စည်ကားသည့် ဈေးတစ်ခုဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင်
၀ယ်လက်များ စိတ်ဝင်စားမှုလျော့နည်းလာကာ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်ထိ သုံးနှစ်တာကာ
လအတွင်း ယခင် ရောင်းအားအောက် ၃၅ မှ ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းလာပြီး မူလဖွင့်လှစ်ခဲ့
သော ဆိုင်ခန်းအများစုမှာ အခြားသို့ ပြောင်းရွှေ့ဖွင့်လှစ် သွားကြကြောင်း ငှားရမ်း လုပ်ကိုင်သူ
များက ပြောသည်။

"အရင်ကတည်းက ဈေးပိတ်တဲ့ကိစ္စမှာ ပြဿနာလေးတွေရှိတယ်။ ကုမ္ပဏီနဲ့ အဲဒီကိစ္စ ညှိနှိုင်းတဲ့
အခါမှာ ကုမ္ပဏီဥက္ကဋ္ဌက ခြောက်လ လောက် တစ်ပတ်ခြားတစ်ခါ ဆိုင်အားလုံး ပိတ်ရမယ်။ ပြီး
ရင်ပိတ်ရက်မရှိ ဖွင့်ခွင့်ပေးမယ် ပေါ့။ ဒါပေမဲ့ အခုခြောက်လကျော်သွားပြီ။ ကတိအတိုင်း မလုပ်ပေး
သေးဘူး။ ဈေးသူ ဈေးသားတွေ နစ်နာတယ်လို့ ယူဆတယ်။ ပိတ်ရက်တွေကြောင့် နစ်နာမှုအတွက်
ဖြေရှင်း မပေးသေးခင်မှာ ဆိုင်လခ အလျင်စလို တိုးမြှင့် လိုက်တော့ အခက်တွေ့တယ်" ဟု စိန်၊
ရွှေ၊ ရတနာ ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးကျော်အောင်က ပြောသည်။

ပြုပြင်ထိန်းသိန်းစရိတ်အား တစ်ပေပတ်လည် လျှင် ရ၅ ကျပ် ကောက်ခံပြီး အဆောက်အအုံ အား
ပြုပြင်ထိန်းသိမ်းပေးမှုမရှိခြင်း၊ ၀န်ထမ်းအားလုံးနှင့် လာရောက်ဝယ်ယူသည့် ဈေးဝယ် များပါ
သန့်စင်ခန်းအသုံးပြုခ ပေးရသော်လည်း ပြည့်ဝသည့် သန့်ရှင်းရေးကို ဆောင်ရွက်ပေးမှု မရှိခြင်း၊
ဈေးဝယ်သူများအား ဆွဲဆောင်နိုင်သည့် အစီအစဉ် အပြင်အဆင်များ စီမံပေးမှုမရှိ ကြောင်းလည်း
ဆိုင်ပိုင်ရှင်များက ပြောကြား ကြသည်။

"ကျွန်တော်တို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ရော ဦးဌေးမြင့်နဲ့ပါ တွေ့ခွင့်တောင်းသေးတယ်။ ညှိနှိုင်းဖို့အတွက်
ပါ။ ဒါပေမဲ့ တွေ့ခွင့်မရတဲ့အပြင် ကိုယ်စားလှယ်ဖြစ်တဲ့ ဆိုင်ခန်းပိုင်ရှင် လေးငါးယောက်လောက်ကို
တစ်ယောက်ချင်းစီခေါ်တွေ့မယ် ပြောတယ်။ ဒါဟာ ပွင့်လင်းမြင်သာမှု မရှိတာပဲ။ ကျွန်တော်တို့က
တော့ တွေ့ဆုံညှိနှိုင်းဖို့ကိုပဲ တောင်းဆိုထားတယ်" ဟု ဦးကျော်အောင်က ပြောသည်။

ဆိုင်ပိုင်ရှင်များသည် ဆိုင်လခတိုးမြှင့်ခြင်း နှင့်ပတ်သက်သည့် ကန့်ကွက်စာ တစ်စောင် အား
ယုဇနကုမ္ပဏီဥက္ကဋ္ဌ ဦးဌေးမြင့်ထံသို့ ယခုလ ၂၄ ရက်နေ့က ပေးပို့ခဲ့ကြောင်း ပြော သည်။ ဆိုင်ခန်း
ငှားရမ်းသူများက ဈေးတစ်ခု လုံးအား နေ့စဉ်ပိတ်ရက်မရှိဖွင့်လှစ်ပြီးနောက် မှ ဆိုင်လခတိုးမြှင့်သတ်
မှတ်ရန် တောင်းဆို ထားသည်။

အဆိုပါ ကန့်ကွက်မှုနှင့် ပတ်သက်၍ ကုမ္ပဏီ ၏သဘောထားအားသိရှိနိုင်ရန် ယုဇန ပလာဇာ
အုပ်ချုပ်ရေးမှူးနှင့် ၀င်ရောက် တွေဆုံခဲ့သော်လည်း တွေ့ခွင့်မရရှိခဲ့ဘဲ တာဝန်ရှိသူတစ်ဦးက ဖြေ
ကြားရန် အစီအစဉ် မရှိကြောင်းပြောသည်။

ယုဇနပလာဇာအား ၁၉၉၈ ခုနှစ်က ပိတ်ရက် မရှိ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ၁၉၅၁ ခုနှစ်၊
အလုပ်သမားအက်ဥပဒေနှင့်လျော်ညီစွာ ၀န်ထမ်းများအား အနားပေးရန်အတွက် ဆိုင်ခန်းများအား
တစ်ပတ်လျှင် တစ်ရက်ပိတ် ရန် သတ်မှတ်ခဲ့သည်။

၂၀၁၁-၂၀၁၂ ခုနှစ်တွင် မြေညီထပ်မှလွဲ၍ ကျန်လေးထပ်ရှိ ဆိုင်ခန်း များက ပိတ်ရက်မရှိ ပြန်လည်
ဖွင့်လှစ်ရောင်းချခဲ့သည်။ ၂၀၁၃ ခုနှစ်၊ ဗဖဖော်ဝါရီလလယ်ခန့် က ပလာဇာအုပ်ချုပ်ရေးက ဆိုင်ခန်း
အားလုံး ပိတ်ရက်မရှိ ပြန်လည် ဖွင့်လှစ်ရန် ကြေညာခဲ့ သော်လည်း မြေညီထပ်ဆိုင်ခန်းပိုင်ရှင်အများ
စု က တစ်ပတ်လျှင်တစ်ရက် ပိတ်မြဲအတိုင်း ဆက်လက်ပိတ်ရန် ဆန္ဒထုတ်ဖော်ခဲ့သော ကြောင့်
ပြန်လည်ညှိနငိင်းကာ ကုမ္ပဏီဥက္ကဋ္ဌက ခြောက်လခန့် တစ်ပတ်ခြားစီပိတ်ရန် ဆုံးဖြတ် ခဲ့ခြင်း
ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်