အဆောက်အအုံတစ်ခုချင်း၊ရှေးဟောင်းမှတ်တမ်းဝင်ရန်၊ကြိုးပမ်းမည်

အဆောက်အအုံတစ်ခုချင်း၊ရှေးဟောင်းမှတ်တမ်းဝင်ရန်၊ကြိုးပမ်းမည်

ပုဂံ ရှေးဟောင်းနယ်မြေတစ်ခုလုံးကို ယူနက် စကို၏ ကမ္ဘာ့ရှေးဟောင်းမှတ်တမ်းဝင်စာရင်း တွင်
ထည့်သွင်းသတ်မှတ်ခြင်းမခံရသော် လည်း ပုဂံရှေးဟောင်းနယ်မြေအတွင်း ထင်ရှား သည့်
အဆောက်အအုံ တစ်ခုချင်းအလိုက် ကမ္ဘာ့ရှေးဟောင်း မှတ်တမ်းဝင်အဖြစ် သတ်မှတ်နိုင်ရန်
ကြိုးစားသွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသန နှင့် အမျိုးသား
ပြတိုက်ဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက မြန်မာတိုင်း(မ်) ကိုပြောသည်။

"နယ်မြေကြီးတစ်ခုလုံးမဟုတ်ပဲ ထင်ရှားတဲ့အဆောက်အအုံ တစ်ခုချင်းစီကို စဉ်းစားရင် ကမ္ဘာ့
မှတ်တမ်း မဝင်နိုင်စရာ အကြောင်းမရှိ ဘူး" ဟု ၎င်းကပြောသည်။ ပုဂံဒေသရှိ အာနန္ဒာ၊ ဓမ္မရံကြီး၊
စူဠာမဏိ စသည့် ဘုရားစေတီပုထိုးများကို အဆောက်အအုံ တစ်ခုချင်းအဖြစ် ကမ္ဘာ့ရှေးဟောင်း
မှတ်တမ်းစာရင်းဝင်ရန် ကြိုးစားသွားနိုင်မည် ဖြစ်ကြောင်း ဦးနိုင်ဝင်းက ပြောသည်။

"အခုလောလောဆယ်တော့ ပျူမြို့ဟောင်း သုံးခုဖြစ်တဲ့ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ
သုံးခုကို ကြိုးစားနေတယ်။ အဲဒီမြို့သုံးမြို့ ကြိုးစားတာ အောင်မြင်သွားပြီ ဆိုရင်တော့ ပုဂံကို
ဆက်လုပ်မှာပါ" ဟု ဦးနိုင်ဝင်းက ပြောသည်။

ပုဂံဒေသသည် ကမ္ဘာ့ရှေးဟောင်းမှတ်တမ်းစာရင်းဝင်ရန် အချိန်မရွေးကြိုးစားနိုင်ပြီး မြန်မာ နိုင်ငံ
ကကြိုးစားခြင်းမရှိသဖြင့် ယခုကဲ့သို့ ယူနက်စကို စာရင်းဝင်အဖြစ် သတ်မှတ်မခံရ ခြင်းဖြစ်ကြောင်း
၎င်းကပြောသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့ရှေးဟောင်းအမွေ အနှစ် သဘောတူညီချက်တွင် ၁၉၉၄ ခုနှစ်က ပါ၀င်
လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ၁၉၉၆ ခုနှစ်မှစတင်၍ ပုဂံနယ်မြေအား ရှေးဟောင်းမှတ်တမ်းဝင်
နယ်မြေအဖြစ် အတည်ပြုရန် အမည်စာရင်း သတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်။

