အိမ်ရာစီမံကိန်းနှင့်၊ယာဉ်ရပ်နားစခန်းစီမံကိန်းများ တင်ဒါခေါ်ယူ

အိမ်ရာစီမံကိန်းနှင့်၊ယာဉ်ရပ်နားစခန်းစီမံကိန်းများ တင်ဒါခေါ်ယူ

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ က စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်
ခြောက်ခုတွင် မြို့ပြအိမ်ရာစီမံကိန်း၊ တန်ဖိုးမျှတအိမ်ရာစီမံကိန်းနှင့် အဆင့်မြင့် ယာဉ်ရပ်နားစခန်း
များ လုပ်ကိုင်ရန်အတွက် ယခုလ ၁၁ ရက်နေ့က အစိုးရသတင်းစာများ တွင် ကြေညာကာ တင်ဒါ
ခေါ်ယူခဲ့သည်။

အဆိုပါကြေညာချက်အရ မြောက်ဥက္ကလာပ မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗိုလ်တထောင်
မြို့နယ်၊ ကမာရွတ်မြို့နယ်၊ ဒဂုံမြို့သစ် (မြောက် ပိုင်း) နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တို့တွင်
မြို့ပြအိမ်ရာစီမံကိန်း၊ တန်ဖိုးမျှတအိမ်ရာစီမံကိန်း၊ မြို့ပြအိမ်ရာစီမံကိန်းနှင့် ယာဉ်ရပ်နားစခန်း၊
အဆင့်မြင့်ယာဉ်ရပ်နားရန် အဆောက်အအုံစီမံကိန်းစသည်တို့ကို မြို့တော်စည်ပင်နှင့် အကျိုးတူ
ပူးပေါင်းဆောင်ရွက်မှုကိုအခြေခံကာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း
ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ
တာဝန်ရှိသူက ပြောသည်။

"တင်ဒါအတွက် လျှောက်လွှာတွေကို အခုလ ၂၅ ရက်နေ့ကစပြီး ရောင်းပေးသွားမှာပါ။ ပရော
ဂျက်တွေအားလုံးကိုတော့ ဖြစ်နိုင်ရင် တစ်ပြိုင်တည်းစချင်တယ်။ ဘယ်တော့လုပ်ငန်းစဖြစ်မလဲ
ဆိုတာကိုတော့ တင်ဒါတွေ စိစစ်ပြီးမှ သိနိုင်ပါမယ်။ ဒါကိုလည်း နောက်ပိုင်းမှာ ထုတ်ပြန်ကြေညာ
သွားပါ့မယ်" ဟု အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ တာဝန်ရှိသူက ယခုလ ၁၈ ရက်နေ့တွင်
မြန်မာတိုင်း(မ်) ကို ပြောသည်။

ပြည်တွင်းကုမ္ပဏီများ၊ နိုင်ငံခြားကုမ္ပဏီများ နှင့် ပြည်တွင်းပြည်ပဖက်စပ်ကုမ္ပဏီများအား တင်ဒါ
တင်သွင်းရန် ဖိတ်ခေါ်ထားပြီး လျှောက်လွှာများကို မတ်လ ၃၁ ရက် မွန်းလွဲ ၂ နာရီနောက်ဆုံး
ထား တင်သွင်းရမည် ဖြစ်သည်။ ကြေညာချက်တွင် မြို့ပြအိမ်ရာစီမံကိန်း များအား မြောက်ဥက္က
လာပမြို့နယ်၊ ရွှေပေါက္ကံ၊ ပုဂံလမ်းနှင့် ဟံသာဝတီလမ်းထောင့်ရှိ ၁၀ ဒသမ ၉၃ ဧကခန့်ကျယ်ဝန်း
သော မြေဧရိယာတွင် လည်းကောင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ရာဇဓိရာဇ်လမ်းရှိ ၄၀
ဒသမ ၄၉၃ ဧက ခန့်ကျယ်ဝန်းသော မြေဧရိယာတွင်လည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ်၊
ဈေးကြီးလမ်းရှိ ၀ ဒသမ ၃၆၄ ဧကတွင်လည်းကောင်း အကောင်အထည် ဖော်သွားမည်ဖြစ်သည်။

