၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှ စတင်မြင့်တက်လာ သော ရန်ကုန်မြို့လယ်ဆိုင်ခန်း အငှားဈေးများ
ကြောင့် သာမန်လက်လီလုပ်ငန်းများသာမက အကြီးစား လက်လီလုပ်ငန်းကြီးများပါ အခက် တွေ့
လျက်ရှိပြီး ထိုသို့ ဆက်လက်မြင့်တက်နေ ပါက အသေးစားနှင့် အလတ်စားလုပ်ငန်းများ မှာ
ရေရှည်တွင် ဆက်လက်ရပ်တည်ရန် ခက်ခဲ လာမည်ဖြစ်ကြောင်း လက်လီလုပ်ငန်းရှင်များ က
ပြောသည်။
ဆိုင်ခန်းငှားရမ်းခနှုန်းများမှာ တစ်နှစ်လျှင်ပျမ်းမျှ ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်
လျက်ရှိကြောင်း လုပ်ငန်းရှင်များက ပြောသည်။ "ရန်ကုန်ရဲ့ ဆိုင်ခန်းငှားခတွေက တစ်နှစ် ထက်
တစ်နှစ်ထက် ပိုမြင့်လာတော့ အကြီးစား လက်လီ လုပ်ငန်းတစ်ခုအတွက်တောင် သိပ်မလွယ်ကူ
တဲ့ ပမာဏတွေ ဖြစ်လာတယ်။ အလယ်အလတ်တန်းစားနဲ့ အသေးစားလက်လီ လုပ်ငန်းတွေဆို
ရင် ပိုပြီးတော့ခက်ခဲတဲ့ အနေ အထားတွေဖြစ်နေပါတယ်။ အခုငှားရမ်းနှုန်း အတိုင်းသာ ဆက်ပြီး
မြင့်တက်သွားမယ်ဆိုရင် လက်လီလုပ်ငန်းတွေ ဆက်ပြီးရှင်သန် ရပ်တည် ဖို့ ခက်ခဲလာတော့မှာပါ"
ဟု City Mart Holding Co.,LTDနှင့် ၂၄ နာရီဖွင့်လှစ်ရောင်းချလျက် ရှိသော City Express
လက်လီအရောင်းဆိုင် တာဝန်ခံက မြန်မာတိုင်း(မ်) ကို ပြောသည်။
ရန်ကုန်မြို့တွင် ကုန်မျိုးစုံရောင်းချသည့်လက်လီဆိုင်များနှင့် ၂၄ နာရီဖွင့်လှစ်ရောင်းချ သည့်
လက်လီဆိုင်များအတွက် လိုအပ်သောဆိုင်ခန်းများမှာ ပုံမှန်အားဖြင့် အကျယ် ၁၅ ပေ အရှည်
ပေ ၅၀ ရှိဆိုင်ခန်းများနှင့် အကျယ် ၁၂ ပေ နှင့် အရှည် ပေ ၅၀ ရှိ ဆိုင်ခန်းများဖြစ်ပြီး ထိုဆိုင်ခန်း
ဈေးနှုန်းများမှာ နေရာအချက်အချာ ကျမှုအပေါ်မူတည်ကာ အငှားဈေးများကွာခြား ကြောင်း
လက်လီလုပ်ငန်းရှင်များက ပြော သည်။
လက်လီအရောင်းဆိုင်များမှာလည်း ရောင်းဝယ် ဖောက်ကားမှု ကောင်းမွန်ရန်အတွက် အချက်
အချာကျသည့် နေရာများတွင်သာ ရွေးချယ်ဖွင့်လှစ်ရခြင်းဖြစ်ပြီး ငှားရမ်းခနှုန်းမှာ တစ်လလျှင်
ပျမ်းမျှ ကျပ် ၁၀ သိန်းမှ ၁၅ သိန်းအကြားရှိကြောင်း ၎င်းတို့က ပြောသည်။
"အခန်းငှားခတွေ ဈေးအရမ်းတက်တာက လည်း လက်လီလုပ်ငန်းရှင်တွေ လုပ်ငန်းတိုးချဲ့ ဖို့
အတွက် အခက်အခဲတစ်ခုပါ။ ပြီးခဲ့တဲ့ လေးနှစ်အတွင်း ရန်ကုန်မြို့တွင်းမြို့နယ်တွေ မှာ တော်
တော်များများဖွင့်ထားပြီး ၂၄ နာရီလည်းဖွင့်တဲ့ လက်လီဆိုင်တွေရဲ့ ဆိုင်ခန်းငှားခ တွေက
တစ်လကို ကျပ် ငါးသိန်းကနေ ၁၅ သိန်း အထိ မြင့်တက်သွားပါတယ်။ ဆိုင်ခန်းငှားခ အပြင်
