အမုန်းပွားစေမည့် ရေးသားမှုများကို သည်းခံမည်မဟုတ် ဟု ဖေ့စ်ဘွတ်ခ်က ပြောကြား

အမုန်းပွားစေမည့် ရေးသားမှုများကို သည်းခံမည်မဟုတ် ဟု ဖေ့စ်ဘွတ်ခ်က ပြောကြား

မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် မှုနောက်ပိုင်းတွင် လှုံ့ဆော်ပြောဆိုသည့်အရေး
အသားများကို ထိန်းချုပ်ရန် မြန်မာ အစိုးရက စတင်ဆောင်ရွက်လာသည့်အချိန် တွင် လူမှုရေး
ကွန်ရက်ကြီးတစ်ခုဖြစ်သည့် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ တာဝန်ရှိသူများက လည်း အမုန်းပွားစေမည့်
ပြောဆိုရေးသားချက်များနှင့်ပတ်သက်ပြီး ၎င်းတို့၏သဘောထားကို အစိုးရအဖွဲ့တာဝန်ရှိသူများ
ကို ထုတ်ဖော်ပြောကြားခဲ့သည်။

မန္တလေးမြို့တွင် ဇူလိုင်လအစောပိုင်းက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုနောက်ပိုင်း ဖေ့စ်ဘွတ်ခ်
ပေါ်ရှိ အမုန်းပွားစေရန် ပြောဆို ရေးသားနေမှုများကို ဖြေရှင်းရန် အမေရိကန်ကုမ္ပဏီဖေ့စ်ဘွတ်ခ်
နှင့် တွေ့ဆုံခဲ့သည်ဟု သမ္မတရုံးတာဝန်ရှိသူတစ်ဦးက ပြီးခဲ့သည့် ရက်သတ္တအပတ်တွင် ပြောကြား
ခဲ့သည်။

ဖေ့စ်ဘွတ်ခ်က တာဝန်ရှိသူများနှင့် မြန်မာ အစိုးရအဖွဲ့က တာဝန်ရှိသူများသည် ဇူလိုင် လ ၃ရက်
နေ့တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြ သည်ဟု အမည်မဖော်လိုသည့် အဆိုပါ တာဝန်ရှိသူက ပြော
သည်။

ဇူလိုင် ၃ ရက်နှင့် ၄ ရက်ညများတွင် ခုနစ်နာရီခန့် ဖေ့စ်ဘွတ်ခ် ၀က်ဘ်ဆိုက်ကို ဆက်သွယ်၍
မရခဲ့ကြောင်း ဖေ့စ်ဘွတ်ခ်သုံးစွဲသူများက သတင်းပို့ကြ သည်။

သို့သော် proxy server က တစ်ဆင့် ဆက်သွယ်သည့်အခါ ဖေ့စ်ဘွတ်ခ်ကို ဆက်သွယ်နိုင်
သည့်အတွက် မြန်မာနိုင်ငံ အတွင်းရှိ ဖေ့စ်ဘွတ်ခ်သုံးစွဲသူများကို တမင် တကာပိတ်ထားခြင်း
ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖေ့စ်ဘွတ်ခ်ဝက်ဘ်ဆိုက်ခဏတာရပ်ဆိုင်းသွားခြင်းနှင့် မြန်မာအစိုးရ ပတ်သက်ခြင်း
ရှိ မရှိကို မြန်မာအစိုးရတာဝန်ရှိသူများက အတည်ပြုပြောကြားခြင်းမရှိ သကဲ့သို့ ဖေ့စ်ဘွတ်ခ်
တာဝန်ရှိသူတစ်ဦးက လည်း အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဖြေကြား ပေးရန် ငြင်းဆိုခဲ့သည်။

သို့သော် ကယ်လီဖိုးနီးယားရှိ Menlo Park အခြေစိုက်ကုမ္ပဏီကိုယ်စားလှယ်များ သည် နေပြည်
တော်နှင့် အဆက်အသွယ်ရှိ သည်ဟုဖေ့စ်ဘွတ်ခ်တာဝန်ရှိသူတစ်ဦးက မြန်မာတိုင်း(မ်)ကို
အတည်ပြုပြောကြား ထားသည်။

"ကျွန်တော်တို့ရဲ့ မူဝါဒနဲ့ ပတ်သက်ပြီး ဖြေရှင်းစရာ ဒါမှမဟုတ် စိုးရိမ်ပူပန်စရာရှိ တယ်ဆိုရင်
ကိုင်တွယ်ဖြေရှင်းဖို့အတွက် တစ်ကမ္ဘာလုံးမှာရှိတဲ့ အစိုးရအဖွဲ့တွေနဲ့ ကျွန်တော်တို့ မကြာခဏ
တွေ့ဆုံဆွေးနွေး လေ့ရှိပါတယ်" ဟု ဖေ့စ်ဘွတ်ခ်၏ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသည်။

