ရန်ကုန် - ပဲခူး ကားလမ်းမ တစ်လျှောက် မြေဈေးများတက်

ရန်ကုန် - ပဲခူး ကားလမ်းမ တစ်လျှောက် မြေဈေးများတက်

ဟံသာဝတီ လေဆိပ်စီမံကိန်းကို စတင်တည်ဆောက်ခွင့်ပေးလိုက်ကြောင်း ကြေညာလိုက်သည့်
ယမန်နှစ် ဩဂုတ်လ နောက်ပိုင်းမှ စတင်ကာ ရန်ကုန် - ပဲခူး အဝေးပြေး လမ်းမ တစ်လျှောက်ရှိ
အိမ်ခြံမြေဈေးနှုန်းများ ဆယ်ဆ နီးပါး ဈေးတက်ခဲ့သော်လည်း လက်ရှိတွင် အရောင်းအဝယ်အေး
နေကြောင်း ရန်ကုန်မြို့ အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

"ဟံသာဝတီလေယာဉ်ကွင်း စီမံကိန်းကြောင့် မြေဈေးတွေ တက်သွားတာ။ ပဲခူးမြို့အဝင် တစ်ဝိုက်
ဈေးနှုန်းတွေ အရမ်းတက်သွားတယ်" ဟု ရွှေကံမြေအိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ
ဦးခင်မောင်အေး ကပြောသည်။

စက်မှုဇုန်မြေကွက်များအတွက် လာရောက်ရင်းနှီးမြှုပ်နှံသူအများစုမှာ ကိုရီးယား အထည်ချုပ်စက်ရုံ
နှင့် အခြားစီးပွားရေးလုပ်ကိုင်မည့်သူများပါ၀င်ကြောင်း ၎င်းက ပြောသည်။

"ရန်ကုန် - ပဲခူး ကားလမ်းမဘေးက မြေကွက်တွေ၊ ပဲခူးစက်မှုဇုန်၊ ပဲခူးသစ်သီးခြံတွေနဲ့
သနပ်ပင်လမ်းက မြေကွက်တွေကို လူကြိုက်များ နေပါတယ်" ဟု ပဲခူးဒေသခံ တစ်ဦးက
ပြောသည်။

အိမ်ခြံမြေ ၀ယ်ရောင်း လုပ်ကိုင်သူများ၏ လာရောက် ဈေးကစားမှုကြောင့် စီမံကိန်းနယ်မြေဟု
သတင်းထွက်သည့်နေရာများတွင် ဈေးများတစ်ရှိန်ထိုး ခုန်တက်လာခဲ့သည်။

ယခုအခါ လာရောက် ရင်းနှီးမြှုပ်နှံလိုသူများသည် အတွင်းပိုင်းမြေနေရာများကိုပါ ပိုမိုစိတ်ဝင်စား
ကြည့်ရှုလာကြောင်း အဆိုပါဒေသခံက ပြောသည်။

မြို့အဝင်ကားလမ်းမတစ်လျှောက်ရှိ သစ်သီးခြံများမှာ ယမန်နှစ်ဆန်းပိုင်းက တစ်ဧကလျှင်
ကျပ်သိန်း ၄၀ မှ ၅၀ ၀န်းကျင်ရှိခဲ့ရာမှ ယခုအခါ သိန်း ၄၀၀ အထိ အချိန်တိုအတွင်း ဈေးတက်လာ
ခဲ့သည်။

စိုက်ပျိုးရေးဇုန်များ တစ်ဝိုက်ရှိ မြေကွက်များမှာ ကျပ်သိန်း ၂၀၀ မှ ၆၀၀ အထိမြင့် တက်လာကာ
စက်မှုဇုန်မြေများမှာ သိန်း ၅၅၀ မှ ၂,၀၀၀ အထိမြင့်တက်လာကြောင်း အိမ်ခြံမြေအကျိုးဆောင်များ
ကပြောသည်။

လေဆိပ်စီမံကိန်းကြောင့် မြေဈေးများ တက်သွားခဲ့သော်လည်း ယခင်က တည်ဆောက်မည်ဟု
သတင်းထွက်ခဲ့သည့် ကိုရီးယားကုမ္ပဏီ မဟုတ်တော့ဘဲ ကုမ္ပဏီအသစ် ပြောင်းလဲမည်ဖြစ်ကာ
စီမံကိန်းလည်း ရပ်ဆိုင်းမည်ဆိုသော ကောလာဟလများ ထွက်ပေါ်လာခဲ့ခြင်းကြောင့် မြေဈေး
အနည်းငယ် ပြန်လည်ငြိမ်သက်လာပြီး အရောင်းအဝယ်လည်း အေးသွားခဲ့ကြောင်း
အကျိုးဆောင်များက ပြောသည်။

စိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှတာဝန်ရှိသူတစ်ဦးက လတ်တလော
အရောင်းအဝယ်အေးလာပြီး ဈေးနှုန်းလည်းအမြင့်ပိုင်းတွင်ပင် တည်ငြိမ်နေနိုင်ကြောင်း ပြောသည်။

"ပဲခူးလမ်းမတစ်လျှောက် မြေဈေးတွေက အရမ်းကိုတက်သွားတယ်။ ဒါပေမဲ့ အရောင်းအဝယ်
သိပ်မဖြစ်ဘူး။ ဈေးတွေကလည်း မတန်တဆဈေးတွေအထိ အရမ်းမြှင့်ပြီး ခေါ်ထားတာဆိုတော့
တော်ရုံတန်ရုံ စီးပွားရေးသမားတွေကလည်း အတွင်းပိုင်းနေရာတွေကို ပိုဝယ်ယူလာကြပါတယ်။
လမ်းမတန်းပေါ်က မြေကွက်တွေက ခေါ်ဈေးတွေကအရမ်းမြင့်နေတော့ သိပ်မဝယ်ကြဘူး" ဟု
အာရှမြေ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်