ဆိုင်ခန်းအတွက် ကုန်ကျစရိတ်တွေက လည်းရှိသေးတော့ လေးဆယ်ရာခိုင်နှုန်းလောက် က
အဲဒီအထဲမှာမြှုပ်နှံထားရပါတယ်" ဟု ရန်ကုန်မြို့တွင် ဆိုင်ခွဲပေါင်း ၅၀ ခန့် ဖွင့်လှစ် ထားသည့်
ကုန်မျိုးစုံ လက်လီဆိုင်ဖြစ်သော abc convenience store ၏ ဦးဆောင် ညွှန်ကြားရေးမှူးချုပ်
ဖြစ်သူ ဒေါ်ဝေသစ်လွင်က လက်လီဆိုင်များနှင့်ပတ်သက်သည့် ဆွေးနွေးပွဲ တစ်ခုတွင်
ပြောသည်။
ရန်ကုန်မြို့တွင် ဗိုလ်တထောင်၊ ကျောက်တံတား၊ လသာ၊ ပန်းဘဲတန်းနှင့် လမ်းမတော်မြို့နယ်
များသည် ရန်ကုန်မြို့၏ မြို့လယ်ကောင် အချက် အချာကျသည့် နေရာတွင်တည်ရှိသည့်
အတွက် ယင်းမြို့နယ်များ၏ ဆိုင်ခန်းငှားဈေးနှုန်းများ မှာ အခြားမြို့နယ်များထက် ပိုမိုဈေးမြင့်
ကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများက ပြော သည်။
အဆိုပါမြို့နယ်များတွင် စတုရန်းပေ ၁,၂၅၀ ခန့်အကျယ်အဝန်းရှိသော မြေညီထပ်တစ်ခန်းလျှင်
တစ်လ ကျပ်သိန်း ၂၀ မှ သိန်း ၁၀၀ အတွင်း ရှိပြီး စတုရန်းပေ ရ၅၀ ခန့်အကျယ်အဝန်းရှိ သော
ဆိုင်ခန်းမှာ ၁၀ သိန်းမှ ၁၅ သိန်းအကြား ပေါက်ဈေးရှိသည်။ မြို့လယ်ကောင်မြို့နယ်များ မဟုတ်
ဘဲ အခြား လူစည်ကားသည့် မြို့နယ်များဖြစ်သည့် ကျောက်မြောင်း၊ တာမွေ၊ စမ်းချောင်း၊ လှိုင်
နှင့် ကမာရွတ်မြို့နယ်များတွင် ပျမ်းမျှအားဖြင့် ကျပ် ခုနစ်သိန်းမှ ၁၀ သိန်း ၀န်းကျင်အတွင်းရှိ
ကြောင်း မြပန်းသခင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း မှ တာဝန်ခံ ကိုမင်းမင်းစိုးက ပြောသည်။
ထိုကဲ့သို့ ဆိုင်ခန်းအငှားဈေးနှုန်းများ ရန်ကုန် မြို့တွင် မြင့်တက်နေခြင်းသည် လက်လီ လုပ်ငန်းများ
အတွက် လုပ်ငန်းအကျိုးအမြတ် ရရှိမှုကို လျော့နည်းစေသည့်အပြင် လုပ်ငန်း စတင်ရန် ကြိုးစား
သူများကိုလည်း အဟန့် အတားဖြစ်စေကြောင်း City Mart Holding Co.,LTD မှ တာဝန်ရှိသူက
ပြောသည်။
"ဆိုင်ခန်းငှားခဈေးကြီးတာက လက်လီ လုပ်ငန်းကိုအသစ်ဝင်ရောက်ရင်းနှီးမြှုပ်နှံမယ့်သူတွေကို
လည်း အဟန့်အတားတစ်ခု ဖြစ်နေပါတယ်။ နောက်ပြီး လက်ရှိ လုပ်ကိုင်နေတဲ့ လက်လီလုပ်ငန်း
ရှင်တွေကလည်း ကုန်ကျစရိတ် ကိုကာမိနိုင်အောင် အသုံးစရိတ်တွေကို ချွေတာ ရတော့ လက်လီ
လုပ်ငန်းမှာ ခေတ်မီနည်းပညာ တွေ အသုံးပြုလာနိုင်မှုလည်း အားနည်းလာပါ တယ်" ဟု ၎င်းက
ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ဆိုင်ခန်းနှင့် မြေနေရာ ငှားရမ်းမှုအစဉ်အလာမှာ အခြားသောနိုင်ငံများ နှင့်
မတူပဲ ငှားရမ်းခကို တစ်လခြင်းမပေးချေရပဲ စာချုပ်ချုပ်ဆိုကာ အနည်းဆုံး ခြောက်လ၊ သို့မဟုတ်