သို့သော် ဖေ့စ်ဘွတ်ခ် နှင့် မြန်မာအစိုးရ ပူးပေါင်းဆောင်ရွက်မှုနှင့် အခြား အစီအစဉ်များ ချမှတ်
ထားခြင်းရှိ မရှိ နှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင် ဖြေကြား ပေးခြင်းမရှိသကဲ့သို့ အခြားအချက်
အလက်များ ဖြေကြားပေးရန်ကိုလည်း ငြင်းဆိုခဲ့သည်။ "ကျွန်တော် သူတို့ကို ရှင်းပြထားသလို
ပါပဲ၊ ဖေ့စ်ဘွတ်ခ်ဟာ အမုန်းပွားစေမယ့်စကား တွေ ပြောဆိုရေးသားခြင်းကို ခွင့်မပြုထား သလို
လူမျိုး၊ မျိုးရိုး၊ မူရင်းမျိုးနွယ်၊ ဘာသာ၊ ကျား(သို့)မ ဖြစ်တည်မှုနဲ့လက်ခံထားမှု၊မသန်စွမ်းမှု၊ကျန်းမာ
ရေးအခြေအနေ စတာတွေနဲ့ပတ်သက်ပြီး တခြားသူတွေကို တိုက်ခိုက်ပြောဆိုတာမျိုးတွေကိုလည်း
သည်းခံမှာ မဟုတ်ပါဘူး" ဟု ၎င်းက ပြောကြားခဲ့သည်။

"အခြားသူများကို ခြိမ်းခြောက်ခြင်း၊ သို့မဟုတ် လူ့အဖွဲ့အစည်းအတွင်း အကြမ်း ဖက်မှုများ
ပြုလုပ်ရန် စည်းရုံးခြင်းများ မပြုလုပ် ရန်" သုံးစွဲသူများကို ဖေ့စ်ဘွတ်ခ်က စည်းမျဉ်း များပြဋ္ဌာန်းပြီး
သတိပေးထားသည်။ မန္တလေးမြို့ရှိ ဗုဒ္ဓဘာသာဝင်အမျိုးသမီး တစ်ဦးကို မွတ်စလင်မ်အမျိုးသားနှစ်
ဦးက မုဒိမ်းကျင့်သည်ဆိုသည့်သတင်း ဖေ့စ် ဘွတ်ခ်တွင် ပျံ့နှံ့ခဲ့ပြီး နောက်ဆုံးတွင် အကြမ်းဖက်
မှုအသွင်ပြောင်းသွားသည့် လှုံ့ဆော်မှုပေါ်ပေါက်ခဲ့ ပြီးနောက် ဖေ့စ် ဘွတ်ခ်၏ မူဝါဒနှင့် ပတ်သက်
ပြီး ရှင်းပြ ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပဋိပက္ခတွင် မည်သူမည်ဝါ ကွဲကွဲပြားပြားမသိရသေး သည့်သူများ၏ တိုက်ခိုက်မှုကြောင့်
မွတ်စလင်တစ်ဦးနှင့် ဗုဒ္ဓဘာသာဝင်တစ်ဦး သေဆုံးခဲ့ရပြီး လူ ၂၀ နီးပါး ဒဏ်ရာရရှိ ခဲ့သည်။
မြန်မာကွန်ပျူတာပညာရှင်များအသင်း က ပြုစုထားသည့် စာရင်းအရ မြန်မာနိုင်ငံ တွင် ဖေ့စ်
ဘွတ်ခ်သုံးစွဲသူဦးရေသည် ၂၀၁၃ ခုနှစ်၊ ဩဂုတ်လတွင် တစ်သန်းကျော်ရှိပြီး သုံးစွဲသူအများစုမှာ
အကောင့်တစ်ခုထက် ပိုမိုပိုင်ဆိုင်ထားကြသည်။

အင်တာနက် ကွန်နက်ရှင်နှေးကွေးပြီး အင်တာနက် အသုံးပြုမှု အကန့်အသတ်ဖြင့်သာရှိသော်
လည်း ဖေ့စ်ဘွတ်ခ်သည် ကောလာဟလ နှင့် သတင်းများ ထွက်ပေါ်ပျံ့နှံ့ရာကွန်ရက် တစ်ခု
အဖြစ် တစ်နေ့တခြား လူကြိုက်များ လာလျက် ရှိသည်။ သမ္မတ၏ပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်
အပါအဝင် အစိုးရအဖွဲ့ အဖွဲ့ဝင်များကလည်း သတင်းထုတ်ပြန်ရန် အတွက် ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်
စာမျက်နှာ များကို နှစ်နှစ်ကာကာ သုံးစွဲလျက်ရှိသည်။

အမုန်းပွားစေရန် လှုံ့ဆော်ရေးသားမှု များ မြင့်တက်လာမှုများက စိုးရိမ်ပူပန်စရာအနေအထား
တစ်ရပ် ဖြစ်လာနေသည့်အတွက် အဆိုပါကိစ္စကို မျှမျှတတနှင့် ချင့်ချင့်ချိန်ချိန်ဖြေရှင်းဆောင်
ရွက်ရမည်ဟု ကျွမ်းကျင်သူများက ပြောသည်။

