ကြယ်စင်အိမ်ရာတွင် ပရိဘောဂအပါအဝင် နေထိုင်ရန် အသင့်ပြင်ဆင်ပြီးဖြစ်သော အခန်းပေါင်း
၁၀၀ ကျော်ကို ယခုနှစ် ဇွန်လမှစတင်ခါ ငှားရမ်းနေထိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း အိမ်ရာတာဝန်ရှိ
သူများက ယခုလ ၄ ရက်နေ့တွင် ပြောသည်။
သန်လျင်မြို့နယ်၊ ပဲခူးမြစ်နံဘေးရှိ ဧက ၄၂၀ ခန့်ကျယ်ဝန်းသော ကြယ်စင်အိမ်ရာ (Star City) ၏
အဆောက်အအုံများအနက် အခန်းပေါင်း ၁၅၀ ပါ၀င်သော Building A5 ကို အငှားနေထိုင်လိုသူ
များအတွက် စီစဉ်ပေးမည်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်က နေထိုင်သူများထံအပ်နှံခဲ့သော Building A1 တွင် ၂၀ ရာခိုင်နှုန်းခန့် လူနေထိုင်
ကြပြီဖြစ်သည်။
Building A1 မှ A4 အထိအား ကုမ္ပဏီမှ ရောင်းချခဲ့ခြင်းဖြစ်ပြီး အခန်းပိုင်ရှင်များက ပြန်လည်
ငှားရမ်းထားမှု များရှိသော်လည်း ယခုအဆောက်အအုံရှိ အခန်းများကို ကုမ္ပဏီမှ တိုက်ရိုက်ငှားမည်
ဖြစ်သည်။
"အခန်းအများစုက အသင့်နေထိုင်ရုံ စီစဉ်ထားပါတယ်။ အခန်းအချို့ကတော့ ပရိဘောဂ မပါဘူးပေါ့။
ကျွန်တော်တို့ ဒီအခန်းတွေကို လာမယ့် ဇွန်လဆန်းမှာ စငှားပါတော့မယ်။ ကုမ္ပဏီ ပဲဖြစ်ဖြစ်၊
မိသားစုပဲ ဖြစ်ဖြစ် ငှားလိုတယ်ဆိုရင် ကျွန်တော်တို့ဆီ ဆက်သွယ်ပြီး ကြိုတင်မှာထားနိုင်ပါတယ်"
ဟု Serge Pun & Associates (Myanmar) မှ အရောင်းနှင့် ဈေးကွက်ဌာန အကြီးအကဲ
Mr. Gabriel Cheng က မြန်မာတိုင်း(မ်)ကို ပြောသည်။
"ငှားရမ်းခကတော့ အမေရိကန်ဒေါ်လာ ၁,၀၀၀ ကစပါမယ်။ အဲဒီဈေးနှုန်းက အသင့် ပြင်ဆင်မထား
တဲ့ အခန်းတွေအတွက်ဖြစ်ပြီး ငှားရမ်းခက အခန်းအနေအထားပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။
မြစ်ရှုခင်းကို လှမ်းဖူးရတဲ့ အခန်းရှိမယ်၊ ပန်းခြံကိုမျက်နှာမူထားတဲ့ အခန်းရှိမယ် စသဖြင့်ပေါ့။ တချို့
အခန်းတွေဆို မြစ်ပြင် ကနေဖြတ်ပြီး ရွှေတိဂုံဘုရားကို လှမ်းဖူးနိုင်တဲ့ထိ မြင်ကွင်းလှတယ်" ဟု
၎င်းက ပြောသည်။
အဆောက်အအုံများအတွက် နေ့စဉ်သန့်ရှင်းရေး ပြုလုပ်ပေးမည်ဖြစ်သည်။ ထို့ပြင် ၂၄ နာရီ
လုံခြံုရေးစနစ်၊ လျှပ်စစ်မီးစနစ်တို့ ရရှိမည်ဖြစ်ပြီး နိုင်ငံတကာ ရုပ်သံအစီအစဉ်များနှင့် အင်တာနက်
အသုံးပြုနိုင်မည်ဖြစ်ပြီး ရေကူးကန်နှင့် အားကစားရုံတို့ကို အသုံးပြုနိုင်မည် ဖြစ်သည်။
အနိမ့်ဆုံး အခန်းငှားရမ်းနိုင်မှု အချိန်ကာလမှာ တစ်နှစ် ဖြစ်သည်။
















