ဒေသဖွံ့ဖြိုးလာခြင်းကြောင့် ပုဂံမြို့ရှိ၊မြေဈေးနှုန်းများ မြင့်တက်လာ

ဒေသဖွံ့ဖြိုးလာခြင်းကြောင့် ပုဂံမြို့ရှိ၊မြေဈေးနှုန်းများ မြင့်တက်လာ

ပုဂံသို့ သွားရောက်လည်ပတ်သည့် နိုင်ငံခြား ခရီးသွားဦးရေ များလာခြင်းနှင့်အတူ ခရီးသွား
လုပ်ငန်းများမှာလည်း ပိုမိုမြင့်တက်လာပြီး ဒေသဖွံ့ဖြိုးမှု တိုးတက်လာခြင်းကြောင့် လက်ရှိ တွင်
ပုဂံမြို့ပေါ်နှင့် ပတ်ဝန်းကျင်ရှိ အချက်အချာ ကျသည့် အခြားနေရာများတွင်လည်း အိမ်ရာမြေ
ဈေးနှုန်းများလည်း သိသာစွာ မြင့်တက်လာခဲ့ သည်။

ထိုကဲ့သို့ အိမ်ရာမြေဈေးနှုန်းများ မြင့်မားခြင်းနှင့် ပုဂံမြို့၏နေထိုင်မှုပုံစံ ပြောင်းလဲမှုတို့ ကြောင့်
ဘုရားပုထိုးများတည်ရှိရာ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးဇုန်များအတွင်း ကျူးကျော်
နေထိုင်မှုများ ဖြစ်ပေါ်လာခဲ့ကြောင်း ရှေးဟောင်းသုတေသနဦးစီးဌာန အမျိုးသား ယဉ်ကျေး
မှုပြတိုက်နှင့် စာကြည့်တိုက်ဌာနမှ ညွှန်ကြားရေးမှူးဖြစ်သူ ဦးနိုင်ဝင်းက မြန်မာတိုင်း(မ်) ကို
ပြောသည်။

"အခု ပုဂံမြို့ထဲမှာ အိမ်ဈေး မြေဈေးတွေက တအားမြင့်တက်လာတယ်။ ဈေးမြင့်လာတော့
ဒေသခံတွေက သူတို့ရဲ့ မြေတွေ အိမ်တွေကို ရောင်းချပြီး တခြားကို ပြောင်းရွှေ့ကြတယ်။ ဒီလို
ပြောင်းရွှေ့တဲ့လူတွေ များလာရာကနေ အခု သတ်မှတ်ဇုန်တွေထဲကိုပါ စတင်ဝင်ရောက် နေထိုင်
မှုတွေ လုပ်လာကြတာကို တွေ့ရပါ တယ်" ဟု ၎င်းက ပြောသည်။

လက်ရှိတွင် သတ်မှတ်ဇုန်များအတွင်းသို့ ၀င်ရောက်လာမှု အများအပြား မရှိသေးသော် လည်း
ထိန်းသိမ်းမှုမရှိပါက နောက်ပိုင်းတွင် ပိုမိုများပြားလာနိုင်ကြောင်း ၎င်းက ပြောသည်။

"သတ်မှတ်ဇုန်တွေထဲကို စပြီးဝင်ရောက်လာတယ်ဆိုပေမယ့် သိပ်အများကြီးတော့ မဟုတ်သေး
ဘူး။ လောလောဆယ်တော့ တဲလေးထိုး ပြီး ၀င်လိုက်၊ ယာလေးလုပ်ပြီး နေလိုက်နဲ့တော့ ရှိနေပါ
ပြီ။ ဒါပေမဲ့ အခုကတည်းက မထိန်းသိမ်း ထားရင် နောက်ပိုင်းမှာ ပိုပြီးတော့ များလာနိုင် တယ်"
ဟု ဦးနိုင်ဝင်းက ပြောသည်။

ပုံဂံမြို့၏ မြင့်တက်လာသော မြေဈေးနှုန်းများ ကြောင့် မြေယာရောင်းချသူများပြားလာသော်
လည်း ယဉ်ကျေးမှုအမွေအနှစ် သတ်မှတ်ဇုန်အတွင်းသို့ ၀င်ရောက်နေထိုင်သူများ မရှိသေးကြောင်း
ပုဂံမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရိုင်အလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဦးခင်မောင်ညိုက
ပြောသည်။

