ဘဏ်ကနှစ်ရှည်ချေးငွေ ချေးယူခွင့်ကို ကန့်သတ်ထားသည့် ဗဟိုဘဏ်၏စည်းမျဉ်းကြောင့်
ပြည်သူအများစု အိမ်နှင့် တိုက်ခန်းဝယ်ယူရန် ခက်ခဲနေခြင်းဖြစ်ကြောင်း ပုဂ္ဂလိကဘဏ်လုပ်ငန်း
ရှင် များနှင့် ၀င်ငွေပုံမှန်ရရှိသည့် လခစားဝန်ထမ်း များက ပြောသည်။
"ကန့်သတ်ချက်ထဲမှာ နှစ်ရှည်အပ်ငွေရှိမှ သာ နှစ်ရှည်ချေးငွေထုတ်ချေးနိုင်တယ်ဆို ပြီးပါတယ်။
အဓိပ္ပာယ်က ကျွန်တော်တို့ဆီမှာ ပိုက်ဆံ ၁၀ နှစ် အပ်ပါ့မယ်လို့ ကတိပေးထားတဲ့သူက သိန်း
တစ်ထောင်လာအပ်ထားရင် ကျွန်တော်တို့ က သိန်းတစ်ထောင်ဖိုးနှစ်ရှည်ချေးခွင့်ရှိတယ်။ အဲဒီ
တော့ အဓိပ္ပာယ်က မပေးခိုင်းတာနဲ့အတူတူပဲ။ ဘယ်သူမှ အဲဒီလိုဘဏ်မှာလာမအပ်ဘူး လေ"
ဟု အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်မှ အုပ်ချုပ်မှု ဒါရိုက်တာက ဦးရဲမင်းဦးက ပြော သည်။
ထိုကန့်သတ်ချက်၏ အကျိုးဆက်ကြောင့် မြန်မာနိုင်ငံတွင် ပုံမှန်လစာဖြင့် အလုပ်လုပ်ကိုင်
နေကြသော ၀န်ထမ်းများသည် အခြားနိုင်ငံများ ကဲ့သို့ ပုံမှန်လစာရရှိသည့် ၀န်ထမ်းများနည်းတူ
နှစ်ရှည်ချေးငွေချေးယူပြီး အိမ်နှင့် တိုက်ခန်းများ ကို ၀ယ်ယူနိုင်သည့် အခွင့်အရေး မရနိုင်တော့
ကြောင်း ဦးရဲမင်းဦးက ပြောသည်။
လက်ရှိ ရန်ကုန်မြို့တွင် အကောင်အထည်ဖော် နေသည့် အိမ်ရာစီမံကိန်း၌ပင် အရစ်ကျဝယ်ယူ
နိုင်သည့် ဈေးအနည်းဆုံး တိုက်ခန်းတန်ဖိုးမှာ ကျပ်သိန်း၂၈၀ ခန့်ရှိပြီး ထိုငွေကို သုံးနှစ်အတွင်း
အကျေပေးချေရမည် ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံး လျက်ရှိသော
ဘဏ်ချေးငွေ စည်းမျဉ်းစည်းကမ်း များအရ သာမန်လူတန်းစားများတွင် ပါ၀င် သည့် ၀န်ထမ်း
များနှင့် ပြည်သူအများစုမှာ ကိုယ်ပိုင်တိုက်ခန်းနှင့် အိမ်များဝယ်ယူရန် အလှမ်းကွာလျက်ရှိပြီး
မြန်မာနိုင်ငံလူဦးရေ၏ အများစုဖြစ်သော သာမန်လူတန်းစားများ အိုးပိုင်အိမ်ပိုင်ဖြစ်ရေးအတွက်
လက်တွေ့ကျ သည့် ချေးငွေစနစ်ကို နိုင်ငံတော် အစိုးရက ချမှတ်ရန် လိုအပ်နေသည်။
ကျန်းမာရေးဝန်ကြီးဌာနက စာရေးဝန်ထမ်းတစ်ဦးဖြစ်သူ အသက် ၅၇ နှစ်ရှိ ဒေါ်ဝင်းရွှေက "သုံးနှစ်
အတွင်း သိန်း ၂၈၀ ဆိုတာကြီးက အိမ် မဝယ်နဲ့တော့လို့ ပြောလိုက်သလိုပဲ။ နှစ်သုံး ဆယ်လောက်
တစ်လချင်း ပြန်ဆပ်ခွင့်ရရင်တော့ တစ်မိသားစုမှာ နှစ်ဦးလောက်ဝင်ငွေရှိမယ်ဆို ဖြစ်နိုင်တယ်"
