ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းတွေ တိုးတက်လာတာနဲ့အတူ စမတ်ဖုန်းတွေ အသုံးပြုရာမှာ
လည်း တိုးတက်လာပြီဖြစ်ပါ တယ်။ ၂၀၁၀ ပြည့်နှစ် ၀န်းကျင်ကစပြီး စမတ် ဖုန်းတွေ စသုံးလာ
တာ အခုချိန်မှာတော့ ဒီဖုန်းတွေက မရှိမဖြစ်အဖြစ် သတ်မှတ်ခံနေ ရပါပြီ။
အခုအခါ ဆက်သွယ်ရေးကုမ္ပဏီသစ်တွေ က နောက်ဆုံးပေါ်နည်းပညာတွေအသုံးပြုထားတဲ့
ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပေးလာကြသလို ဖုန်းဆင်းကတ်တွေမှာလည်း ဈေးနှုန်းချိုသာ
စွာနဲ့ လွယ်လပ်ပေါများစွာ ၀ယ်ယူနိုင်ကြပြီဖြစ်ပါတယ်။ ဒါကြောင့် လက်နဲ့ ထိလိုက်ရုံနဲ့ လွယ်ကူ
စွာ ဆက်သွယ်ပြောဆိုနိုင်သလို၊ နိုင်ငံတကာ နဲ့ ချိတ်ဆက်နိုင်မယ့် အင်တာနက်ဝန်ဆောင်မှု
တွေနဲ့အတူ ကင်မရာနဲ့ စာအုပ်လို အသုံးပြု စရာတွေ ပါ၀င်တဲ့ စမတ်ဖုန်းတွေက အခြေခံ
လူတန်းစားအများစုအတွက် လက်လှမ်းမီလာ နိုင်တဲ့ နေ့စဉ်သုံးပစ္စည်းတစ်ခုဖြစ်လာတော့မှာပါ။
ဒီလို စမတ်ဖုန်းတွေက နေ့စဉ်ဘဝမှာ ကောင်းကျိုးများပြီး အဘက်ဘက်ကအသုံးဝင် နေပေမယ့်
လည်း အရင်က နွေးထွေးတဲ့ လူမှုစကားဝိုင်းတွေကိုတော့ တစ်ဖက်တစ်လမ်းက ဖျက်ဆီးပစ်နေ
ပါတယ်လို့ ဗဟန်းမြို့နယ်မှာနေတဲ့ အသက် ၂၉ နှစ်အရွယ် ကိုနေလင်းက ပြောပါတယ်။
"စမတ်ဖုန်းသုံးရတာ အရမ်းကောင်းပါ တယ်။ ဒါပေမဲ့ သူငယ်ချင်းတွေ စုပြီး လက်ဖက် ရည်ဆိုင်
ထိုင်တဲ့အခါမျိုးတွေမှာတော့ အရင် က နွေးထွေးတဲ့ ရင်းနှီးမှုတွေအစား လူစုထိုင် နေတဲ့အချိန်မှာ
တစ်ယောက်နဲ့ တစ်ယောက် စကားမပြောကြပဲ ကိုယ့်ဖုန်း ကိုယ်ထုတ်သုံး နေကြတော့ အေးစက်
တဲ့ စကားဝိုင်းတွေဖြစ်လာတယ်လို့ ခံစားမိတယ်" လို့ ကိုနေလင်းက သူ့အမြင်ကို ပြောပါတယ်။
ဓာတ်ပုံရိုက်နိုင်၊ သတင်းတွေကို အချိန်နဲ့ တစ်ပြေးညီသိနိုင်တဲ့အတွက် စမတ်ဖုန်းကို သုံးဖြစ်နေ
တယ်ဆိုတဲ့ ကိုနေလင်းက စကားသံ တွေ တဖြည်းဖြည်း တိတ်ဆိတ်လာတဲ့ လူငယ်စကားဝိုင်း
