သန်လျင်မြို့စွန်ရှိ ရှစ်ပေပတ်လည်တဲ ငှားရမ်းခဈေးနှုန်းများ မြင့်တက်နေ

သန်လျင်မြို့စွန်ရှိ ရှစ်ပေပတ်လည်တဲ ငှားရမ်းခဈေးနှုန်းများ မြင့်တက်နေ

ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းမှ စတင်ကာ ရန်ကုန်မြို့တွင်း နေရာများနှင့် မြို့သစ်နေရာများပါ
မကျန် အိမ်ခြံမြေ အရောင်းနှင့် အငှား ဈေးများ သိသာစွာ မြင့်တက်လာသည့်နည်းတူ ရန်ကုန်မြို့
တစ်ဘက်ကမ်း သန်လျင်မြို့စွန်ရှိ အခြေခံလူတန်းစားများနေထိုင်သည့် နေရာများတွင်ပင် ရှစ်ပေ
ပတ်လည်အကျယ်ရှိ တဲများ မှာ ငှားရမ်းခ တစ်လလျှင် ကျပ် ၁၅,၀၀၀ ပေါက်ဈေးရှိကြောင်း
အဆိုပါတဲများတွင် ငှားနေ သူများကပြောသည်။

သန်လျင်မြို့စွန် ကျိုက်ခေါက်ဘုရားမှ ဘတ်စ် ကားနှစ်မှတ်တိုင်ခန့်အကွာတွင်ရှိသော ကွမ်းခြံကုန်း
ရွာရှိ အငှားချထားသည့် အဆိုပါတဲများ ကို ဓနိမိုး၊ ထရံကာ၊ ၀ါးကြမ်းခင်းဖြင့် ဆောက်လုပ်ထားခြင်း
ဖြစ်ပြီး အိမ်သာထည့်သွင်း ဆောက်လုပ်ပေးထားခြင်းမရှိပဲ လျှပ်စစ်မီးနှင့် ရေအသုံးပြုရန် အစီအမံ
များလည်း မရှိပေ။

အဆိုပါတဲအိမ်များတွင် နေထိုင်သူများ သည် အနီးအနားရှိ လက်ဖြစ်ရေတွင်းမှ ရေကို ရယူရပြီး
အိမ်အပြင်မြေပေါ်တွင် အစား အသောက်အတွက် အဆင်ပြေသလို ချက်ပြုတ် ကြရသည်။

ထိုတဲများကို ကွမ်းခြံကုန်းရွာမှ ခြံပိုင်ရှင် အချို့က စီတန်းဆောက်လုပ်ကာ ငှားရမ်း ကြခြင်းဖြစ်ပြီး
အများစုမှာ ရန်ကုန်မြို့ပေါ် မြင့်မား သော အိမ်ငှားခများကြောင့် အိမ်စရိတ်မတတ်နိုင်သဖြင့် ပြောင်း
ရွှေ့လာကြခြင်းဖြစ်ကြောင်း ငှားရမ်းနေထိုင်သူများက ပြောသည်။

"ရန်ကုန်မှာ တစ်လတစ်သောင်းခွဲနဲ့ရရင်လည်း မနေနိုင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ခြောက်
လစာ တစ်လုံးတစ်ခဲတည်း မပေးနိုင်လို့ပါ" ဟု တဲတစ်လုံးတွင် ငှားရမ်းနေထိုင်သူ မခင်စန်းက
ပြောသည်။

ကွမ်းခြံကုန်း ရွာတွင် ငှားရမ်းနေထိုင်ခြင်းကြောင့် အိမ်ငှားခကိုတစ်လချင်းသာပေးရသည့် အားသာ
ချက်ရှိကြောင်း ၎င်းက ပြောသည်။ သားသမီးနှစ်ယောက်နှင့် ခင်ပွန်းဖြစ်သူအပါအဝင် မိသားစုဝင်
လေးယောက်ရှိသော မခင်စန်းသည် ရန်ကုန်မြို့ရှိမီးပွိုင့်တစ်ခုတွင် ကွမ်းယာနှင့် ဆေးလိပ်ရောင်း
ချကာ အသက် မွေးဝမ်းကျောင်းပြုလျက်ရှိသူ ဖြစ်သည်။

ကွမ်းခြံကုန်းရွာတွင် ထိုသို့တဲများငှား၍ လာရောက်နေထိုင်ကြသူအများစုမှာ ရန်ကုန်မြို့နှင့်ဝေးလံ
သည့် ဒေသများမှ ပြောင်းရွှေ့လာကြသူများဖြစ်ပြီး ယခင်က ရန်ကုန်တွင်နေထိုင် ကြသော်လည်း
အိမ်ငှားခ မတတ်နိုင်သည့်အခြေအနေတွင် ဇာတိဒေသသို့လည်း မပြန်လို သဖြင့် အလုပ်အကိုင်
အတွက် ရန်ကုန်သို့ ဘတ်စ်ကားစီး၍ သွားနိုင်သော ထိုနေရာသို့ ပြောင်းလာခြင်း ဖြစ်သည်။