တစ်နှစ် ပေးချေရသည့်အတွက် ရင်းနှီးမြှုပ်နှံမှုပမာဏများကြောင်း လုပ်ငန်းရှင် များက ပြောသည်။
ရန်ကုန်မြို့တွင်းရှိ အလွတ်ဆိုင်ခန်းခ အငှား ဈေးနှုန်းများသာ မြင့်တက်နေခြင်းမဟုတ်ဘဲ ပုဂ္ဂလိက
ပိုင် လက်လီလက်ကားဈေးကြီးများနှင့် ဈေးဝယ်စင်တာများတွင်လည်း ဆိုင်ခန်း အငှား ဈေးများပါ
ဆက်လက်မြင့်တက်လာကြောင်း ထိုဈေးကြီးများတွင် ဆိုင်ခန်းငှားကာ ဖွင့်လှစ် လျက်ရှိသည့်
လက်လီလုပ်ငန်းရှင်များက ပြော သည်။
"ကျွန်မတို့က ဆိုင်ခန်းကို နှစ်ချုပ်နဲ့ပဲ ငှား တယ်။ လောလောဆယ် ဆိုင်ခန်းငှားခက နှစ်သိန်း
ကျော်ရှိပါတယ်။ ဒါက ဈေးတက်လာတာပါ။ ဆိုင်ခန်းက နှစ်ပြည့်လို့ တစ်ခါစာချုပ်ချုပ်တိုင်း
တစ်ခါတက်ပါတယ်။ ဈေး တက်ပေမယ့်လည်း ကိုယ့်ရဲ့ဆိုင်ကို ဒီနေရာမှာပဲဖွင့်ချင်တော့တက်
တဲ့အတိုင်းပေးပြီး ငှားရပါတယ်" ဟု မင်္ဂလာမွန်ဈေးသစ် မြေအောက်ထပ်တွင် လျှပ်စစ် အိမ်သုံး
ပစ္စည်းဆိုင်ဖွင့်လှစ်ရောင်းချ လျက်ရှိသည့်ဆိုင်ရှင်တစ်ဦးက ပြောသည်။
ဆိုင်ခန်းပိုင်ရှင်နှင့် ငှားရမ်းသူများအကြား စာချုပ်ဆိုကာ ဆိုင်ငှားရမ်းမှုများနှင့်ပတ်သက် သည့်
ပြဿနာများ မကြာခဏဖြစ်ပေါ်လေ့ရှိ သည့်အတွက် လက်လီလုပ်ငန်းရှင်များသည် ၎င်းတို့အား
အကာအကွယ်ပေးနိုင်မည့် ဥပဒေ ဆိုင်ရာအကြောင်းအရာများကို လေ့လာထား သင့်ကြောင်း
မြန်မာနိုင်ငံ လက်လီလုပ်ငန်းရှင် များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"စာချုပ်မချုပ်ဆိုခင်မှာ လက်လီလုပ်ငန်းတွေက ကိုယ့်ကိုယ်ကာကွယ်ပေးနိုင်မည့် ဥပဒေ
အကြောင်းအရာတွေကို သိရှိထားပြီး စာချုပ် ချုပ်ဆိုတဲ့ အခါမှာလည်း ဒီအချက်တွေ ပါ မပါ
သေချာစစ်ဆေးဖို့ လိုပါတယ်။ ဒီကိစ္စက အရေးကြီးပါတယ်။ ဒီလိုပဲ ဆိုင်ခန်းပိုင်ရှင်တွေ ဘက်
ကလည်း ကိုယ်လုပ်နိုင်တဲ့ လုပ်ပိုင်ခွင့် အတိုင်းအတာကို သိထားဖို့လိုသလို ကျော်ပြီး မလုပ်မိ
ဖို့လည်း လိုပါတယ်" ဟု ၎င်းကပြောသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံလက်လီ လုပ်ငန်းရှင်များအသင်းမှာ လက်လီလုပ်ငန်း ရှင်များ
အခွင့်အရေးအတွက် ပြင်ဆင်လျက် ရှိသည်။ သို့သော် ရန်ကုန်မြို့တွင် ပြောင်းလဲ လာသည့်
အိမ် ခြံ မြေ ဈေးနှုန်းများအရ ဆိုင်ခန်း နေရာငှားရမ်းမှုနှုန်းမှာလည်း မြင့်သထက် မြင့် တက်
လာခြင်းကြောင့် အသေးစားနှင့် အလတ် စား လက်လီရောင်းဝယ်ဖောက်ကားမှု ပြုလုပ်နေ
သည့် လုပ်ငန်းရှင်များအပြင် အကြီးစားလက်လီ လုပ်ငန်းရှင်များအတွက် ရေရှည်တွင် ရင်ဆိုင်
ရုန်းကန်ရမည့် အဓိကအခက် အခဲတစ်ခုလည်း ဖြစ်သည်။
