တွေကို အားမလိုအားမရဖြစ်မိတယ်လို့ ပြောပါတယ်။ "ကိုယ့်ဘေးနားမှာ အတူတူရှိနေတဲ့သူကို
ကျော်ပြီး ကိုယ်နဲ့ အပြင်မှာတောင် တစ်ခါမှ မတွေ့ဘူးတဲ့ အင်တာနက်က သူငယ်ချင်းတွေ ကို
လှမ်းဂရုစိုက်ပြနေကြတာ တော်တော်စိတ်မကောင်းစရာပါပဲ။ အတူထိုင်နေတဲ့ သူငယ် ချင်းတွေ
အချင်းချင်း စကားမပြောကြပဲ အဝေး က လူတွေကို လှမ်းပြီး အလုအယက်စကား တွေ ပြောနေ
တတ်ကြတယ်"လို့ သူက ပြောပါ တယ်။
လူငယ်တွေကြား ပျော်ရွှင်စရာ အကျင့် တွေကိုပါ ပျောက်ဆုံးလာစေတယ်လို့လည်း သူက
ဆိုပါတယ်။ "အရင်က တစ်ယောက်နဲ့ တစ်ယောက် စနောက်တဲ့ အကျင့်တွေ၊ နောက်ကော်ဖီခွက်
ထဲ ကျောက်ခဲခိုးထည့်ထားတာတို့၊ အကြောင်း အရာတစ်ခုခုကို အလုအယက် ဆွေးနွေးငြင်းခုံတာ
တို့လိုတွေ မရှိတော့ဘူး။ အခုခေတ် လူငယ်တွေတင်မဟုတ်ဘူး လူလတ်ပိုင်းစကားဝိုင်းတွေလည်း
တိတ်ဆိတ်လာပြီ" လို့ ကိုနေလင်းက ပြောပါတယ်။
ကိုယ်တိုင် စမတ်ဖုန်းသုံးနေချိန်မှာ တိတ်ဆိတ်လာတဲ့ စကားဝိုင်းတွေအကြောင်း သတိ မထား
မိပေမယ့် ဖုန်းမပါတဲ့ အချိန်တွေမှာ တော့ စမတ်ဖုန်းကြောင့် ရင်းနှီးမှုပျောက်တဲ့ ပုံစံကို ပိုသိလာ
ရတယ်လို့ သင်္ဃန်းကျွန်း မြို့နယ်မှာ နေတဲ့ မရွှေရည်က ပြောပါတယ်။
"ကျောင်းမှာ သူငယ်ချင်းတွေ အချင်းချင်း တွေ့ကြရင် ဖုန်းပဲ ထုတ်သုံးနေကြတာ အကျင့်လိုဖြစ်
နေပြီဆိုတော့ သိပ်သတိမထားမိဘူး။ ဒါပေမဲ့ စကားမပြောကြပဲ တူတူထိုင်ရုံထိုင် နေကြတာကို
ကိုယ်တိုင်ဖုန်းမပါတဲ့အချိန်က စပြီး လူတွေ သတိထားမိလာတယ်။ အင်တာ နက် မသုံးရင်တောင်
ဂိမ်းတွေဖွင့်ဆော့နေကြ တာကို သတိထားမိပြီး အံ့လည်း အံ့ဩတယ်"လို့ ပထမနှစ်ဥပဒေ
ကျောင်းသူ မရွှေရည်က ပြောပါတယ်။ နောက်ထပ် သတိထားမိတဲ့ အချက်တစ်ချက်ကတော့
အင်တာနက်မှာ တစ်ယောက်နဲ့ တယောက်တွေ့ချိန် ရင်းနှီးဖော်ရွေတဲ့ စကားလုံး တွေ သုံးသ
လောက် အပြင်မှာတွေ့ချိန် အချင်းချင်းသိပ်မရင်းနှီးသလို ခံစားမိစေပါတယ်တဲ့။
