မြန်မာမက်ခရိုက နေရာမှ မဖယ်ရှားနိုင်ကြောင်း အတိအလင်း ကြေညာ

မြန်မာမက်ခရိုက နေရာမှ မဖယ်ရှားနိုင်ကြောင်း အတိအလင်း ကြေညာ

မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန လက်အောက်ရှိ
ယခင်ဌာနဟောင်းဖြစ်သည့် မွေးမြူရေးအစားအစာနှင့် နို့ထွက်ပစ္စည်း လုပ်ငန်းဌာနက ၁၉၅၅
အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေ ပုဒ်မ ၃ နှင့်အညီ မတ်လ ၁၇ ရက်နေ့က နောက်ဆုံး
ပေးပို့သော သတိပေး အကြောင်းကြားစာ (နို့တစ်စာ) အရ မြန်မာမက်ခရိုအင်ဒတ်စ် ထရီကုမ္ပဏီ
က လုပ်ငန်းလုပ်ကိုင်လျက်ရှိသော လက်ရှိနေရာဖြစ်သည့် သာကေတစက်မှုဇုန်ရှိ စည်သွတ်စက်ရုံ
မြေနေရာမှ မတ်လ ၃၁ ရက်နေ့တွင် အပြီးတိုင်ဖယ်ရှားပေးရမည်ဖြစ်သော်လည်း ၎င်းကုမ္ပဏီက
ဖယ်ရှားပေးမည်မဟုတ်ကြောင်း ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးမိုးမြင့်ကျော်က အဆိုပါ
စက်ရုံ၌ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

"ကုမ္ပဏီက ဒီဆုံးဖြတ်ချက်ကို လက်မခံနိုင် ပါဘူး။ ဒီဥပဒေက ကျူးကျော်ဝင်ရောက်နေထိုင် သူ
တွေကိုသာ နှင်ထုတ်တဲ့ဥပဒေ ဖြစ်ပါတယ်။ ကျွန်တော်တို့ကုမ္ပဏီက မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု
ကော်မတီရဲ့ခွင့်ပြုချက်နဲ့ မွေးရေဝန်ကြီး ဌာနပိုင်မြေပေါ်မှာ တရားဝင် နှစ်ရှည်စာချုပ် ချုပ်ဆိုထား
တာပါ။ အနှစ်နှစ်ဆယ် ချုပ်ဆိုထားတဲ့ သက်တမ်းက ၂၀၁၇ ခုနှစ်မှ ကုန်မှာပါ။ ဒါပေမဲ့ သူတို့
သဘောနဲ့ ၂၀၁၁ မှာ ကျွန်တော်တို့ စက်ရုံကို လေလံပစ်ရောင်းချထားပြီး ကျွန်တော်တို့တွေ
မဖယ်ရှားတာကို နှင်ထုတ်ဖို့ ကြိုးစားတာဟာ မတရားရာကျတဲ့အတွက် ကျွန်တော်တို့ ဒီနို့တစ်စာ
ကို လုံးဝလက်မခံနိုင်ပါဘူး" ဟု ၎င်းကပြောသည်။

မြန်မာမက်ခရို အင်ဒတ်စ်ထရီကုမ္ပဏီသည် ပြည်တွင်းနာမည်ရ အမှတ်တံဆိပ်တစ်ခုဖြစ် သည့်
Ready ငါးသေတ္တာနှင့် Bravo ငရုတ်ဆီ အစရှိသည့် ကုန်ပစ္စည်းများကို ထုတ်လုပ်လျက် ရှိသည့်
လုပ်ငန်းဖြစ်ပြီး ယင်းကုမ္ပဏီသည် သာကေတစည်သွတ်စက်ရုံအား မွေးမြူရေး လုပ်ငန်းနှင့် ကျေး
လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန (ယခင် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန) ၏
မွေးမြူရေးအစားအစာနှင့် နို့ထွက်ပစ္စည်း လုပ်ငန်းဌာနမှ ၁၉၉၇ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင်
စတင်ခါ နှစ် ၃၀ ကြာ နှစ်ရှည် သဘောတူညီချက်တွင် ကနဦး သက်တမ်းနှစ် ၂၀ ဖြင့် ငှားရမ်း
လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလတွင် အဆိုပါ၀န်ကြီးဌာနက စာချုပ်ပါမလွန်ဆန်နိုင် သောဖြစ်ရပ်
များအခြေအနေဖြင့် ယင်းစက်ရုံ အား လေလံတင်ရောင်းချခဲ့ရာ ဒေါ်မေအေးမွန် က ၀ယ်ယူခဲ့ပြီး
၀န်ကြီးဌာနသို့လည်း ငွေအကြေ ပေးချေခဲ့ကာ ယင်းအချိန်မှစ၍ မွေးမြူရေးအစားအစာနှင့်
နို့ထွက်ပစ္စည်းလုပ်ငန်းဌာန တို့မှ မြန်မာမက်ရို ကုမ္ပဏီအား သာကေတ စည်သွတ်စက်ရုံမှ
ဖယ်ရှားခိုင်းခဲ့သည်။

