ယခင် နိုင်ငံခြားသားအမည် ပေါက် မြေပေါ်တွင် အဆောက်အအုံ ဆောက်လုပ် ခွင့်ပြုမည်

ယခင် နိုင်ငံခြားသားအမည် ပေါက် မြေပေါ်တွင် အဆောက်အအုံ ဆောက်လုပ် ခွင့်ပြုမည်

ယခင်က ခွင့်မပြုခဲ့သည့် နိုင်ငံခြားသားအမည်ပေါက်မြေပေါ်တွင် အဆောက်အအုံတည်ဆောက်
ခွင့်အား ယခုနှစ်စပိုင်းမှ စတင်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး
ကော်မတီ အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနမှ တာဝန်ရှိသူများက ပြောသည်။

"အရင်တုန်းက နိုင်ငံခြားသားအမည်ပေါက် မြေပေါ်မှာ အဆောက်အအုံအသစ်တည်ဆောက်တာ
ဖြိုဖျက်တာတွေကို ခွင့်မပြုခဲ့ဘူး။ တစ်ကယ်လို့ ဆောက်လုပ်ခွင့် တင်ပြလာတာတွေက နိုင်ငံခြား
သားအမည်ပေါက်ဖြစ်နေရင် စည်ပင်သာယာက ဆုံးဖြတ်လို့မရဘူး။ ပြည်ထဲရေးကို ပြန်တင်ပြ
ရတယ်။ အခု ပြည်ထဲရေးကနေပြီးတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို
ဆက်လက်ဆောင်ရွက် ခွင့်ပေးလိုက်တာပါ" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ
အင်ဂျင် နီယာ (အဆောက်အအုံ) ဌာနမှ လက်ထောက်ဌာနမှူးဖြစ်သူ ဦးနေဝင်းက ပြောသည်။

မြန်မာနိုင်ငံတွင် ကိုလိုနီခေတ်လက်ထက်၌ နေထိုင်ခဲ့သည့် နိုင်ငံခြားသားများပိုင်ဆိုင်သောမြေဧက
များပေါ်တွင် မြေဧကငယ်များ စိတ်ပိုင်းရောင်းချပြီး ရောင်းဝယ် သူအချင်းချင်း အရပ်စာချုပ်များဖြင့်
သာချုပ်ဆိုကာ အဆင့် ဆင့် လက်ဆင့်ကမ်းပြောင်းရွှေ့နေထိုင်မှုများ သည် ရန်ကုန်မြို့နယ်များ
တွင် အများအပြား ရှိခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်ထိ အဆိုပါမြေနေရာပေါ်တွင် အဆောက်
အအုံ တည်ဆောက်ခွင့် မပြုခဲ့ပေ။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနတွင် ယင်း
ကဲ့သို့ နိုင်ငံခြား အမည်ပေါက်မြေများပေါ်တွင် နှစ်ထပ်နှင့် သုံးထပ်ရှိသော အဆောက်အအုံများ
ဆောက်လုပ်ရန် ဆောက်လုပ်ခွင့်တင်ထားသည့်အဆောက်အအုံ အလုံး ၂၀၀ ခန့်ရှိကြောင်း
၎င်းက ပြောသည်။

"ကျွန်တော်တို့ဆုံးဖြတ်တာကတော့ ဒီမြေကိုပိုင်ဆိုင်ခဲ့တဲ့နိုင်ငံခြားသားတွေလည်း အခုချိန်မှာမရှိ
တော့ဘူး။ လက်ရှိ အဲဒီမြေနေရာမှာနေထိုင်ကြတဲ့သူတွေကလည်း ၁၅ နှစ် အနှစ်၂၀ ရှိတယ်ဆို
တော့ သူတို့ကိုဆောက်ခွင့်ပေးလို့ရတယ်ဆိုပြီး ဆောက်ခွင့်ပေးလိုက် တာပါ။ လောလောဆယ်
ကျွန်တော်တို့ အမြင့်ဆုံးသုံးထပ်ရှိတဲ့ အဆောက်အအုံလောက် ပဲပေးဆောက်ထားပါတယ်" ဟု
၎င်းက ပြောသည်။

ရန်ကုန်မြို့၏ တွင်ကျယ်လျက်ရှိသော မြေအရောင်းအဝယ်များသည် ရောင်းဝယ်သူအချင်းချင်း
သာ နားလည်မှုဖြင့်စာချုပ်ချုပ် ဆိုကာ ရောင်းချဝယ်ယူကြပြီး အစိုးရထံတွင် အခွန်ပေးဆောင်ကာ
မြေအားပိုင်ဆိုင်သူအမည်ပေါက်ရအောင် ပြုလုပ်သူ နည်းနေသေးနည်းကြောင်း စည်ပင်သာယာမှ
တာဝန်ရှိသူများက ပြောသည်။

