၀ါးများရှားပါးလာသည့်အတွက် သံငြမ်းများကို ပိုမိုအသုံးပြုလာကြ

၀ါးများရှားပါးလာသည့်အတွက် သံငြမ်းများကို ပိုမိုအသုံးပြုလာကြ

အဆောက်အအုံ အပြင်ဘက်အလှဆင်လုပ်ငန်း များတွင် ယခင်ကဝါးငြမ်းများကို တွင်ကျယ်စွာ
အသုံးပြုကြသော်လည်း လက်ရှိအချိန်တွင် ၀ါးများရှားပါးလာခြင်းကြောင့် သံငြမ်းများကို ပြောင်း
လဲအသုံးပြုမှု တွင်ကျယ်လာကြောင်း အိမ်အလှဆင် လုပ်ငန်းလုပ်ကိုင်သော လုပ်ငန်း ရှင်များက
ပြောသည်။

"၀ါးတွေက အဆောက်အအုံ သုံးခုလောက် ပဲ အများဆုံးသုံးလို့ရတယ်။ သံငြမ်းတွေက တစ်ခါ
၀ယ်ပြီးရင် အကြာကြီးသုံးလို့ရပြီး သံတိုင်တွေ ကို သံချေးမတက်အောင် ထိန်းထိန်းသိမ်းသိမ်း
ဆေးသုတ်သုံးမယ်ဆိုရင်၂၅ နှစ်ကနေ နှစ် ၃၀ လောက်ထိ အသုံးခံတယ်" ဟု Nat Rey အိမ်
အလှဆင် ၀န်ဆောင်မှုလုပ်ငန်းမှ အလုပ် သမား အဖွဲ့ခေါင်းဆောင် ကိုသော်တာဆွေက ပြော
သည်။

အဆောက်အအုံများကို အပြင်ဘက်ပိုင်း အလှဆင်ရန်အတွက် ငြမ်းဆင်ရာတွင် ယခင် က ရိုးရာ
ငြမ်းဆင်နည်းဖြစ်သော ၀ါးငြမ်းများကို သာ အသုံးပြုကြသော်လည်း နောက်ပိုင်းတွင် ပိုမိုလုံခြံုမှု
ရှိသော သံငြမ်းများကို အသုံးပြုလာကြကြောင်းလည်း အိမ်အတွင်းပိုင်းနှင့် အပြင်ဘက်ပိုင်း အလှ
ဆင်သည့်ဝန်ဆောင်မှုလုပ်ငန်း များ ပြုလုပ်သော လုပ်ငန်းရှင်များကပြောသည်။

"၀ါးငြမ်းထက် သံငြမ်းက ရွှေ့ပြောင်းရ ပိုလွယ် ပြီး သုံးရတာပိုကောင်းတယ်။ ပိုလုံခြံုမှုရှိတယ်လို့
ထင်တယ်။ အဆောက်အအုံအတွင်းပိုင်း အလှဆင်တာတွေ၊ အထပ်နိမ့်အဆောက်အအုံ လေးတွေ၊
ကွန်ဒိုတိုက်တွေ၊ ဟိုတယ်တွေနဲ့အထပ်ခြောက်ထပ်ထက် ပိုမြင့်တဲ့အဆောက် အအုံကြီးတွေ
ဆောက်တဲ့အခါမှာ သံငြမ်းကိုပဲ သုံးကြတယ်"ဟု ကိုသော်တာဆွေက ပြောသည်။

"၀ါးငြမ်းကတော့ ရှေးကတည်းက သုံးတဲ့ ငြမ်းဆင်နည်းပေါ့။ ၀ါးရဲ့သက်တမ်းရှိသေး တယ်ဆိုရင်
လုံခြံုမှုရှိပါတယ်။ ၀ါးသစ်ကျိုးတယ် ဆိုတာ ဖြစ်ခဲတယ်။ ၀ါးတစ်လုံးကို အဆောက်အအုံ သုံးခု
လောက်ထိပဲ သုံးနိုင်ပြီး သုံးခုထက်ပိုပြီး သုံးမယ်ဆိုရင် ၀ါးက မခိုင်ဘဲ ကျိုးကျမှာ စိုးရတယ်"
ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် Summit Park View ဟိုတယ် စတင်ဆောက်လုပ်ချိန်ဖြစ်သော ၁၉၉၀ နှင့်
၁၉၉၁ ခုနှစ်များတွင် သံငြမ်းများကို စတင် အသုံးပြုခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် တစ်စတစ်စ
အသုံးပြုခဲ့ကြရာမှ ၁၉၉၉ ခုနှစ် နောက်ပိုင်းတွင် ပိုမိုကျယ်ပြန့်စွာ အသုံးပြုလာ ကြခြင်းဖြစ်
သည်။