တန်ဖိုးမျှတအိမ်ရာစီမံကိန်းအား ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ၁၁ ဧက
ခန့်ကျယ်ဝန်းသော မြေနေရာတွင် အကောင်အထည်ဖော်ဆောင် ရွက်မည်ဖြစ်ပြီး မြို့ပြအိမ်ရာ
စီမံကိန်းနှင့် ယာဉ်ရပ်နားစခန်း ကို ဗိုလ်တထောင်မြို့နယ်၊ ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းထောင့်
ရှိ ၃ ဒသမ ၀၆၈ ဧကခန့်ရှိ မြေနေရာနှင့် ၄၅ လမ်းရှိ ၂ ဒသမ ၅၆၁ ဧက ခန့်ကျယ်ဝန်းသော မြေ
နေရာတို့တွင် ဆောင်ရွက် သွားမည်ဖြစ်သည်။

ထို့ပြင် အဆင့်မြင့် ယာဉ်ရပ်နားရန် အဆောက်အအုံစီမံကိန်းအား ကမာရွတ် မြို့နယ်၊ လှည်းတန်း
လမ်းနှင့် ထန်းတပင်လမ်းထောင့်ရှိ မြေနေရာတွင် ဆောင်ရွက်မည် ဖြစ်သည်။

"စီမံကိန်း အကောင်အထည်ဖော်သွားမယ့်နေရာတွေကတော့ စည်ပင်ပိုင်မြေနေရာတွေပါ။ ဗိုလ်
တထောင်က နေရာနှစ်ခုဆို မြို့တော် စည်ပင်ရဲ့ ပစ္စည်းထိန်းသိမ်းရေး ဂိုဒေါင် တွေရှိပြီး လက်ရှိ
အသုံးပြုနေဆဲဖြစ်တယ်" ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

စီမံကိန်းဆိုင်ရာ အချက်အလက်များအား တင်ဒါတင်သွင်းသူများ လိုက်နာရန် ညွှန်ကြား ချက်များ
တွင် ဖော်ပြထားမည်ဖြစ်သည်ဟု ပြောသည်။ တင်ဒါတင်သွင်းမည့် လုပ်ငန်းရှင် များသည် ငွေကြေး
ဆိုင်ရာ အဆိုပြုလွှာနှင့် ကျွမ်းကျင်မှုနည်းပညာဆိုင်ရာ အဆိုပြုလွှာဟူ၍ စာအိတ်နှစ်ခုဖြင့်
တင်သွင်းရန်နှင့် လိုက်နာရန် ညွှန်ကြားချက်များနှင့်အညီ ပြုစုဖော်ပြရမည်ဖြစ်ကြောင်း ၎င်းက
ပြောသည်။

"တင်ဒါလာလျှောက်တဲ့လူတွေက သတ်မှတ် ထားတဲ့ အချက်အလက်တွေနဲ့အညီ ပြည့်ပြည့် စုံစုံ
တင်မှ ကျွန်တော်တို့ဘက်ကလည်း စနစ် တကျ မြန်မြန်ဆန်ဆန် စိစစ်နိုင်မှာဖြစ်ပြီး လုပ်ငန်း စနိုင်
မယ်" ဟု အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ တာဝန်ရှိသူက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) နှင့် (အရှေ့ပိုင်း) မြို့နယ်မှ စီမံကိန်း များ
အတွက် တင်ဒါစာရွက်စာတမ်းများ အပြည့် အစုံကို တစ်စုံလျှင် အမေရိကန်ဒေါ်လာ ၃၀၀၊
သို့မဟုတ် မြန်မာငွေ ကျပ် ၃၀၀,၀၀၀ ပေးသွင်း ၀ယ်ယူနိုင်ပြီး တင်ဒါများနှင့်အတူ တင်ဒါ
တင် သွင်းမှု အာမခံအဖြစ် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ တန်ဖိုးရှိ ဘဏ်အာမခံ ပါရှိရမည်
ဖြစ်သည်။

ကျန်နေရာများမှ စီမံကိန်းများအတွက်မူ စာရွက်စာတမ်းအပြည့်အစုံတစ်စုံလျှင် အမေ ရိကန်
ဒေါ်လာ ၅၀၀၊ သို့မဟုတ် မြန်မာငွေ ကျပ် ၅၀၀,၀၀၀ ပေးသွင်း ၀ယ်ယူရမည်ဖြစ်ပြီး စီမံကိန်း
တင်ဒါနှင့်အတူ တင်ဒါတင်သွင်းမှု အာမခံအဖြစ် အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ တန်ဖိုးရှိ
ဘဏ်အာမခံပါရှိရမည်ဖြစ်ကြောင်း ကြေညာထားသည်။

အသေးစိတ်ကိုမူ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်
အအုံ) သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်