"နေမကောင်းဘူးလို့ အင်တာနက်မှာ တင်လိုက်ရင် ဘေးမှာထိုင်နေတဲ့ သူငယ်ချင်း က ကိုယ့်ကို
အပြင်မှာ အေးဆေးသူ့ဘာသာနေ ပေမယ့် အင်တာနက်မှာတော့ ဂရုစိုက်နော်၊ စိတ်ပူတယ်၊
ဘာညာဆိုပြီး စာတွေရေးလာပြန် ရော။ တူတူထိုင်ပြီး ဖုန်းကိုပဲ ဂရုစိုက်နေတာ ကို ကိုယ်တိုင်
တွေ့နေရတော့ ဘာပြောရမှန်း ကို မသိတော့ပါဘူး"လို့ မရွှေရည်က ပြော ပါတယ်။ ဒီလို
စမတ်ဖုန်းရဲ့ လူမှုဝန်းကျင်ကို ထိခိုက် စေတဲ့ အားနည်းချက်တွေရှိပေမယ့်လည်း အားသာချက်
တွေကတော့ ပိုများနေတယ်လို့ မြောက်ဒဂုံမြို့နယ်မှာနေတဲ့ ကိုမျိုးလွင်ဦးက ပြောပါတယ်။
"အစ်ကိုဆို အိမ်စီးပွားရေးလုပ်တယ်၊ အပြင်မှာ အငှားကားလည်း ထွက်မောင်း တယ်။ ဘာသတင်း
သိချင်လဲ ချက်ချင်း သိလာ ရတယ်။ ကိုယ့်လက်ထဲမှာ စမတ်ဖုန်းရှိနေတာ ကိုး။ အရင်ကလို ဖုန်း
ဆက်ပြီး မေးစရာတောင် မလိုတော့ဘူး" လို့ သူက ပြောပါတယ်။ "တကယ်လို့ အပြင်မှာ ကား
လိုက်မောင်းပို့ရင်းခရီးသည်ကို စောင့်ရရင် အရင်ကလို မပျင်းရတော့ဘူး။ အင်တာနက်မသုံးရင်
တောင် ဂိမ်းဆော့ပြီး အချိန်ဖြုန်းနေလို့ ရပါ တယ်" လို့သူကဆိုပါတယ်။ ဒါပေမဲ့လည်း မိသားစုနဲ့
အတူနေတဲ့ အချိန်တွေမှာတော့ စမတ်ဖုန်းအသုံးပြုမှုကို ခဏရပ်ထားလေ့ရှိတယ်ဆိုတာကြောင့်
တကယ်တမ်းမှာ စမတ်ဖုန်းက ဖျော်ဖြေခံ အသုံးချစရာ ပစ္စည်းတစ်ခုပဲ ဖြစ်နေပါတယ်လို့ သူက
ပြောပါတယ်။ တစ်ချက်တို့ထိလိုက်ရုံနဲ့ အာရုံတစ်ခုလုံး ကို ဆွဲဆောင်ထားနိုင်တဲ့ စမတ်ဖုန်းတွေရဲ့
ကောင်းတဲ့ အချက်တွေကြောင့် မသိမသာပျောက်ဆုံးလာတဲ့ လူမှုအသိုင်းအဝိုင်းက နွေးထွေးမှု
တွေကိုလည်း တစ်လှည့်ပြန်သတိ ထားမိတဲ့သူ အရေအတွက်ကတော့ အခုချိန် ထိ နည်းပါးနေ
တုန်းပါပဲ။
ဒါပေမဲ့ အခုချိန်မှာတော့ သက်ကြီးပိုင်းနဲ့ အင်တာနက် မရတဲ့ အချို့ဒေသတွေကလွဲရင် လူအများ
စုက ခလုတ်ဖုန်းတွေကို မသုံးချင်ကြတော့ပဲ စမတ် ဖုန်းတွေကိုသာ သုံးနေကြပါပြီ။

