"မြေယာတွေကို ရောင်းချပြီး ပြောင်းရွှေ့နေထိုင်ကြတဲ့သူတွေတော့ ရှိကြပါတယ်။ ဒါပေမဲ့ ကန့်
သတ်ဇုန်ထဲကိုတော့ မရောက်သေးပါဘူး။ ကွက်သစ်ဘက်တွေကိုပဲ ပြောင်းပြီးနေကြတာ များပါ
တယ်။ တကယ်လို့ နေရင်လည်း ရှေးဟောင်းဌာနက လက်ခံမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ပုဂံမြို့သစ်
မှာတော့ ဒေသခံတွေက ၀ိပဿနာ ကျောင်းမရှိလို့ မြို့ပြင်ဘက်မှာ ဆောက်တာကို ဟိုတယ်ဇုန်
ထဲရောက်နေတယ်ဆိုပြီး ကန့်သတ်ထားတာမျိုးတော့ ရှိတယ်။ သတ်မှတ်ဇုန်ထဲရောက်နေတာမျိုး
တော့ မရှိပါ ဘူး" ဟု ၎င်းက ပြောသည်။

၎င်းအပြင် ပုံဂံမြို့သစ်နေရာတွင် ဟိုတယ်များဆောက်လုပ်ရန်အတွက် ဟိုတယ်ဇုန် (ဇုန်လေး)
သတ်မှတ်ပေးပြီးနောက်ပိုင်း ယခင် ပုဂံမြို့ပေါ်နေရာများတွင် ဟိုတယ်များ တည် ဆောက်ခွင့်
မပေးတော့ဘဲ တည်ခိုခန်း တည် ဆောက်မှုများသာရှိကြောင်း ၎င်းက ပြောသည်။

"ပုဂံမြို့ပေါ်မှာတော့ ဟိုတယ်တွေက အရင် ဆောက်ပြီးသားဟိုတယ်တွေပဲ ရှိတယ်။ ထပ်
မဆောက်တော့ဘူး။ ဇုန်လေးဘက်မှာပဲ ဆောက်ခွင့်ပေးတယ်။ ဇုန်လေးထဲမှာတော့ ဟိုတယ်
အဆောက်အအုံအကြီးတွေ လက်ရှိဆောက်နေတာတော့ ရှိတယ်" ဟု ၎င်းက ပြောသည်။

ပုဂံမြို့၏ မြေယာဈေးနှုန်းများမှာလည်း ပြီးခဲ့သည့် လေးငါးနှစ်ခန့်မှစတင်ခါ ကောင်းမွန် လာခဲ့သည့်
ခရီးသွားလုပ်ငန်းများကြောင့် စတင် မြင့်တက်လာခဲ့ပြီး လက်ရှိအချိန်တွင် ဈေးနှုန်း များ အဆ
မတန်မြင့်တက်လာပြီး ကြိုက်ရောင်း ကြိုက်ဝယ်ဈေးနှုန်းများဖြင့် စိတ်ကြိုက်ဝယ်ယူမှု များကြောင့်
အရောင်းအဝယ်မြင့်တက် လျက်ရှိကြောင်း ပုဂံမြို့ဒေသခံတစ်ဦးဖြစ်သူ ကိုနော်က ပြောသည်။

"ပုဂံက ခရီးသွားလုပ်ငန်း သိသိသာသာ ကောင်းလာတော့ ဟိုတယ်တွေ စားသောက် ဆိုင်တွေ
စတဲ့ ခရီးသွားလုပ်ငန်းနဲ့ဆက်စပ်နေတဲ့ လုပ်ငန်းတွေကလည်း ပိုများလာတယ်။ အဲဒီလုပ်ငန်းလုပ်
ချင်ကြတဲ့သူတို့တွေက မြို့နဲ့နီးတဲ့နေရာတွေနဲ့ လမ်းမဘေးဝဲယာတွေက မြေယာတွေကို မှန်းမထား
တဲ့ဈေးတွေပေးပြီး ၀ယ်လာကြတယ်။ ကြိုက်ရင်ကြိုက်သလို ဈေးကောင်းပေးပြီးဝယ်ကြတယ်။ဒါ
ကြောင့် ဒီက မြေယာဈေးတွေက သိန်းထောင်ချီပြီး ဈေးပေါက်နေပြီ" ဟု ၎င်းက ပြောသည်။

ထို့ပြင် ပြီးခဲ့သည့်ကာလများ၌ ပုဂံမြို့သို့လာရောက်သည့် ခရီးသွားဧည့်သည်များပြားလာခဲ့သည့်
အတွက် ဟိုတယ်အခန်းများ မလုံ လောက်မှု ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း ဟိုတယ်နှင့် တည်ခိုခန်းများ
အပြိုင်အဆိုင်တည် ဆောက်လာခြင်းကြောင့်လည်း ပုဂံမြို့ရှိ မြေယာ ဈေးနှုန်းများ မြင့်တက်လာ
ခြင်းဖြစ်ကြောင်း ဦးဝင်းနိုင်က ပြောသည်။