မူလမြေပိုင်ရှင်၏ မြေဧကများမှ တစ်စိတ် တစ်ပိုင်း မြေဝယ်သူများသည် မိမိ၀ယ်ယူထားသော
မြေအား နှစ်ဦးသဘောတူ တရားဝင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုရပြီး ရန်ကုန် မြို့တော်
စည်ပင်သာယာတွင် ၀ယ်ယူထားကြောင်းတင်ပြရသည်။

ထိုသို့စာရင်းသွင်းပြီးချိန်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာမှ အင်ဂျင်နီယာများက ၀ယ်ယူ
ထားသည့်မြေဧရိယာအတိုင်း တိုင်းတာသတ်မှတ်ပြီး ၀ယ်ယူသူအမည်ဖြင့် စာရင်းသွင်းသတ်မှတ်
မှသာလျှင် ပိုင်ဆိုင်မှုမှန်ကန်ကာ အဆိုပါမြေမှာ ၀ယ်ယူသူ၏အမည်ပေါက်ဖြစ်ကြောင်း ဌာနမှ
တာဝန်ရှိသူများက ပြောသည်။

"တော်တော်များများက ဒီနေရာမှာ သားစဉ်မြေးဆက်နေလာကြတယ်။ ဒါပေမဲ့ အမည်ပေါက်
အောင်မလုပ်ကြဘူး။ ရုံးလာ ရတာတို့ အခွန်ဆောင်ရတာတို့ကို မလုပ်ချင်ကြဘူး။ အဲဒီလိုမြေ
နေရာတွေကို ကျွန်တော်တို့က ပိုင်ဆိုင်မှုမမှန်ဘူးလို့ သတ်မှတ်ထားတယ်။ ပိုင်ဆိုင်မှုမမှန်တဲ့မြေ
က မြန်မာနိုင် ငံသားပိုင်တယ်ဆိုရင်တော့ ပြဿနာမရှိဘူး ။ ဆောက်ချင်ရင် သုံးထပ်ထိပေး
ဆောက်တယ်။ နိုင်ငံခြားသားအမည်ပေါက်ဆိုရင် အရင်က ဆောက်ခွင့်မပေးဘူး။ အခုတော့
သူ့ကိုလည်း သုံးထပ်ထိဆောက်ခွင့်ပေးထားတယ်" ဟု ဦးနေဝင်းကပြောသည်။

ယခုလက်ရှိ ရန်ကုန်မြို့တွင် နိုင်ငံခြားသားအမည်ပေါက်မြေများမှာ နည်းပါးသွားပြီဖြစ်သော်လည်း
အချို့နေရာများတွင်မူ ကျန်ရှိသေးကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။ အင်းစိန်
မြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်နှင့် ကမာရွတ်မြို့နယ်များတွင် ယင်းကဲ့သို့ မြေများကျန်ရှိသေးသော်
လည်း ယခင်ပိုင်ဆိုင် ခဲ့သည့် ကျယ်ဝန်းသည့်မြေဧရိယာများပေါ်တွင် ယခုအခါတွင် မြေဧကများစွာ ခွဲစိတ်ရောင်းချမှုများကြောင့် နေထိုင်သူများစွာဖြင့် နေထိုင်ကြကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေ
အကျိုးဆောင်မှ အထွေထွေမန်နေဂျာ ဦးရန်အောင်က ပြောသည်။

"ကိုယ်ဝယ်ထားတဲ့မြေကို ကိုယ့်နာမည်ပေါက် လုပ်ထားတာ အကောင်းဆုံးပါပဲ။ ကိုယ့်မြေက
လက်ဆင့်ကမ်းပြီး အရပ်စာချုပ်နဲ့ရောင်းထားတဲ့မြေဖြစ်ပေမယ့် ကိုယ့်လက်ထက်မှာတော့ ကိုယ့်
နာမည်ဖြစ်အောင် လုပ်သင့်တယ်။ နိုင်ငံခြားသားအမည်ပေါက်ဖြစ်နေတယ်ဆိုရင်လည်း တရားရုံး
မှာ ကိုယ့်အမည်ပြောင်းလျှောက်တင်ပြီး အခွန်ဆောင်မယ်ဆိုရင် ရတယ်။ ကိုယ့်မြေက ကိုယ်ဝယ်
ထားပြီး ကိုယ့်အမည်မပေါက်ရင် တစ်ချိန်ချိန် မှာ အဆင်မပြေဖြစ်နိုင်တယ်" ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်