မြန်မာမက်ခရိုကုမ္ပဏီမှာ ဖယ်ရှားပေးခြင်းမရှိသည့်အတွက် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄
ရက်နေ့တွင် မွေးမြူရေးအစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းမှ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ
ပုဒ်မ ၃ အရ အိမ်ဥပစာ (နှင်ထုတ် ခြင်း) ဥပဒေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာ
ခဲ့သည်။

သာကေတစည် သွတ်စက်ရုံကို လေလံ တင်ချိန်တွင် ဒေါ်မေအေးမွန်က ကျပ်သန်း ၃,၂၉၀ နဲ့
အမြင့်ဆုံးဈေးပေးပြီး ၀ယ်ယူခဲ့ခြင်း ဖြစ်ကာ မွေးမြူရေးအစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းက
မြန်မာ မက်ခရိုကုမ္ပဏီကို အဆိုပါနေရာမှ ဖယ်ရှားပေးရန် သတိပေးစာများ အကြိမ်ကြိမ်ပို့ခဲ့သော်
လည်း ဖယ်ရှား ခြင်းမရှိသောကြောင့် မွေးမြူရေးဝန်ကြီးဌာနက ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်
ဆက်သွယ်ညှိနှိုင်းခဲ့ပြီး အခွင့်အာဏာလွှဲပေးခဲ့ခြင်းကြောင့် ၁၉၅၅ ပုဒ်မ (၃) အရ အိမ်ဥပစာ
(နှင်ထုတ်ခြင်း) နှင့်အညီ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါလုပ်ငန်း၏ ယခင်အထွေထွေ
မန်နေဂျာ ဖြစ်သူ ဒေါက်တာအောင်ပြည့်စုံက ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ပြုလုပ်
သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အဆိုပါ မွေးမြူရေးအစားအစာနှင့်နို့ထွက်
ပစ္စည်းလုပ်ငန်းမှာလည်း လက်ရှိတွင် ဖျက်သိမ်း ပြီး ဖြစ်သည်။

သို့သော် မြန်မာမက်ခရို ကုမ္ပဏီမှာ ယင်းကဲ့သို့ ပုဒ်မ (၃) အိမ်ဥပစာ (နှင်ထုတ်ခြင်း) ဥပဒေဖြင့်
အရေးယူဆောင်ရွက်ခြင်းသည် နည်းလမ်းမမှန်ကန်ကြောင်းနှင့် ဥပဒေနှင့် ညီညွတ်ခြင်းမရှိကြောင်း
မြန်မာမက်ခရို ကုမ္ပဏီ လီမိတက်၏ ဥပဒေအတိုင်ပင်ခံ တရား လွှတ်တော်ရှေ့နေ ဦးထွန်းအေးက
မတ်လ ၃၁ ရက်နေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

"မြန်မာမက်ခရိုကို တည်ထောင်ခဲ့တာ ကိုယ့် သဘောနဲ့ကိုယ် စည်းမဲ့ကမ်းမဲ့လုပ်ခဲ့တာ မဟုတ်ပါ
ဘူး။ အစိုးရရဲ့ ဂုဏ်သိက္ခာနဲ့ ကတိကဝတ်တွေကိုယုံကြည်ပြီးတော့ ကျွန်တော်တို့ စာချုပ် ချုပ်ခဲ့
တာပါ။ မွေးရေဝန်ကြီးဌာနနဲ့ ချုပ်ခဲ့ တဲ့စာချုပ်အရဆိုရင် အခုလိုပေးပို့တဲ့ နို့တစ်စာ က ဘာတစ်ခုမှ
အကျံုးမဝင်ပါဘူး။ စာချုပ်ထဲမှာ နှစ်နှစ်ဆယ် ကနဦးချုပ်ဆိုပြီး ဆက်လက်ပြီး နှစ်ဦးသဘောတူ
မယ်ဆိုရင် ငါးနှစ်စီ နှစ်ကြိမ် တိုးပေးပြီး နှစ်သုံးဆယ်ချုပ်မယ်ဆိုပြီး ချုပ်ခဲ့တာပါ။ ဒါပေမဲ့ နှစ်နှစ်ဆယ်
မပြည့်ခင်မှာပဲ လေလံပစ်ရောင်းချလိုက်တယ်။ ဒါကြောင့် ကနဦးစာချုပ်အရ ကျွန်တော်တို့ဟာ
၁၉၅၅ ပုဒ်မ (၃) မမြောက်တဲ့အတွက် မဖယ်ရှားနိုင် ပါဘူး"ဟု ၎င်းကပြောသည်။