"လူမှုရေးကွန်ရက်မှာ အမုန်းပွားစေ မယ့် လှုံ့ဆော်မှုတွေ ပြန့်ပွားလာတာဟာ ကမ္ဘာတစ်လွှားက
အစိုးရအဖွဲ့တွေအတွက် စိန်ခေါ်မှုကြီးတစ်ခုပါ။ မြန်မာအစိုးရဟာ ဖေ့စ်ဘွတ်ခ်ပေါ်က အမုန်း
စကားရေးသားမှုတွေကို ထိန်းသိမ်းဖို့ ကြိုးစားရာမှာ ဆင်ဆာ ဖြတ်တဲ့စနစ်ဘက်ကို ပြန်မရောက်
သွား ရအောင် သတိထားဆောင်ရွက်ဖို့ လိုပါ တယ်" ဟု လူမျိုးဘာသာအရ လူနည်းစုဖြစ် နေ
သည့်သူများကို ပစ်မှတ်ထားကာ အမုန်း စကားများ လှုံ့ဆော်မှုများနှင့် ပတ်သက်ပြီး မကြာ
သေးခင်က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည့် Minority Rights မှ အာရှ ဒေသသတင်း
အချက်အလက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Hanna Hind-strom က ပြောသည်။

"ထိန်းချုပ်မှုတွေ လုပ်မယ့်အစား မတူ ကွဲပြားတဲ့ ဘာသာဝင်တွေအကြား အချင်း ချင်း လက်သင့်
ခံနိုင်မှုတွေ ပိုရှိလာစေဖို့နဲ့ ဆွေးနွေးမှုတွေစတင်ပေးဖို့ ဖေ့စ်ဘွတ်ခ်ကို အသုံးပြုလာကြအောင်
အဓိကထားဆောင် ရွက်သင့်ပါတယ်" ဟု ၎င်းက ပြောသည်။ လက်ရှိကာလတွင်လည်း အချို့
သောသူ များသည် အမုန်းစကားများ ဖေ့စ်ဘွတ်ခ် တွင် တင်လာကြသည့်အတွက် ဖြစ်ပေါ်လာ
သည့် အန္တရာယ်ကို ကာကွယ်ရန် ကြိုးပမ်း နေကြသည်။ မြန်မာအိုင်စီတီဖွံ့ဖြိုးတိုးတက် ရေးအဖွဲ့
(အမ်အိုင်ဒီအို)ဒါရိုက်တာအဖြစ် ဩဇာညောင်းသည့် ဘလော့ဂါတစ်ဦး လည်းဖြစ်ပြီး လွတ်လပ်စွာပြောဆိုခွင့်ကို ထောက်ခံသည့်သူတစ်ဦးလည်းဖြစ်သည့် နေဘုန်းလတ်သည်
အမုန်းစကား ဆန့်ကျင်ရေးစည်းရုံးလှုံ့ဆော်မှုတစ်ခုဖြစ်သည့် 'ပန်း စကား' လှုပ်ရှားမှုကို ဧပြီလ
တွင် စတင် ခဲ့သည်။ အဆိုပါလှုပ်ရှားမှုသည် အွန်လိုင်းတွင် အမုန်းစကားပြောဆိုမှုများကို ဆန့်
ကျင်ရန် အင်တာနက်အသုံးပြုသူများကို တောင်း ဆိုထားသည်။

"အင်တာနက်အသုံးပြုသူအချို့ဟာ တမင်တကာရန်စပြီး စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ ပုံတွေနဲ့
စာတွေကို တင်လေ့ရှိကြ ပါတယ်။ ဒါတွေက ဘလော့ဂါတွေနဲ့ ဘလော့ဂါဖတ်သူတွေနဲ့ မတူတဲ့
တာဝန်မဲ့တဲ့လုပ်ရပ်တွေလို့ ကျွန်တော်မြင်ပါတယ်" ဟု မကြာသေးခင်က ပြုလုပ်ခဲ့သည့် တွေ့ဆုံ
မေးမြန်းမှုတွင် ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

"တစ်ယောက်ယောက်ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ မကောင်းတဲ့ အရေးအသားတွေကို တွေ့
လိုက်ရတဲ့အခါမှာ ဒေါသ က အလျင်စလို ထွက်လာနိုင်ပါတယ်။ ဒါကြောင့် လူတွေက ချက်ချင်း
တုံ့ပြန်မှု တွေ ပြုလုပ်ကြပါတယ်။ သုံးစွဲသူတွေဟာ ဆင်ခြင်နိုင်စွမ်းမရှိကြတော့တဲ့ ပုံပါပဲ။ သူတို့ရဲ့
လုပ်ရပ်တွေကို အတ္တနဲ့ ဒေါသ က လွှမ်းမိုးသွားပါတယ်" ဟု ၎င်းက ပြောသည်။

သီရီမင်းထွန်း ဘာသာပြန်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်