ဂြိုဟ်တုရုပ်သံထုတ်လွင့်မှုများ ဂျီအက်စ်လုပ်ငန်းစု မြန်မာနိုင်ငံတွင် စတင်တော့မည်

ဂြိုဟ်တုရုပ်သံထုတ်လွင့်မှုများ ဂျီအက်စ်လုပ်ငန်းစု မြန်မာနိုင်ငံတွင် စတင်တော့မည်

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနနှင့် ရုရှားရုပ်သံလုပ်ငန်း
တစ်ခုဖြစ်သည့် GS Group တို့အကြား မြန်မာနိုင်ငံအတွင်း ဂြိုဟ်တုမှ ထုတ်လွင့်သည့် ရုပ်သံ
များကို ပြသရန်အတွက် သဘောတူညီချက် ရရှိထားပြီဖြစ်ကြောင်း SatelliteToday သတင်း
ဌာနက အောက်တိုဘာလ ၆ရက်နေ့တွင် ဖော်ပြခဲ့သည်။

လွန်ခဲ့သည့် ဩဂုတ်လက မြန်မာအစိုးရနှင့် ရုရှားအစိုးရတို့အကြား ရုရှား မြန်မာကော်မရှင်
ဖွဲ့စည်းစဉ်က ယင်းသဘောတူညီချက်ကို ကနဦး ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် နိုင်ငံ
တကာမှ ဒစ်ဂျစ်တယ်ရုပ်သံလိုင်းများကို မြန်မာနိုင်ငံအတွင်း စတင်နိုင်ရန်အတွက် လုပ်ဆောင်
တော့မည်ဖြစ်သည်။

မြန်မာအစိုးရအနေဖြင့် ဂြိုဟ်တုရုပ်သံလိုင်းများကို ပြည်တွင်း၌ ထုတ်လွင့်နိုင်ရေးကို အထူး
စိတ်ဝင်စား လျက်ရှိကြောင်း အဆိုပါကုမ္ပဏီ၏ ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

"ကျွန်တော်တို့ သိပ်မကြာခင်ကာလမှာပဲ ပြည်ထောင်စုမြန်မာနိုင်ငံမှာ ဒီဂြိုဟ်တုရုပ်သံထုတ်
လွင့်ခြင်း အစီအစဉ်တွေ စတင်နိုင်တော့မှာဖြစ်ပါတယ်။ စတင်နိုင်ပြီဆိုရင်တော့ ဒါမြန်မာနိုင်ငံ
ရဲ့ ပထမဆုံးသော ဂြိုဟ်တုရုပ်သံထုတ်လွင့်မှုဖြစ်လာမှာပါ" ဟု GS Group ၊ ပြည်ပရုပ်သံ
ထုတ်လွင့်မှုဆိုင်ရာဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒန်းနစ်ဘူဒီလော့ဗ်က ပြောသည်။

GS Group ရုပ်သံလုပ်ငန်းစုသည် မြန်မာနိုင်ငံအတွင်း အခပေးရုပ်သံလိုင်းများတွင် ကန့်သတ်
ချက်များ များပြားသောကြောင့် ပြည်တွင်းလုပ်ကိုင်ခွင့်ရရှိရေးကို ကြီးမားသော အခွင့်အလမ်း
တစ်ခုအဖြစ် ခံယူထားပြီး လုပ်ကိုင်ခွင့်ရရှိရန် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။
၎င်းတို့အနေဖြင့် ပြည်တွင်းမှ ပရိသတ်များကို အကန့်အသတ်နည်းပါးပြီး ရွေးချယ်စရာအလွန်
များပြားသည့် အခပေးရုပ်သံများနျင့် မိတ်ဆက်ပေးလိုကြောင်း ယင်းရုပ်သံလုပ်ငန်းစုက ထုတ်
ပြန်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်