အော်ရီဒူးသုံးစွဲသူ တစ်သန်းကျော်လွန်ပြီ

အော်ရီဒူးသုံးစွဲသူ တစ်သန်းကျော်လွန်ပြီ

ဩဂုတ်လ ၁၅ရက်နေ့မှ တရားဝင်လွှင့်တင်ခဲ့သော အော်ရီဒူးဆက်သွယ်ရေးကွန်ရက်ကို သုံးပတ်
မတိုင်မီအတွင်း အသုံးပြုသူ တစ်သန်းကျော်လွန်သွားပြီဖြစ်ကြောင်း အော်ရီဒူးလုပ်ငန်းစုများ ဥက္ကဌ
ရှိတ်အဗ္ဗဒူလာဘင်မိုဟမ်မက် ဘင်ဆော်ဒီအယ်လ်တာနီက နေပြည်တော်တွင် ကျင်းပခဲ့သည့် အခမ်းအနားတစ်ခုအတွင်း ပြောကြားခဲ့ကြောင်း အော်ရီဒူးကုမ္ပဏီ၏ တရားဝင်အင်တာနက်
စာမျက်နှာများက ဩဂုတ်လ၂၃ရက်နေ့တွင် ဖော်ပြခဲ့သည်။

တယ်လီဖုန်းနှင့်အင်တာနက်ဝန်ဆောင်မှုများ လွှင့်တင်ချိန်မှစတင်ကာ ဈေးကွက်ဝယ်လိုအားမှာ
သိသာထင်ရှားစွာ မြင့်တက်လာခဲ့ပြီး တန်ဖိုးနည်းအော်ရီဒူးဆင်းကတ်များကို ၀ယ်ယူရန်အတွက်
စောင့်ဆိုင်းသူ လူအများအပြားရှိခဲ့ကြောင်းနှင့် ယင်းကဲ့သို့ အချိန်တိုတိုအတွင်း ဈေးကွက်ဖော်
ဆောင်ပေးနိုင်ခဲ့သည့် အော်ရီဒူးမြန်မာအသင်းသားများကိုလည်း လွန်စွာကျေးဇူးတင်ကြောင်းဖြင့်
ယင်းက ဆက်လက်ပြောကြားသည်။

နိုင်ငံတော်သမ္မတအိမ်တော်တွင် ကျင်းပခဲ့သည့် ယင်းအခမ်းအနားသို့ ဒုသမ္မတဦးဉာဏ်ထွန်း
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ ၀န်ကြီးဦးမြတ်ဟိန်းနှင့်
အော်ရီဒူးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

"ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနဲ့ ဆက်သွယ်ရေး၊
သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနတို့အနေနဲ့ ပြည်သူတွေကို အကောင်းဆုံး
၀န်ဆောင်မှုတွေ ပေးနိုင်မယ့် တရားမျှတပြီး၊ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ဆက်သွယ်ရေးကဏ္ဍသစ်
တစ်ရပ်ကို တည်ဆောက်ဖွင့်လှစ်နိုင်ဖို့အတွက် ကြိုးပမ်းခဲ့ပါတယ်" ဟု ၀န်ကြီးဦးမြတ်ဟိန်းက
ပြောသည်။

ထို့ပြင် ယင်းကဲ့သို့ အချိန်တိုအတွင်း အောင်မြင်မှုရရှိခဲ့သည့် အော်ရီဒူးနှင့်အော်ရီဒူးမိသားစုများ
အတွက်လည်း ဂုဏ်ယူမိပါကြောင်းနှင့် ယင်းကဲ့သို့ကြိုးပမ်းအားထုတ်လုပ်ဆောင်မှုများကို မြင်တွေ့
ရသည့်အတွက် မိမိအနေဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်း ၎င်းကဆက်လက်ပြောကြား
သည်။

လက်ရှိအချိန်တွင် အော်ရီဒူးမြန်မာလုပ်ငန်းခွဲတွင် လုပ်ကိုင်နေသူ စုစုပေါင်းဝန်ထမ်း ၁၀၀၀ခန့်ရှိပြီး
၈၀၀ခန့်မှာ မြန်မာနိုင်ငံသားများဖြစ်ကြသည်။ ဆင်းကတ်များ ဖြန့်ချိရေးလုပ်ငန်းများမှ ဖောက်သည်
၆၅၀၀ခန့်ရှိခဲ့ပြီး ၎င်း၏ ပါ၀င်ပတ်သက်မှုမှသည် အလုပ်အကိုင်ပေါင်း ငါးသောင်းခန့်ကို အော်ရီဒူးက
ဖော်ဆောင်ပေးနိုင်ခဲ့ကာ ငွေဖြည့်ကတ်ရောင်းချမှု ၃၀၀၀၀ခန့်အထိ ပြုလုပ်နိုင်ခဲ့သည်ဟု အော်ရီဒူး
က ထုတ်ပြန်ထားသည်။

၂၀၁၄ခုနှစ်အကုန်တွင် အော်ရီဒူးဆက်သွယ်ရေးကွန်ယက်ကို အသုံးပြုသူ ၂၅သန်းခန့်အထိ
တိုးပွားလာရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အော်ရီဒူးက ထုတ်ပြန်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်