လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်ဂေါက်ကွင်း အိမ်ရာရှိ နှင်းဆီဥယျာဉ်အိမ်ရာ (The Rose Garden
Villas) ရှိ ဆောက်လုပ်ဆဲလုံးချင်း နှစ်ထပ်တိုက် ၁၄ လုံးခန့်ကို အရစ်ကျစနစ်ဖြင့် ရောင်းချသွား
မည်ဖြစ်ကြောင်း အဆိုပါအိမ်ရာ ရောင်းချရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"အိမ်တွေကတော့ ၆၀ ရာခိုင်နှုန်းလောက်ပြီးနေပါပြီ။ ငွေကို လေးလကနေ အများဆုံး ခြောက်လ
အထိ အပြီးပေးချေရမှာပါ။ ၀ယ်တဲ့ သူက ပထမဦးဆုံး ၃၀ ရာခိုင်နှုန်း စပေးရမှာပါ။ ကျန်တဲ့ ရ၀
ရာခိုင်နှုန်းကိုတော့ လေးလအတွင်း အကျေပေးရမှာပါ" ဟု ပန်းလှိုင်ဂေါက်ကွင်း အိမ်ရာ၏
အရောင်းဌာနမန်နေဂျာ ဦးသူရိန်က ပြောသည်။
The Rose Garden Villas ကို မတ်လ ၁၅ရက်နေ့က စတင်ဖွင့်လှစ်ကာ အပြီးအစီး ပြင်ဆင်ထား
သည့် နမူနာအိမ်ပုံစံတစ်လုံးကို ၀ယ်ယူလိုသူများ လေ့လာနိုင်စေရန် မတ်လ ၁၆ ရက်နေ့မှ စတင်ပြီး
မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားရှိပေးမည် ဖြစ်သည်။ ခြံတစ်ခြံ ပျမ်းမျှအကျယ်
စတုရန်းပေ ၈,၀၀၀ ခန့်ရှိကာ အိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၄,၅၀၀ခန့်ရှိပြီး SPA project
က ဒီဇိုင်း ထုတ်ဆောက်လုပ်ထားသော အဆိုပါလုံးချင်း အိမ်ရာများမှ ခြောက်လုံးကို ပြီးခဲ့သည့်
တစ်နှစ် အတွင်း ရောင်းချပြီးဖြစ်ကြောင်း အရောင်း ဌာနက ပြောသည်။
အိမ်တစ်လုံး၏ရောင်းဈေးမှာ အမေရိကန်ဒေါ်လာ ၉၈၆,၀၀၀ မှ စတင်မည်ဖြစ်ကြောင်း ဦးသူရိန်က
ပြောသည်။ "ဈေးနှုန်းက များတယ်ဆိုပေမယ့် ပေးနိုင်တဲ့ သူတွေကတော့ ၀ယ်ကြပါတယ်။
တတ်နိုင်လို့ ၀ယ်ကြတဲ့ ဈေးကွက်တစ်ခုတော့ ရှိပါတယ်။ လက်ရှိဖွင့်ထားတဲ့ဈေးက ပြင်ပဈေးနှုန်းနဲ့
ချိန်ကြည့်ရင် အများကြီးသင့်တော်တဲ့ဈေးနှုန်းဖြစ်ပါတယ်။ ပါ၀င်တဲ့ပံ့ပိုးမှုတွေနဲ့ ဂေါက်ကွင်း အိမ်ရာ
ဆိုတာနဲ့တင် တန်တယ်လို့ ဆိုနိုင်ပါ တယ်" ဟု ၎င်းကပြောသည်။
ဈေးနှုန်းကို ဒေါ်လာဖြင့်သတ်မှတ်ထားသည် ဆိုသော်လည်း ငွေလဲနှုန်းအရ ကွာဟမှုများမဖြစ်
စေရန် ဒေါ်လာနှင့်တစ်ခါတည်း သတ်မှတ်ထား ခြင်းမျိုးသာဖြစ်သောကြောင့် မိမိနှစ်သက်ရာ
ငွေကြေးဖြင့် ပေးသွင်းနိုင်ကြောင်း ၎င်းကပြော သည်။
ပြည်တွင်းက အထက်တန်းကျကျနေထိုင်လို သူများနှင့် နိုင်ငံရပ်ခြားမှ ပြန်လာအခြေချမည့်
သူများအတွက် ရည်ရွယ်ဆောက်လုပ်ထားသော အဆိုပါလုံးချင်းနှစ်ထပ် တိုက်အိမ်များသည်
ရေချိုးခန်းနှင့် အိမ်သာတွဲလျက်ပါသည့် အိပ်ခန်း သုံးခန်း၊ ဧည့်ခန်း၊ ထမင်းစားခန်းနှင့် မီးဖိုခန်း
စသည်တို့အပြင် ကားပါကင်နှစ်ခုနှင့် ကိုယ်ပိုင် ပန်းခြံငယ်တို့ကိုလည်း ထည့်သွင်း ဆောက်လုပ်
ထားသည်။
ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာကို ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်ကတည်းက တည်ဆောက်
ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် ဖွံ့ဖြိုးပြီးအိမ်ရာ တစ်ခုအဖြစ်တည်ရှိနေခြင်း၊ လုံခြံုရေးစနစ်ကောင်း
မွန်ခြင်းနှင့် စိမ်းလန်းစိုပြည်သော သဘာဝပတ်ဝန်းကျင်တွင် တည်ရှိခြင်းတို့ ကြောင့် နေထိုင်သူ
များ အကြိုက်တွေ့နိုင်မည့် အိမ်ရာတစ်ခုအဖြစ် မျှော်လင့်ကြောင်း တာဝန် ရှိသူများက ပြော
သည်။
















