မှော်ဘီမြို့နယ်တွင် ဥယျာဉ်စိုက်ပျိုးပြီးသား လယ်ယာမြေများအား နေထိုင်ရန် ၀ယ်ယူသူများပြား
လာသဖြင့် မြေဈေးနှုန်းများမြင့်တက်လာသော်လည်း အရောင်းအဝယ်အေးနေကြောင်း ဒေသခံနှင့်
အိမ်ခြံမြေ အကျိုးဆောင်များ က ပြောသည်။
ခြံဝင်းကျယ်ကျယ်နှင့် နေထိုင်လိုသူများပြား လာခြင်းကြောင့် မှော်ဘီမြို့နယ်တစ်ဝိုက်တွင် မြေနေ
ရာများ ၀ယ်လိုအားတက်လာခဲ့ပြီး လယ်မြေများကိုပါ ခြံမြေအဖြစ်ရောင်းချခြင်း များ ရှိလာကြောင်း
ဒေသခံများကပြောသည်။
"လောလောဆယ် မှော်ဘီမှာ လယ်ယာမြေတွေကို ပြန်ရောင်းတာများနေတယ်။ တစ်မြို့နယ်
လုံးနီးပါးပါပဲ။ အရင်ကတော့ ရန်ကုန်မြို့တွင်းမှာနေတဲ့လူတွေက ခြံဝင်းနဲ့နေထိုင်ချင်လာကြတာ
ကြောင့် မှော်ဘီဘက်မှာ ခြံလာဝယ်ထားကြတယ်။ တရုတ်တွေလည်း လာဝယ်ကြတယ်။
လမ်းမတန်းတစ်ဧကကို သိန်း ၂၀၀ ရှိပြီး အတွင်း လမ်းတွေဆိုရင် သိန်း ဆယ်ဂဏန်းရှိတယ်"
ဟု ဒေသခံ ကိုသက်နိုင်က ပြောသည်။
မှော်ဘီမြို့နယ်သည် မြို့နယ်အဆင့်အဖြစ်သတ်မှတ်ထားသော်လည်း ကျေးရွာများလည်းပါ၀င်
နေဆဲဖြစ်ပြီး ယခင်က အငြိမ်းစားအရာရှိ နှင့် အစိုးရဝန်ထမ်းအချို့ အေးဆေးစွာ အနားယူ ရန်
ခြံမြေများဝယ်ယူလေ့ရှိကြသည်။
သို့သော် ၂၀၁၁ ခုနှစ်မှစတင်၍ မှော်ဘီတွင် ခြံဝင်းဝယ်ယူသူအရေအတွက် များပြားလာခဲ့ကြောင်း
ဒေသခံများက ပြောသည်။
"၂၀၁၁ လောက်ကနေစပြီး ဒီဘက်မှာ ခြံမြေ အရောင်းအဝယ်တွေ သိသိသာသာဖြစ်လာ တယ်။
အများဆုံးကတော့ ၂၀၁၃ ခုနှစ်ပါပဲ။ ဒါပေမဲ့ အစိုးရက လယ်ယာပုံစံ ရ ထုတ်ပြီး နောက်မှာတော့
အရောင်းအဝယ် နည်းနည်း အေးသွားတယ်။ မှော်ဘီဘက်မှာတော့ အကျိုး ဆောင်လုပ်ငန်းတွေနဲ့
ချိတ်ဆက်လုပ်တာ ထက် အရပ်ပွဲစားခေါ်တဲ့ ဒေသခံ အကျိုးဆောင် တွေနဲ့ပဲ လုပ်ကြတာများတယ်''
ဟု ကိုသက်နိုင် က ပြောသည်။
မှော်ဘီမြို့နယ်တွင် ပြီးခဲ့သည့်လအထိ မြေ အရောင်းအဝယ်များပြားခဲ့သော်လည်း ၂၀၁၄ နှစ်ဆန်း
ပိုင်းမှစ၍ အရောင်းအဝယ်အေးလျက် ရှိကြောင်း ဒေသခံ အကျိုးဆောင်တစ်ဦးက ပြောသည်။
"၀ယ်ချင်သူများတော့ ပိုင်ရှင်တွေက ကြိုက် ဈေးတွေခေါ်လာတယ်။ ဒီတော့ဈေးတွေ ကမြင့်နေပြီး
၀ယ်မယ့်လူမရှိတော့ဘူး။ ခေါ်ဈေး ပဲရှိတော့တယ်။ စောင်ကြည့်ရမှာပေါ့" ဟု ၎င်းက ပြောသည်။