ထို့ပြင် ယခင်ဝန်ကြီးဌာနဟောင်းဖြစ်သော မွေးရေဝန်ကြီးဌာန၏ အဆိုပါစက်ရုံအား လေလံတင်
ရောင်းချခြင်းသည် မလွန်ဆန်နိုင် သော ဖြစ်ရပ်အခြေအနေများ အခြေအနေ မဟုတ်ကြောင်း
၎င်းကပြောသည်။

"မလွန်ဆန်နိုင်သော ဖြစ်ရပ်အခြေအနေဆိုတာ မီးလောင်တာတို့၊ ရေကြီးတာတို့၊ အဓိကရုဏ်း
ဖြစ်ပေါ်တာတွေ ဖြစ်ပေါ်လာတဲ့ အခြေအနေဖြစ်မှသာ မလွန်ဆန်နိုင်သော ဖြစ်ရပ်ဆိုပြီး စက်ရုံ
ရပ်နားတာတို့ကို လုပ်လို့ ရတာပါ " ဟု ၎င်းကပြောသည်။ မြန်မာမက်ခရိုကုမ္ပဏီအား ၂၀၁၂
ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ယင်းမွေးမြူရေးအစားအစာနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းဌာနမှ
ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးသက်ဆွေက စက်ရုံမှဖယ်ရှားပေးရန် အကြောင်းကြားစာ
စတင်ပေးပို့ခဲ့ပြီး အိမ်ဥပစာ (နှင်ထုတ်ခြင်း) ဥပဒေဖြင့် ပေးပို့သည့်နို့တစ်စာအား အခွင့်ရ
အာဏာပိုင် ငါးလုပ်ငန်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်ထွဋ်က ၂၀၁၃ ခုနှစ်၊
ဇူလိုင်လတွင် ပထမအကြိမ်၊ အောက်တိုဘာလ တွင် ဒုတိယအကြိမ်နှင့် ၂၀၁၄ ခုနှစ်၊ မတ်လ
၁၇ ရက်နေ့တွင် နောက်ဆုံးအကြိမ်ဖြင့် ၁၅ ရက်အတွင်း ဖယ်ရှားရန် နို့တစ်စာပေးပို့ခဲ့သည်။

ထို့ပြင် မြန်မာမက်ခရို ကုမ္ပဏီကလည်း မွေးမြူရေးအစားအစာနှင့် နို့ထွက်ပစ္စည်း လုပ်ငန်းဌာနအား
ကနဦးစာချုပ်သက်တမ်း နှစ် ၂၀ ပြည့်သည်အထိ လုပ်ပိုင်ခွင့် ရှိသည်ဟု မြွက်ဟပြောကြားစေလို
မှုဖြင့် ၂၀၁၃ ခုနှစ်၊ မတ်လခန့်တွင် တရားစွဲဆိုခဲ့သည်။ ယခုအခါတွင် မွေးရေဝန်ကြီးဌာနမှ ယခု
ကဲ့သို့ အိမ်ဥပစာ (နှင်ထုတ်ခြင်း) ဥပဒေဖြင့် ပြုလုပ်ခြင်းများအပေါ် မြန်မာမက်ခရို ကုမ္ပဏီ ဘက်မှ
အမှန်တရား ထွက်ပေါ်သည်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာ နိုင်ငံ၏ ရင်းနှီး
မြှုပ်နှံမှုပိုင်းသည် ယခုဖြစ်ပေါ်နေသော ပြဿနာများကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော်အား
ယုံကြည်စိတ်ချမှုမထားသင့်သေးသည့်အတွက် နိုင်ငံတကာထိ အကူအညီတောင်းကာ အဖြေမှန်
ရသည်အထိ ထုတ်ဖော်သွားမည်ဖြစ်ကြောင်း မြန်မာမက်ခရို အင်ဒတ်စ်စထရီ ကုမ္ပဏီ လီမိတက်
၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမိုးမြင့်ကျော်က ပြောသည်။

မြန်မာမက်ခရို အင်ဒတ်စ်စထရီ ကုမ္ပဏီလီမိတက်သည် လက်ရှိအချိန်တွင်လည်း ဒဂုံ ဆိပ်ကမ်း
စက်မှုဇုန်တွင် စက်ရုံအသစ်တည်ဆောက်လျက်ရှိပြီး ၂၀၁၅ ခုနှစ် နှစ်ကုန်ခန့်တွင် ပြီးစီးမည်ဟု
ခန့်မှန်းထားပြီး အဆိုပါ စက်ရုံသစ်ပြီးစီးပါက သာကေတ စည်သွတ် စက်ရုံမှ ဖယ်ရှားမည်ဖြစ်ကြောင်း
ပြောသည်။

မြန်မာမက်ခရို အင်ဒတ်စ်စထရီကုမ္ပဏီတွင် အလုပ်သမား ၂၀၀ ကျော်ခန့်ရှိပြီး ရင်းနှီးမြှုပ်နှံမှု မှာ
ကျပ်သိန်းပေါင်း တစ်သောင်းကျော်ခန့်ရှိ ကြောင်း ဦးမိုးမြင့်ကျော်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်