"ရွာပြန်ရင်ရော ဘာလုပ်စားမှာလဲ" ဟု ဧရာဝတီတိုင်းဒေသကြီးမှ ရွှေ့ပြောင်းလာသူ ကိုသန်းဝင်း
မောင်က ပြောသည်။ ထိုနေရာတွင် ငှားရမ်းနေထိုင်သည့် အိမ်ငှား များမှာ အိမ်ခြေတစ်ထောင်ခန့်
ရှိပြီး လူဦးရေ လေးထောင်ခန့်ရှိကြောင်း ဒေသခံများက ခန့်မှန်းသည်။

သက်တမ်း နှစ် ၅၀ ကျော်ရှိပြီဖြစ်သည့် ကွမ်းခြံကုန်းရွာတွင် ရှစ်ပေပတ်လည်တဲများနှင့် နေသူများ
အပါအဝင် ထောင်နှင့်ချီသောရွာခံမိသားစုများကို လာမည့် ဖေဖော်ဝါရီ ၁ ရက် နောက်ဆုံးထား၍
ရွာလုံးကျွတ်ပြောင်းရွှေ့ရန် သန်လျင်မြို့နယ် ဆည်မြောင်းဦးစီးဌာနနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က
အမိန့်ထုတ်ထားပြီး ဖြစ်သည်။

ရွာသားများပြောင်းရွှေ့ရန် မြို့နယ်အုပ်ချုပ် ရေးမှူးက ယခုလ ၁၈ ရက်က ထုတ်ပြန်ခဲ့သောကြော်
ငြာစာတွင် ကွမ်းခြံကုန်းရွာ၏တည်နေရာ သည် ဧက ၁,၂၀၀ ခန့်ရှိသည့် ဇာမဏီ အင်းရေလှောင်
တမံ ဧရိယာတွင်ရှိနေသဖြင့် ပြောင်းရွှေ့ရန် အမိန့်ထုတ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုသို့ ပြောင်းရွှေ့မိန့် ထုတ်ပြန်ထားခြင်းကြောင့် နေထိုင်သူများမှာ နေထိုင်ရန်နေရာမရှိပဲ အခက်
အခဲတွေ့နေရကြောင်း ပြောသည်။

"ဘယ်ပြေးရမယ်ဆိုတာ မသိတော့ပါဘူး"ဟု အသက် ၅၉ နှစ်အရွယ် ဒေါ်ခင်အုန်းမြင့်က ပြော
သည်။ မြန်မာနိုင်ငံတွင် ရလမ်းမပြနိုင်သောငွေများ ဖြင့် အိမ်ခြံမြေဝယ်ပါက အခွန် ၁၅ ရာခိုင်နှုန်း
သာ ပေးဆောင်ရပြီး ၀ယ်ယူခွင့်ပြုခဲ့သည့် စည်းမျဉ်းကြောင့် အိမ်ခြံမြေ ဈေးနှုန်းများ အလွန်အကျွံ
မြင့်တက်ခဲ့ရသလို၊ အိမ်ငှားခနှုန်း ထားများပါ မြင့်တက်ခဲ့သည်။

လက်ရှိတွင် ရန်ကုန် မြို့၏ အိမ်ခြံမြေဈေးနှုန်းသည် အမေရိကန် နိုင်ငံ နယူးယော့ခ်မြို့၏ မန်ဟက်
တန်ရပ်ကွက် ထက်ပင် ဈေးကြီးနေကြောင်း အမေရိကန်အခြေစိုက် ြူသသာဘနမါ သတင်းဌာနက
ဖော်ပြ ခဲ့သည်။

ရန်ကုန်မြို့တွင် အိမ်ခန်းဖန်တီးနိုင်မှုနှုန်း ထက် လူဦးရေတိုးပွားနှုန်းက သုံးဆခွဲပိုမိုများပြားနေကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တရားဝင် ထုတ်ပြန်ထားပြီး၊ ရန်ကုန်တွင်
တစ်နှစ်လျှင် အိမ်ခန်းပေါင်း ၂၀,၀၀၀ လိုအပ်သည်ဟု ရန်ကုန်မြို့ပြ စီမံချက် ကူညီရေးဆွဲနေသော
ဂျပန်အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ JICA က ယခုလအတွင်းက သတင်း
ထုတ်ပြန်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်