အဆောက်အအုံ ကန့်သတ်ချက်ကြောင့် ဆိပ်ကမ်းစီမံကိန်းအချို့ ရပ်ဆိုင်းခဲ့ရ

အဆောက်အအုံ ကန့်သတ်ချက်ကြောင့် ဆိပ်ကမ်းစီမံကိန်းအချို့ ရပ်ဆိုင်းခဲ့ရ

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရန်ကုန်ဆိပ်ကမ်းနယ်မြေအတွင်းရှိ အချို့ နေရာ
များတွင် အဆောက်အအုံများအား သုံးထပ် ထက်ပို၍ မဆောက်လုပ်ရန် လက်ရှိကာလတွင်
ကန့်သတ်ခဲ့သည့်အတွက် ရန်ကုန်ဆိပ်ကမ်းတွင် အဆင့်မြှင့်တင်ရန်ရေးဆွဲထားသည့် အထူး
အစီအစဉ်အချို့မှာလည်း ရပ်ဆိုင်းခဲ့ရကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူများက
ပြောသည်။

"စည်ပင်သာယာက ဆိပ်ကမ်းနယ်မြေထဲက တချို့နေရာတွေကို သုံးထပ်ထက်ပိုပြီးဆောက်ခွင့်
မပေးတော့ဘူး။ သုံးထပ်ထက်ပိုပြီးဆောက် ရင် ဆိပ်ကမ်းပတ်ဝန်းကျင်နဲ့ မြင်ကွင်းတွေကို ထိခိုက်
နိုင်တယ်ဆိုပြီး ကန့်သတ်ခဲ့တာပါ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ဆိပ်ကမ်းအထူး စီမံကိန်းထဲမှာပါတဲ့
တချို့စီမံကိန်းတွေက မဖြစ်မနေ ရပ်ဆိုင်းထားရပါတယ်။ ကျွန်တော်တို့ စီမံကိန်းထဲမှာ ၁၀ ထပ်နဲ့
၁၂ ထပ် အဆောက်အအုံ တွေဆောက်လုပ်ဖို့ ရှိနေပါတယ်။ ဒီအဆောက်အအုံ ဆောက်လုပ်မှုတွေ
အကုန်လုံး ရပ်ဆိုင်းထားပါတယ်" ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူ ဦးထိန်လင်းက
ပြောသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် ရန်ကုန်မြို့တွင်းရှိ ဆိပ်ကမ်းဒေသများအား အဆင့်မြှင့်တင်ရန်
အတွက် အထူးစီမံကိန်းများအား ၂၀၁၂ ခုနှစ်ခန့်က ရေးဆွဲခဲ့ပြီး ၂၀၁၃ ခုနှစ်အတွင်း စီမံကိန်းအချို့
အတွက် ပုဂ္ဂလိကကုမ္ပဏီများကိုတင်ဒါခေါ်ယူခဲ့ပြီး ဖြစ်သည်။

အဆိုပါအဆင့်မြှင့်တင်မှုများထဲတွင် ဆိပ်ခံတံတားများတိုးချဲ့ခြင်း၊ ရေပေါ်ဟိုတယ်များ ဆောက်လုပ်
ခြင်း၊ ဆိပ်ကမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ခေတ်မီအထပ်မြင့် အဆောက်အအုံများနှင့်အတူ
ဈေးဝယ်စင်တာများပါ ဆောက်လုပ်သွားမည် ဖြစ်သည်။

သို့သော် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဆိပ်ကမ်းနယ်မြေများအတွင်း ခေတ်မီ
အထပ်မြင့်အဆောက်အအုံများ တည်ဆောက်ပါက မြို့မြင်ကွင်းများကို ထိခိုက်စေသည့် အတွက်
သုံးထပ်နှင့်အထက်ရှိသောအဆောက် အအုံများအား ဆောက်လုပ်ခွင့်မပြုခဲ့ခြင်းဖြစ်ကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မြို့ပြ စီမံကိန်းရေးဆွဲသူ ဒေါ်လှိုင်မော်ဦးက ပြောသည်။

"ကျွန်မတို့ကတော့ နိုင်ငံတော်အစိုးရကို ဆိပ်ကမ်းရဲ့ဘယ်နေရာတွေကတော့ ဘယ်လို
အဆောက်အအုံတွေ မဆောက်သင့်ဘူးဆိုပြီး တင်ပြထားပါတယ်။ ဒီလိုတင်ပြလို့လည်း
လောလောဆယ် ရန်ကုန်ဆိပ်ကမ်းက စီမံကိန်းတချို့ ကိုတည်ဆောက်ဖို့ အဆင်မပြေတဲ့အကြောင်း
ပြောပြထားတယ်။ သူတို့ကို အချက်အလက်နဲ့ သေချာရှင်းပြတော့ သူတို့ဘက်ကလည်းလက်ခံပါ
တယ်" ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