"ပုဂံမှာ အခုလို ခရီးသွားဧည့်သည် လာ ရောက်မှုနှုန်း မြင့်တက်လာတာ ကောင်းပါ တယ်။ ဒါပေမဲ့
အကောင်းနဲ့အဆိုး ဒွန်တွဲနေသလို တစ်ဖက်ကကြည့်တော့လည်း ဆောက် လုပ်ခွင့်ရှိတဲ့နေရာမှာ ဟိုတယ်တွေဆောက်ဖို့အတွက် မြေယာလိုအပ်ချက်တွေကလည်း မြင့်လာတယ်။ ဒီလိုမြင့်လာ
တာနဲ့အမျှ မြေယာ ဈေးနှုန်းတွေကလည်း အဆမတန် မြင့်တက်လာတယ်။ ဒေသခံတွေကလည်း
ဈေးကောင်းရတာကိုရောင်းချပြီး ဈေးသက်သာတဲ့ဆီမှာ သွားနေထိုင်ရင်းနဲ့ပဲ သတ်မှတ်ဇုန်နေရာ
ထဲကို ၀င်မှန်းမသိ တဖြည်းဖြည်း ၀င်ရောက်လာကြတာပါ" ဟု ၎င်းက ပြောသည်။

ပုဂံမြို့သစ်နေရာရှိ အဓိကလမ်းမကြီးပေါ်တွင် မြေဈေးများမှာ ပေ ၆၀x၈၀ တစ်ကွက်လျှင် ကျပ်သိန်း
သုံးထောင်ဝန်းကျင်ခန့်ရှိပြီး ပုဂံမြို့ဟောင်းရှိ လောကနန္ဒာဘုရားအနီး သီရိပစ္စယာရပ်ကွက်တွင်မူ
ပေ ၆၀x၈၀ တစ်ကွက်လျှင် ကျပ်သိန်း သုံးထောင်မှ ငါးထောင်အထိ ပေါက်ဈေးရှိကြောင်း ပုဂံမြို့
သစ်တွင်နေထိုင် သူ ဦးခင်မောင်ညိုက ပြောသည်။ "ပုဂံမြေယာဈေးတွေကတော့ အရမ်းကောင်း
လာပါတယ်။ ဒီနေရာတွေက လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က တစ်ဝိုင်းကို သိန်းနှစ်ရာလောက် ပဲ
ပေါက်ဈေးရှိခဲ့တာပါ။ အခုနောက်ပိုင်း လုပ်ငန်းလာရောက်လုပ်ကိုင်တဲ့ သူတွေ များလာတော့ ဈေး
တွေတက်ကုန်တယ်။ လောကနန္ဒာဘုရားနားက ပိုပြီး အချက် အချာကျတော့ အဲဒီနေရာတစ်ဝိုက်
က ပိုပြီး ဈေးကောင်းရတယ်" ဟု ၎င်းကပြောသည်။

ပုဂံမြို့အား ရှေးဟောင်းအဆောက်အအုံတည်ရှိဇုန်၊ ရှေးဟောင်းအမွေအနှစ်တည်ရှိရာ ဇုန်နှင့် ကာ
ကွယ်ထိန်းသိမ်းရေးဇုန်ဟူ၍ ဇုန်သုံးခုသတ်မှတ်ခဲ့ပြီး နောက်ပိုင်းမှစတင် ကာ သတ်မှတ်ဇုန်အတွင်း
စီးပွားရေး လုပ်ငန်းများနှင့် လူနေထိုင်မှုများအတွက် အဆောက်အအုံတည်ဆောက်ခြင်း ကန့်သတ်
ခဲ့သော်လည်း မသတ်မှတ်ခင်အချိန်ကတည်ဆောက်ခဲ့သည့် အဆောက်အအုံကြီးများမှာ ရှေး
ဟောင်းအမွေအနှစ်နေရာတွင် ရှိနှင့်ခဲ့ပြီး ဖြစ်သည်။

ထို့ပြင် ပုဂံမြို့သည် ခရီးသွားဧည့်သည်များ၊ခရီးသွားလုပ်ငန်းများဆိုင်ရာ စီးပွားရေး လုပ်ငန်းများ
ကြောင့် ပုဂံမြို့အတွင်း အဆောက် အအုံများ၊ ဟိုတယ်များ၊ တည်းခိုခန်းများနှင့် စားသောက်ဆိုင်
များ အများအပြား ပေါ်ပေါက် လာခဲ့သည်။ ထိုအဆောက်အအုံများ များပြားလာခြင်းက ပုဂံမြို့၏
မြေဈေးကွက်ကို များစွာပြောင်းလဲစေခဲ့ပြီး ဈေးများလည်း ဆက်လက်မြင့်တက်နိုင်ကြောင်း ဒေသ
ခံများက သုံးသပ်သည်။

ပုဂံမြို့ရှိ ဟိုတယ်နှင့် တည်ခိုခန်းများမှာ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလအထိ စုစုပေါင်း ရ၇ လုံးခန့်ရှိပြီး
အဆိုပါ ဟိုတယ်နှင့် တည်ခိုခန်းများ ကို ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင်းမှစတင်၍ နှစ်ထပ်မှ သုံးထပ်
ထိ တိုးချဲ့ဆောက်လုပ်ခွင့် ပြုခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်