ကွန်ပျူတာတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သော ကျောင်းသူကျောင်းသား အယောက် ၃၀ တို့သည်
အိန္ဒိယ-မြန်မာ နျစ်နိုင်ငံအစိုးရအကြား နည်းပညာ ပူးပေါင်းရေးသဘောတူစာချုပ်အရ အိန္ဒိယနိုင်ငံ
IIITB (International Institute of Inform-ation Technology Bangalore)တွင် ဆော့ဖ်ဝဲ
ပညာများ သင်ကြားရန် မေလ ၂ ရက်နေ့ က ထွက်ခွာသွားသည်။
သင်တန်းကာလမှာ IIITB တွင် ခြောက်လနှင့် မန္တလေးတက္ကသိုလ်တွင် သင်တန်းကာလ သုံးလ
စုစုပေါင်းသင်တန်းကာလ ကိုးလကြာမြင့်မည် ဖြစ်ကာ ဆော့ဖ်ဝဲနည်းပညာဘွဲ့လွန်သင်တန်း က
ပေးအပ်သော ဒီပလိုမာရရှိမည်ဖြစ်သည်။
သင်တန်းသားများကို ရွေးချယ်ရာတွင် ကွန်ပျူတာတက္ကသိုလ်၌ တက်ရောက်ခဲ့သည့် သင်တန်းနှစ်
များ၏ နှစ်စဉ် ရမှတ် ပျမ်းမျှ ၆၀ ရာခိုင်နှုန်းနှင့်အထက် ရှိသူများကို ရွေးချယ်ခဲ့ ခြင်းဖြစ်ကြောင်း
ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါ်မီမီသက်သွင်က မြန်မာတိုင်း(မ်) သို့ ပြောသည်။
ရွေးချယ်ခံရသော ကျောင်းသူကျောင်းသား များက ထိုသို့ရွေးချယ်ခံရရေးအတွက် အဆင့်ဆင့်
အခက်အခဲပေါင်းစုံဖြင့် ကြိုးစားခဲ့ ရကြောင်းပြောသည်။ "ဒီသင်တန်းကို သတင်းစာထဲမှာ တွေ့ပါ
တယ်။ အဲဒါနဲ့ အိန္ဒိယကတိုက်ရိုက်စစ်တဲ့ စာမေး ပွဲကို အွန်လိုင်းကနေ ဖြေခဲ့ပါတယ်။ ရလဒ်တွေ
ကို ဖုန်းဆက်ပြီး လှမ်းအကြောင်းကြားပေး တယ်။ ဒီသင်တန်းပြီးရင်တော့ ဆော့ဖ်ဝဲ ကုမ္ပဏီတစ်ခုခု
မှာ အလုပ်လျှောက်ပြီး အလုပ် ၀င်လုပ်မယ်။ အခုသင်တန်းက ဆော့ဖ်ဝဲ နည်းပညာနဲ့ ပတ်သက်ပြီး
တော်တော်လေး အကျိုးရှိမယ်လို့ ယုံကြည်တယ်။ ဘာလို့လဲ ဆိုတော့ အိန္ဒိယနိုင်ငံက ဆော့ဖ်ဝဲနဲ့
ပတ်သက်လာရင် နာမည်ကြီးတဲ့နိုင်ငံတစ် နိုင့်ဖြစ်လို့ပါပဲ" ဟု ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်မှ
မနော်ဇင်မာလာဝင်းက ပြော သည်။
"ဒီအယောက် ၃၀ က သင်တန်းပြီးရင် အလုပ် အကိုင်အခွင့်အလမ်းတွေ ပွင့်လန်းလာမယ်။
နောက်ပြီးဆော့ဖ်ဝဲကုမ္ပဏီမှာ အလုပ်တွေလျှောက်လို့ရမယ်။ ဘယ်ဌာနမှာ လုပ်ရမယ်ဆိုပြီးတော့
ကန့်သတ်ထားတာမရှိပါဘူး။ သူတို့ ကြိုက်နှစ်သက်တဲ့ဆီမှာ အလုပ်လျှောက်နိုင်ပါ တယ်။
ကျွန်တော်တို့ကလည်း အလုပ်တွေခန့်အပ် သွားမှာပါ" ဟု သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးအောင်ကျော်မြတ်က မြန်မာတိုင်း(မ်)ကို ပြောသည်။
အိန္ဒိယနိုင်ငံသည် ပညာရေးကဏ္ဍအပြင် ဆက်သွယ်ရေးအစီအစဉ်များ၊ စွမ်းဆောင်ရည် မြှင့်
သင်တန်းများဖွင့်လှစ်ရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း အကုန်အကျခံသွားမည်ဖြစ်ပြီး
လာမည့် ၂၀၁၄ - ၁၅ ပညာသင်နှစ်တွင် မြန်မာနိုင်ငံ၌ Myanmar Institute Of Information
Technologyကို ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။

















