အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်ရာ တွင် လိုက်နာရမည့် မြန်မာနိုင်ငံဆိုင်ရာ
အဆောက်အအုံဆောက်လုပ်မှုစံနှုန်း ပြဋ္ဌာန်း ချက်အား ၂၀၁၄ ခုနှစ်အတွင်း ထုတ်ပြန်သွား
တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း တာဝန်ရှိသူတစ်ဦးကပြောသည်။
"၂၀၁၃ မှာတော့ မူကြမ်းပြီးသွားပါပြီ။ အဲဒီတော့ လောလောဆယ်မှာ မူကြမ်းကတော့ ထွက်ပြီ။
နည်းနည်းထပ်စိစစ်ပြီးရင် အချော ထွက်ပါပြီ။ သိပ်မကြာတော့ပါဘူး။ အခု ၂၀၁၄ ထဲမှာပဲ
ထုတ်ပြန်သွားနိုင်ဖို့ကို ကြိုးစားနေတယ်" ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ဦးအောင်မြင့်က
ယခုလ ၈ ရက်နေ့က မြန်မာတိုင်း(မ်)ကို ပြောသည်။
အဆောက်အအုံဆောက်လုပ်မှုစံနှုန်း ပြဋ္ဌာန်းချက်မူကြမ်းကို ၂၀၁၃ နှစ်လယ်ပိုင်းက
ရေးဆွဲပြီးစီးခဲ့ခြင်းဖြစ်ပြီး မူလက ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် အချောသတ် ပြဋ္ဌာန်းချက်
ထွက်ရှိနိုင်ရန် ခန့်မှန်းထားခဲ့ခြင်းဖြစ်သည်။ အဆိုပါ အဆောက်အအုံဆောက်လုပ်မှု စံနှုန်း
သတ်မှတ်ချက် (Building Code of Myanmar) သည် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့်
ရေးဆွဲသည့် ပထမဆုံးသတ်မှတ်ချက်ဖြစ်လာမည်ဖြစ်ပြီး နိုင်ငံတကာအဆင့်မီသည့် စံချိန်
စံညွှန်းများအတိုင်း ရေးဆွဲထားခြင်းဖြစ်သည်။
ယင်းစံနှုန်းသတ်မှတ်ချက်အား မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနနှင့်
UN HABITAT တို့ ပူးပေါင်းရေးဆွဲနေခြင်းဖြစ်ပြီး အဓိကအားဖြင့် ငလျင်လှုပ်ခြင်း၊ လေထန်ခြင်းနှင့်
ရေကြီးခြင်းစသည့် သဘာဝဘေးအန္တရာယ်များကြောင့် အဆောက်အအုံပျက်စီးဆုံးရှုံးမှု လျော့နည်း
စေရန် ရည်ရွယ် ရေးဆွဲခြင်း ဖြစ်သည်။
"ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ လုပ်စရာတွေကျန်သေးတယ်။ တချို့ကိစ္စလေးတွေကို
ဒီကကန်ထရိုက်တာတွေ၊ လုပ်ငန်းဆောင်ရွက်နေတဲ့သူတွေနဲ့ အသေး စိတ်ညှိနှိုင်းသွားဖို့တွေရှိ
တယ်။ အဲဒါတွေပြီးရင်တော့ အချောသတ် ပြဋ္ဌာန်းချက်ထွက်နိုင်ဖို့ဟာ သေချာသွားပြီ" ဟု
ဦးအောင်မြင့်ကပြောသည်။
မူကြမ်းအား ကျနစွာ ပြင်ဆင်ပြီးဖြစ်သော် လည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ တည်
ဆောက်သူများထံ လိုက်နာရန်ညွှန်ကြားမှုများ မပြုလုပ်ရသေးပေ။ အဆောက်အအုံ စံနှုန်း
သတ်မှတ်ချက် (Building Code) သည် လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၏
အကျိုးစီးပွားအတွက် မဟုတ်ဘဲ စနစ်ကျသော ဖွဲ့စည်းပုံ၊ တည်ဆောက် ပုံနှင့် ဆက်နွှယ်
လျက်ရှိသည့် လူထုကျန်းမာရေး၊ လုံခြံုရေးနှင့် အထွေထွေကောင်းကျိုးချမ်းသာ တို့ကို
ရရှိနိုင်လိမ့်မည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။
စံနှုန်းသတ်မှတ်ချက်များ ရေးဆွဲရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်
ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီး ဌာန၊ ဗိသုကာပညာရှင်များ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့်
မြန်မာနိုင်ငံ ဘူမိသိပ္ပံ အသင်း တို့အပြင် အခြားသော ပညာရှင်များလည်း ပါ၀င် ရေးဆွဲခဲ့ခြင်း
ဖြစ်သည်။