"ရိုးရိုးတိုက်တွေထက် ကွန်ဒိုတိုက်တွေက ငြမ်းဆင်ရပိုမိုလွယ်ကူပြီး မတော်တဆမှု ဖြစ်နိုင်ခြေ
လည်း ပိုနည်းတယ်။ ပြုတ်ကျရင်လည်း ခါးပတ်ပတ်ပြီးသားဆိုတော့ အောက်မကျဘူး။ ထိခိုက်
ဒဏ်ရာမရဘူးပေါ့။ ဒါကြောင့် သံငြမ်း တွေကို ပိုအသုံးများလာကြတယ်" ဟု ကြယ်ဖြူ ဆောက်
လုပ်ရေးမှ ကိုမင်းအောင်က ပြောသည်။ အဆောက်အအုံ အတွင်းအပြင် အလှဆင် ခြင်းနှင့်
ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများမှာ ကန်ထရိုက်တိုက် ဆောက်လုပ်သည့်လုပ်ငန်း များနှင့် ဆက်စပ်
လျက်ရှိသောကြောင့် ကန်ထရိုက်လုပ်ငန်းအချို့မှာ ငြမ်းဆင်သည့် ကိုယ်ပိုင်အလုပ်သမားများ
ရှိကြသော်လည်း အချို့လုပ်ငန်းများမှာ ငြမ်းဆင်မည့်အဖွဲ့ သီးသန့် မထားရှိကြောင်း လုပ်ငန်း
ရှင်များက ပြောသည်။

လုပ်ငန်းတွင် လုပ်ကိုင်လျက်ရှိကြသော အလုပ်သမားများမှာ လစာတန်းတူရရှိကြသော် လည်း
လုပ်နိုင်သည့်အလုပ်အလိုက် တာဝန် ခွဲဝေလုပ်ကိုင်ကြကြောင်း ကြယ်ဖြူဆောက်လုပ် ရေးလုပ်
ငန်းမှ ကိုမင်းအောင်က ပြောသည်။

"လစာတူပေမယ့် အလေးအပင် မမနိုင်တဲ့ တချို့သူတွေကျတော့ ငြမ်းပဲဆင်ချင်ကြတယ်။ တချို့
ကျတော့ အထပ်မြင့်မတက်ရဲတော့ အလေးအပင်ပဲမကြတယ်။ ငြမ်းဆင်ရင်း မတော်တဆပြုတ်
ကျတဲ့သူတွေ ရှိတတ်ပေမယ့် ဒါကဖြစ်ခဲပါတယ်။ မလုပ်တတ်ဘဲ လုပ်တတ်တယ်ဆိုပြီး ဇွတ်အတင်း
လုပ်တဲ့သူတွေကတော့ ဒီလိုမတော် တဆဖြစ်တတ်တယ်"ဟု ၎င်းက ပြောသည်။

အသက်နှင့်ရင်းကာ ပြုလုပ်ရသော်လည်း လုပ်ခလစာကောင်းစွာမရရှိသည့် ငြမ်းဆင်လုပ်ငန်းမှာ
လုပ်ငန်းခွင်မတော်တဆမှုများ အတွက် ထိုက်သင့်သော အသက်အာမခံမှုမျိုး လည်း ယခုအချိန်
ထိ မရှိသေးကြောင်း ငြမ်းဆင် လုပ်သားများက ပြောသည်။

"ငြမ်းဆင်ရင်း အသက်သေဆုံးမှုမျိုး မဟုတ်ဘဲ အောက်ပြုတ်ကျပြီး ခြေကျိုးလက်ကျိုးဖြစ်တယ်
ဆိုရင်တောင် ကျွန်တော်တို့ရသင့်တဲ့ဆေးကုသ စရိတ်နဲ့ အထောက်အပံ့ရနိုင်မယ့် တိကျတဲ့အာ
မခံချက်ကလည်း အခုထိမရှိသေးဘူး။ ဘာ အသက်အာမခံမှလည်း မရှိဘူး။ ကျွန်တော်တို့ က
နေ့စားအလုပ်သမားတွေဖြစ်လို့ အလုပ် လုပ် တဲ့နေ့အတွက်ပဲ ပိုက်ဆံရမယ်" ဟု ငြမ်းဆင်
လုပ်သားတစ်ဦးဖြစ်သူ ကိုသိန်းလှိုင်က ပြောသည်။

စတုရန်းပေ ၁,၂၀၀ ရှိသော ငါးထပ်တိုက်ကို လူအင်အား ခုနစ်ယောက်သုံးပြီး ငြမ်းဆင်လျှင်
အချိန်တစ်ပတ်ခန့် ကြာမြင့်ပြီး တစ်လုံးလျှင် ကျပ် ၂,၀၀၀ တန် ၀ါးလုံး ၂၀၀ ခန့်နှင့် အုန်းဆံ
ကြိုး ကျပ် ၃၀,၀၀၀ ခန့်ကုန်ကျကာ လက်ခမှာ ကျပ် ၁၅၀,၀၀၀ ခန့်ရှိပြီး စတုရန်းပေ ၂,၄၀၀
ရှိသော ငါးထပ်အဆောက်အအုံကိုငြမ်းဆင်ရန် ၁၅ ရက်ခန့်ကြာမြင့်ကာ လက်ခ ကျပ် ၂၀၀,၀၀၀
ကျော် ကုန်ကျကြောင်း လုပ်ငန်းရှင်များက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်