ရန်ကုန်ဆိပ်ကမ်းတစ်လျှောက် အဆင့်မြင့်တင်ရန် စီစဉ်လျက်ရှိသည့် နယ်မြေများတွင်
ဗိုလ်တစ်ထောင်၊ ပန်းဆိုးတန်း၊ လသာ၊ လမ်းမတော် နှင့် အလုံမြို့နယ်များ ပါ၀င်ပြီး ရန်ကုန်မြစ်
အတွင်းမှဝင်ရောက်လျှင် ရွှေတိဂုံဘုရားကို ဖူးတွေ့ရသည့် မြင်ကွင်းမှာ ဗိုလ်တထောင်၊
ပန်းဆိုးတန်းနှင့် နန်းသီတာဆိပ်ကမ်းနယ်မြေများတွင် အဓိကဖြစ်သည့်အတွက် ယင်းနေရာများတွင်
အဆောက်အအုံများကို သုံးထပ်ထက် ပိုမဆောက်ရန် သတ်မှတ်ခြင်းဖြစ်ကြောင်း
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ အဆောက်အအုံဌာနမှ လက်ထောက်
ညွှန်ကြားရေးမှူး ဦးနေဝင်းက ပြောသည်။

"ရန်ကုန်မြစ်ကနေ ၀င်လာရင် အရင်ဆုံး မြင်တွေ့ရမှာ ရွှေတိဂုံဘုရားပဲလေ။ ရန်ကုန်မြို့ရဲ့ အဓိက
ပြယုဂ်ကလည်း ရွှေတိဂုံဘုရားဖြစ်နေတော့ အဆောက်အအုံနဲ့ ကာပြီးဆောက်လိုက်မယ်ဆိုရင်
ကိုယ့်နိုင်ငံရဲ့ အရေးကြီးတဲ့ ပြယုဂ်တွေ ပျောက်ကွယ်သွားမှာပါ။ ကျွန်တော်တို့ကလည်း ဒါကို
ထိန်းသိမ်းစေချင်လို့ ကန့်ကွက်ခဲ့တာပါ။ ခေတ်မီအဆောက်အအုံဆိုတာလည်း လိုအပ်ပါတယ်။
အဲဒါကြောင့် တည်ဆောက်လို့ ရတဲ့နေရာတွေမှာ တည်ဆောက်လို့ရအောင်လို့ ဖြေလျှော့တာ
တွေလည်း ပြုလုပ်ပေးခဲ့တာပါ" ဟု ၎င်းက ပြောသည်။

ယခုအခါတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် အဖွဲသည် ဗိုလ်တထောင်ဆိပ်ကမ်းနေရာတွင်
တည်ဆောက်ရန် စီစဉ်ထားသည့် ရေပေါ် ဟိုတယ်လေးခုအနက် တစ်ခုသာ တည်ဆောက်ခွင့်ရခဲ့ပြီး
ပန်းဆိုးတန်းဆိပ်ကမ်းနှင့် နန်းသီတာ ဆိပ်ကမ်းနယ်မြေများတွင်တည်ဆောက်မည့် ခေတ်မီ
အထပ်အမြင့်အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများမှာလည်း ရပ်နားထားရသည်။

"ဆိပ်ကမ်းဖွံ့ဖြိုးမှုဘက်က ပြန်ကြည့်ရင်တော့ ဖွံ့ဖြိုးမလာတော့ဘူးပေါ့။ ဆိပ်ကမ်းဝင်ငွေတိုးတက်မှုနဲ့
အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှုတွေကတော့ လျော့သွားနိုင်ပါတယ်။ ကျွန်တော်တို့က စီမံကိန်းတွေ
ရေးဆွဲထားပြီး ပုဂ္ဂလိက ကုမ္ပဏီတွေကို တင်ဒါခေါ်ထားရုံပဲ ရှိပါသေးတယ်။ တင်ဒါအောင်တဲ့
သူတွေကိုတော့ နားလည်အောင် ပြောပြထားပါတယ်။ ခွင့်မပြုတော့လည်း ဘာမှမတတ်နိုင်ပါဘူး"
ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အင်ဂျင်နီယာ ဦးမြသန်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်