ဟု မြန်မာတိုင်း(မ်) ကိုပြောသည်။
ဒေါ်ဝင်းရွှေသည် ရန်ကုန်မြို့တွင် ၁၀ နှစ်ကျော်ကြာနေထိုင်လာသော်လည်း ယခု အချိန်အထိ
အိမ်ရော၊ တိုက်ခန်းပါ ကိုပိုင်ဝယ်ယူနိုင်ခြင်း မရှိသေးပေ။ ဦးရဲမင်းဦးက "ဗဟိုဘဏ်ကနေ ဘဏ်
တွေအနေနဲ့ Home Loan (အိမ်ဝယ်ရန်ချေးငွေ)တွေ နှစ်ရှည်ချေးခွင့်ပြုသည်လို့ တရားဝင်ခွင့်ပြု
လိုက်ရင် ကျွန်တော်တို့က ချေးလို့ရတာပေါ့။ ၀ယ် တဲ့သူကအကြွေးမဆပ်နိုင်ရင် ဘဏ်ကသတိ
ပေးမယ်။ မဆပ်သေးရင်တရားရုံးတင်မယ်။ ပြီးရင်အိမ်ကိုဘဏ်က ပြန်သိမ်းလိုက်တာပဲ" ဟု ၎င်း
ကပြောသည်။
ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က "တခြားနိုင်ငံတွေမှာ ချေးတယ်ဆိုတာက အစိုးရ ရဲ့
ချေးငွေပါတယ်။ အမေရိကန်မှာဆိုရင် အစိုးရ ကိုင်တဲ့ ဘဏ်ကြီးနှစ်ခုက ပုဂ္ဂလိကဘဏ်တွေကို
တစ်ဆင့်ပြန်ချေးတာ။ နှစ်ရှည်ချေးငွေ ချေးနိုင်အောင် funding ကို နှစ်ရှည်လုပ်ပေးတယ်။ ပုဂ္ဂလိ
ကဘဏ်က နှစ်တိုအပ်ငွေနဲ့ နှစ်ရှည် ချေးငွေထုတ်ချေးလိုက်ရင် ပိုက်ဆံတွေထုတ် သွားရင် သေပြီ
ပဲ။ ဘယ်လိုသွားလုပ်မလဲ။ အဓိက ကတော့ အစိုးရပိုင်းပါမှရမှာ၊ အစိုးရချေးငွေ ပါမှရမှာ" ဟု
ပြောသည်။
မြင့်တက်နေသော မြေဈေးများကျဆင်းအောင် အစိုးရက ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ၎င်းက
ပြောသည်။ "အစိုးရပိုင်းနဲ့ ပေါင်းလုပ်ရမှာ။ ကိုယ့်ဘာသာ ကိုယ်သွားလုပ်လို့ မစွမ်းနိုင်သေးဘူးဗျ"
ဟု ဦးသန်းလွင်က ပြောသည်။ သို့သော် ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးစိုးမင်းက ပုဂ္ဂလိကဘဏ်များတွင်
'နှစ်တိုအပ်ငွေ' သာရှိသဖြင့် အကယ်၍ 'နှစ်ရှည်ချေးငွေ'များကို ထုတ် ချေးခွင့်ပြုလိုက်လျှင် ငွေ
များလက်လွန်သွား မည်ဖြစ်ပြီး ထိုအချိန်တွင် ငွေအပ်ထားသူများ က အလုံးအရင်းဖြင့် ငွေပြန်
ထုတ်လာကြပါက ဘဏ်များ ငွေကြေးအခက်အခဲ ဖြစ်သွားနိုင်သဖြင့် လက်ရှိအခြေအနေတွင်
ခွင့်မပြုသေးခြင်းဖြစ်ကြောင်း ပြောသည်။
"နှစ်ရှည်အပ်ငွေတွေ ဘဏ်တွေထဲကို ရောက် လာနိုင်တဲ့ ငွေကြေးဈေးကွက်တွေဖြစ်လာရင်
နှစ်ရှည်ချေးငွေအတွက် ဘာမှပြဿနာမရှိတော့ဘူး။ ဘဏ်အချင်းချင်း အပြန်အလှန်ငွေချေး
တဲ့ Interbank Market လိုဟာမျိုးတွေ ပေါ်လာရင်တော့ ချေးငွေတွေကို ပိုပြီးတော့ စဉ်းစားနိုင်
မှာပေါ့။ အခုကတော့ အဲလိုဈေးကွက် တွေက မရှိဘူးလေ" ဟု ဦးစိုးမင်းက ဆက်ပြောသည်။