သို့ရာတွင် ယခင်အစိုးရဟောင်းလက်ထက် ၂၀၀၂ ခုနှစ်ခန့်မှစတင်၍ ပုဂံရှေးဟောင်းနယ်မြေရှိ
ဘုရား၊ စေတီ၊ ပုထိုးများကို ပြန်လည်ပြုပြင်ခြင်း၊ ထီးတော်တင်ခြင်း၊ နံရံဆေးသုတ်မွမ်းမံခြင်း
အပါအဝင် စေတီပုထိုးအသစ်များ ထပ်မံတည်ဆောက်လှူဒါန်းခြင်း၊ ရှေးဟောင်းနယ်မြေဇုန်
အတွင်း ဟိုတယ်များ ဆောက်လုပ် ရန်ခွင့်ပြုခဲ့ခြင်းများကြောင့် နယ်မြေသတ်မှတ် နိုင်မှုအား
နည်းခြင်း၊ ဥပဒေသတ်မှတ်မှုနှင့် စီမံခန့်ခွဲမှု စီမံကိန်းများ ရေးဆွဲနိုင်မှု အားနည်းချက်များကြောင့်
ကမ္ဘာ့ရှေးဟောင်းမှတ်တမ်းစာရင်းမဝင်ခဲ့ခြင်းဖြစ်ကြောင်း ၂၀၁၂ ခုနှစ်တွင် ယူနက်စကိုက ထုတ်
ပြန်ခဲ့သည်။

သို့သော် ပုဂံဒေသ၏တန်ဖိုးဖြင့် နှိုင်းစာလျှင် ထိုပြစ်ချက်များသည် ပြောပလောက်သည့် ပြစ်ချက်
မဟုတ်ကြောင်း ဦးနိုင်ဝင်းက ပြောသည်။ ပုဂံနယ်မြေဇုန် တစ်ခုလုံးအား ကမ္ဘာ့ ရှေးဟောင်း မှတ်
တမ်းစာရင်းဝင်အဖြစ် သတ် မှတ်ခြင်းမခံရပြီးသည့်နောက်ပိုင်းတွင် မြန်မာ အစိုးရသည် ပျူမြို့
ဟောင်းကို ကမ္ဘာ့ ရှေးဟောင်းမှတ်တမ်းဝင်အဖြစ် ၂၀၁၃ ခုနှစ်တွင် သတ်မှတ် စာရင်းဝင်နိုင်ရန်
ဆောင်ရွက်လျက်ရှိပြီး၊ ပျူမြို့ ဟောင်း ထိန်းသိမ်းစောင့်ရှောက်ခြင်း လုပ်ငန်း နှင့် သတ်မှတ်
စာရင်းဝင်နိုင်ရန် လုပ်ငန်း ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ယဉ်ကျေး
မှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဌာန၏ မှတ်တမ်းထုတ်ပြန်ချက်များ
တွင် ဖော်ပြ ပါရှိသည်။

ထို့အတူ ပုဂံရှေးဟောင်း နယ်မြေအား ထိန်း သိမ်းစောင့်ရှောက်ခြင်း၊ မူလလက်ရာမပျက် ပြုပြင်
မွမ်းမံခြင်းများနှင့် ကမ္ဘာ့ရှေးဟောင်း မှတ်တမ်း စာရင်းသတ်မှတ်နိုင်ရန်နည်းပညာ ကျွမ်းကျင်ဆိုင်
ရာ ထောက်ပံ့မှုများတွင် ယူနက် စကို၏ ကူညီထောက်ပံ့မှုဖြင့် ဆောင်ရွက်လျက် နေကြောင်း
ယူနက်စကိုက သတင်းထုတ်ပြန် သည်။ ၎င်းပြင် မြန်မာနိုင်ငံသည် ပုဂံရှေးဟောင်း နယ်မြေ
အတွင်း မြစေတီဘုရားဝင်းအတွင်းရှိ မြစေတီကျောက်စာကို ကမ္ဘာ့မှတ်တမ်းစာရင်းဝင် အဖြစ်
ထည့်သွင်းနိုင်ရန် ယူနက်စကိုသို့ မတ်လ အတွင်း တင်သွင်းသွားရန် ဆုံးဖြတ်ခဲ့သည်။

အဆိုပါ မြစေတီကျောက်စာသည် ပုဂံမြို့ ဟောင်း မြင်းကပါရွာရှိ မြစေတီဘုရားဝင်းအတွင်း
တည်ရှိပြီး မြန်မာသက္ကရာဇ် ၁၁၁၃ ခုနှစ်က ကျန်စစ်မင်း၏သားတော် ရာဇကုမာရက မွန်၊ မြန်မာ၊
ပါဠိနှင့် ပျူဘာသာလေးမျိုးဖြင့် ရေးထိုး ထားကာ ရာဇကုမာရကျောက်စာဟုလည်း
လူသိများသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်