ပြည်ပဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သော အူးရီးဒူးက ဖုန်းခေါ်ဆိုမှုအတွက်
မိနစ်အလိုက်မှ စက္ကန့်အလိုက်သို့ စက်တင်ဘာလ ၂၃ ရက်နေ့ မနက် ၆ နာရီမှ စတင်ကာ
ပြောင်းလဲကောက်ခံခဲ့ကြောင်း အူရီးဒူးမှ သိရသည်။ ယခင်က အူးရီးဒူးဖုန်းကို သုံးစွဲသူများ
အနေဖြင့် ဖုန်းခေါ်ဆိုမှုများကို မိနစ်အလိုက်ဖြင့် ကောက်ခံခြင်းအပေါ်တွင် သုံးစွဲသူများက
ဝေဖန်မှု အမြောက်အမြားထွက်ပေါ်ခဲ့ပြီး နောက် ပိုင်းတွင် ယခုကဲ့သို့ လျှော့ချလိုက်ခြင်းလည်း
ဖြစ်နိုင်သည်ဟု နားလည်သူများက ဆိုသည်။
"ကျွန်တော်တို့ အနေဖြင့် နံပါတ်တစ် ဦးစားပေး စဉ်းစားတာကတော့ သုံးစွဲသူမိဘပြည်သူများ
အကောင်းဆုံး အတွေ့အကြံုများ ပေးဝေနိုင်ဖို့ပါပဲ ဒီဝန်ဆောင်မှုတွေကို စတင်မိတ်ဆက် ကတည်း
က ကျွန်တော်တို့ရဲ့ ၀န်ထမ်းတွေက သုံးစွဲသူ မိဘပြည်သူများနဲ့ စကားပြောပြီး အကြံပြုချက်များကို
သေသေချာချာ လေးလေးစားစား ဂရုတစိုက်နားထောင်ခဲ့ပါတယ်၊ ကျွန်တော်တို့ဘက်က နားစွင့်
ထားပါတယ်"ဟု အူးရီးဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ ရော့စ်ကောမက်ကပြောသည်။
ယခုပြောင်းလဲကောက်ခံမည့်အစီအစဉ်သည် စက္ကန့်အလိုက်အတိအကျ ပြောင်းလဲကောက်ခံမည့်
အစီအစဉ်မျိုးဖြစ်၍ သုံးစွဲသူများအနေဖြင့် မိမိပြောဆိုခဲ့သော အချိန်အတိုင်းအတာစက္ကန့် အလိုက်
သာ ကျသင့်ငွေပေးဆောင်ရမည်ဖြစ်ပြီး၊ အူရီးဒူးအချင်းချင်းခေါ်ဆိုမှုတွင်လည်း ၄၇ စက္ကန့်အတွင်း
ခေါ်ဆိုခဲ့ပါက ၁၉.၅ ကျပ်နှုန်းသာ ကျသင့်ပေးဆောင်ရမည်ဖြစ်၍ တစ်စက္ကန့်ကို ၀.၄၁၂ ကျပ်နှင့်၊
အခြားနက်ဝက်ကို ခေါ်ဆိုမှုတွင် တစ်စက္ကန့်ကို ၀.၆ ကျပ် ကျသင့်သွားမည် ဖြစ်ကြောင်း
သိရသည်။

















