ပြည်ပကုမ္ပဏီအချို့နှှင့် ပူးပေါင်းရန် ရတနာပုံ တယ်လီပို့ဆွေးနွေးနေ

ပြည်ပကုမ္ပဏီအချို့နှှင့် ပူးပေါင်းရန် ရတနာပုံ တယ်လီပို့ဆွေးနွေးနေ

ပြည်တွင်းတွင် ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ရတနာပုံတယ်လီပို့ကုမ္ပဏီ
(YTP) သည် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်ရန်အတွက် နိုင်ငံတကာ
ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ဆွေးနွေးနေဆဲဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းပြီးဖြစ်သည့် ရတနာပုံ
တယ်လီပို့ကုမ္ပဏီသည် ထိုင်းနိုင်ငံအခြေစိုက် True ဆက်သွယ်ရေးကုမ္ပဏီနှင့် ပူးပေါင်း လုပ်
ကိုင်ရေးအတွက် လပေါင်းများစွာ ဆွေးနွေးနေခဲ့ပြီးဖြစ်သော်လည်း အပြီးသတ် ညှိနှိုင်း နိုင်ခြင်း
မရှိသေးပဲ လက်ရှိအချိန်တွင် အခြားပြည်ပကုမ္ပဏီများနှင့်လည်း ညှိနှိုင်းနေသည်ဟု သိရသည်။

"ငွေရေးကြေးရေးနဲ့ နည်းပညာအရ နိုင်ငံခြား ကုမ္ပဏီနဲ့ ပူးပေါင်းဖို့ကတော့ ဆက်ပြီးလုပ်သွား
ရမှာပါ။ လောလောဆယ် အများပိုင်ကုမ္ပဏီအဖြစ်ပြုပြင်ပြောင်းလဲရေးကို ဦးစားပေးလုပ် နေသလို
နိုင်ငံခြားဆက်သွယ်ရေးကုမ္ပဏီ သုံးလေးခုနဲ့လည်း ရွေးချယ်ရေးအဖွဲ့က ဆွေးနွေး ညှိနှိုင်း နေပါ
တယ်" ဟု ရတနာပုံတယ်လီပို့၏ အမှုဆောင်အရာရှိချုပ်သစ်အဖြစ် အရွေးချယ်ခံ ထားရသူ
ဦးရှိန်းသူအောင်က ပြောကြားသည်။

ရတနာပုံတယ်လီပို့ကုမ္ပဏီနှင့် ဆွေးနွေး ညှိနှိုင်းနေသည့် ပြည်ပဆက်သွယ်ရေးကုမ္ပဏီ များ၏
အမည်ကိုမူ ၎င်းက ထုတ်ဖော်ပြောကြား ခြင်း မရှိပေ။ ရတနာတယ်လီပို့ကုမ္ပဏီအနေဖြင့် ပြည်ပ
ကုမ္ပဏီနှင့် JV အဆင့်ပူးပေါင်းလုပ်ကိုင်ရန် ဦးစားပေး ဆောင်ရွက်ရန်ရှိသော်လည်း မည်သို့
အကျိုးတူးပူးပေါင်းနိုင်မည်ကို အသေးစိတ်ပြောနိုင်ခြင်း မရှိသေးဟုလည်း သိရသည်။

"လက်ရှိလုပ်ငန်းဆောင်ရွက်နေတဲ့ ကုမ္ပဏီဖြစ်တဲ့အတွက် ပြုပြင်ပြောင်းလဲရေး လုပ်ရတာ
ခက်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားကုမ္ပဏီနဲ့ ပူးပေါင်း လုပ်ကိုင်ရေးကို အမြန်ဆုံးဖြစ်မြောက်ဖို့
ကြိုးစားဆောင်ရွက်နေပါတယ်" ဟု ဦးရှိန်းသူ အောင်က ပြောကြားသည်။ ရတနာပုံတယ်
လီပို့ကုမ္ပဏီသည် မကြာမီ ကာလအတွင်း ကုမ္ပဏီပိုင်အစုရှယ်ယာများအား အများ ပြည်သူ
သို့ ရောင်းချသွားရန်ရှိသည့်အတွက် ကုမ္ပဏီ၏ လက်ရှိ၀န်ဆောင်မှုလုပ်ငန်း များအား ဦးစားပေး
လုပ်ကိုင်နေရာတွင် နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အစုရှယ်ယာ တန်ဖိုးများ ပါ၀င်နေ
သည့်အတွက် လုပ်ငန်းပိုင်း အခက်အခဲများရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