အကယ်၍ နှစ်ရှည်ချေးငွေ ထုတ်ချေးထားသောဘဏ်များ၌ ငွေများလိုအပ်လာပြီဆိုပါက ချက်
ချင်းပြန်ဖြည့်ပေးနိုင်ရန် မဆောင်ရွက်နိုင်သေးသဖြင့် ယခုချမှတ်ထားသော ကန့်သတ် ချက်ကို
ဗဟိုဘဏ်က ဖြေလျှော့ပေးရန် ခက်ခဲ နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
အိမ်၊ သို့မဟုတ် တိုက်ခန်းဝယ်ယူရန် ငွေထုတ် ချေးခြင်းဖြစ်သဖြင့် အကယ်၍ငွေမဆပ်နိုင်ပါ က
ဘဏ်က အိမ်ကိုပြန်သိမ်းလိုက်ရုံသာရှိသည် ဆိုသည်မှာလည်း အရေအတွက်အနည်းငယ်
အတွက်ဆိုပါက ပြဿနာမရှိသော်လည်း ပမာဏများပြားလာပါက အကျပ်အတည်းတစ်ခု
ဖြစ်လာနိုင်ကြောင်း ဦးစိုးမင်းက မှတ်ချက်ပြု သည်။
"ဒီပစ္စည်းတွေကို ငွေဖြစ်အောင်ပြန်လုပ်ရဦး မယ့်ကာလကရှိသေးတယ်လေ။ ဒီကာလအတိုင်း
အတာအတွင်းမှာ ဘဏ်ရဲ့လုပ်ငန်းတွေ ကျပ်တည်းသွားနိုင်တယ်။ ဒီအတိုင်းစဉ်းစား တာကမှန်
ပေမယ့်လည်း တစ်ယောက်တည်းကို ချေးထားတာမဟုတ်ဘူးလေ"ဟု ၎င်းက ပြောသည်။
နှစ်ရှည်ချေးငွေများ ထုတ်ချေးခွင့်ပြုရန် ပြောင်းလဲသတ်မှတ်ပေးနိုင်မည့် အချိန်ကို လည်း အတိ
အကျမပြောနိုင်သေးကြောင်း ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးစိုးမင်းက ပြောသည်။ ယခုနှစ်ဆန်းပိုင်းက
ဖွင့်လှစ်သည့် အိမ်ရာ ၀ယ်ယူလိုသူများ၊ အိမ်ရာဆောက်လုပ်လိုသူ များကို အဓိကထားဝန်ဆောင်
မှုပေးမည့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏ ဒုတိယအထွေထွေ မန်နေဂျာ
ဦးခင်မောင်ညို က ၎င်းတို့ဘဏ်သည် လာမည့်ဧပြီလရောက်မှ ချေးငွေဆိုင်ရာ လုပ်ငန်းဆောင်
တာများ စတင် လည်ပတ်မည်ဖြစ်ကြောင်း ပြောသည်။
လက်ရှိတွင် အိမ်ရာနှင့် တိုက်ခန်းဝယ်ယူလိုသူများကို ချေးငွေထုတ်ချေးပေးမည့် စည်းမျဉ်းများ
ကိုပင် မသတ်မှတ်ရသေးကြောင်း ၎င်းက ပြောသည်။ အိမ်ဝယ်ယူရန်အတွက် နှစ်ရှည်ချေးငွေ
ထုတ်ချေးရေးကိစ္စနှင့် ပတ်သက်၍ ၎င်းတို့ ဘဏ်တွင်လည်း အခက်အခဲများရှိနေသေးကြောင်း၊
ပုဂ္ဂလိကဘဏ်များက ကူညီပြီး ဗဟို ဘဏ်ဘက်ကလည်း အနည်းငယ်ဖြေလျှော့ ပေးမှ အဆင်
ပြေမည်ဟုယူဆကြောင်း ဦးခင်မောင်ညိုက မြန်မာတိုင်း(မ်) ကိုပြောသည်။
"နှစ်တိုအပ်ငွေတွေ အလုံးအရင်းနဲ့ပြန်လည် ထုတ်ယူသွားရင် ဘဏ်အကျပ်အတည်းဖြစ် သွားနိုင်
တယ်။ ဒီတော့ စွန့်တော့စွန့်စားရမယ့် သဘောရှိတယ်" ဟု ၎င်းက ပြောသည်။