ရတနာပုံတယ်လီပို့သည် ဆက်သွယ်ရေး လုပ်ငန်းလိုင်စင်ရရှိရေးအတွက် လက်ရှိတွင် ဆောင်
ရွက်နေသော်လည်း ဈေးကွက်အတွင်း မည်သည့်အချိန်တွင် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှု
လုပ်ငန်းများ စတင်ပေးနိုင်မည်ကိုမူ အသေအချာပြောနိုင်ခြင်း မရှိသေးကြောင်း ၎င်း ကပြောကြား
သည်။ "ကျွန်တော်တို့မှာ အချိန်အရရော၊ ဈေးကွက် အနေအထားအရရော ကြီးမားတဲ့ စိန်ခေါ်မှု
တွေ ရှိနေပါတယ်။

ဒါပေမဲ့ပြည်တွင်းအော်ပရေတာ ဖြစ်တဲ့အတွက် အခြေခံအဆောက်အအုံတွေ တည်ဆောက်ပြီး
သားဖြစ်သလို မြန်မာနိုင်ငံရဲ့ လူဦးရေအနေအထားအရ ကျွန်တော်တို့ အတွက် ဈေးကွက်နေရာ
ရမယ်ဆိုတာတော့ ယုံကြည်ထားပြီးသားပါ" ဟု ဦးရှိန်းသူအောင်က ပြောသည်။ အများပိုင်ပုဂ္ဂလိ
က ကုမ္ပဏီအဖြစ် ဖွဲ့စည်း ထားသည့် ရတနာပုံတယ်လီပို့ကုမ္ပဏီတွင် မြန်မာ့ဆက်သွယ်ရေးလုပ်
ငန်းအပါအဝင် ပြည်တွင်းမှ ဆက်သွယ်ရေးနှင့် နည်းပညာဆိုင်ရာ ပုဂ္ဂလိက ကုမ္ပဏီ ၁၅ ခုအထိ
ပါ၀င်နေသည်။

ဆက်သွယ်ရေးနှင့် နည်းပညာဆိုင်ရာ လုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်ဖြင့် တည်
ဆောက်ခဲ့သည့် ပြင်ဦးလွင်မြို့အနီးရှိ ရတနာပုံဆိုက်ဘာ မြို့တော်စီမံကိန်း အကောင် အထည်
ဖော်ရာတွင် ဦးဆောင်အဖွဲ့အစည်း အဖြစ်ရတနာပုံတယ်လီပို့လီမိတက်အား ယခင်အစိုးရလက်
ထက် ၂၀၀၉ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။ နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်
ငန်းသည် လည်း ဂျပန်နိုင်ငံမှ KDDI ကုမ္ပဏီနှင့် ပူးပေါင်း လုပ်ကိုင်ရေး အသေးစိတ်ဆွေးနွေးဆဲဖြစ်
ပြီး၊ တစ်နှစ်ကျော်ကြာသည်အထိ ဆွေးနွေးညှိနှိုင်း ရေး လုပ်ငန်းများ မပြီးပြတ်နိုင်သေးပဲ ဖြစ်နေ
သည်။

အနာဂတ် မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် တရားဝင်ဆက်သွယ်ရေး အော်ပရေတာကုမ္ပဏီ
လေးခုထားရှိမည်ဖြစ်ရာ ပြည်ပဆက်သွယ်ရေးကုမ္ပဏီများဖြစ်သည့် တယ်လီနောနှင့် အော်ရီဒူး
ကုမ္ပဏီများသည် ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းတွင် ဆက်သွယ်ရေးလိုင်စင်ရရှိ ခဲ့ပြီး၊ လအနည်း
ငယ်အတွင်း ဆက်သွယ်ရေး ၀န်ဆောင်မှုများ စတင်နိုင်မည်ဟုလည်း ကြေညာထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်