တယ်လီနော ဆင်းကဒ်ဖြင့် ဖေ့စ်ဘွတ်ခ် အကောင့်သစ် တစ်ခု လျှောက်ထားနိုင်ပြီ

တယ်လီနော ဆင်းကဒ်ဖြင့် ဖေ့စ်ဘွတ်ခ် အကောင့်သစ် တစ်ခု လျှောက်ထားနိုင်ပြီ

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် အင်တာနေရှင်နယ် မက်ဆေ့ချ် ၀န်ဆောင်မှုပေးသော
တယ်လီနော ကုမ္ပဏီသည် ၎င်း၏ ဆင်းမ်ကတ်ကို အသုံးပြုပြီး ဖေ့စ်ဘွတ်ခ် အကောင့်ဖွင့်ခြင်းကို
အသုံးပြုနိုင်မည် ဖြစ်ကြောင်း တယ်လီနောမှ သိရသည်။

"တယ်လီနော ဆင်းကတ်ကို အသုံးပြုပြီး ဖေ့စ်ဘွတ်ကို အကောင့်သစ်ဖွင့်လို့ ရပါတယ်။ ဖွင့်တဲ့
အခါမှာလည်း တယ်လီနောဖုန်းနံပတ်ကို ရိုက်ထည့်ရမယ်ရှင့် ရိုက်ထည့်ပြီးသွားရင် ဖေ့စ်ဘွတ်
ကနေပြီးတော့ အဲ့ဖုန်းနံပါတ်ကို (verification code) ကို ပြန်ပို့ပေးမှာပါ။ အဲ့ဒီအတွက်လည်း
အခကြေးငွေ မကျပါဘူး။ အချိန်က အများဆုံး တစ်မိနစ်ပါပဲ။ နောက်ပြီး မြန်မာနိုင်ငံကနေ
International message အတွက် ပြည်ပငါးနိုင်ငံကိုလည်း ၃၀ ကျပ်မှ စတင်ပြီး နိုင်ငံအလိုက်
ကောက်ခံခနှုန်းထား အမျိုးမျိုးကိုလည်း သတ်မှတ်ထားပါတယ်"ဟု တယ်လီနော Call Center ကို
ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

ပြိုင်ဘက် ကုမ္ပဏီများတွင် ယခုကဲ့သို့ ၀န်ဆောင်မှုမျိုးကို မရရှိသော်လည်း တယ်လီနောတွင်
အဆိုပါ ၀န်ဆောင်မှု ရရှိနေကြောင်းတွေ့ရသည်။

အဆိုပါ (Facebook Verification Code) သည် ၃၂၆၆၅ ဆားဗစ် နံပါတ်ဖြင့် တယ်လီနော
အသုံးပြုသည့် ဖုန်းအတွင်းသို့ ၀င်လာမှာဖြစ်ပြီး Verification Code ကဏန်း ၅ လုံးဖြင့် ပူးတွဲ
ပါရှိမည်ဖြစ်သည်။

"မနက်ကမှ တယ်လီနော ဆင်းမ်ကတ်နဲ့ ဖေ့စ်ဘွတ်ခ်ကို အကောင့်သစ်ဖွင့်ကြည့်တာဗျ။
ရသွားတယ်။ မက်ဆေ့ချ်က ၅ စက္ကန့်တောင်မကြာဘူး ဖုန်းထဲဝင်လာတယ်။ ဖုန်းထဲမှာလည်း
ဘေလ်မလျော့ဘူး။ အရင်ကဆို ဖေ့စ်ဘွတ်ခ်ဖွင့်ချင်ရင် စင်ကာပူတို့၊ မလေးရှားတို့မှာ
သူငယ်ချင်းတွေ လှမ်းအကူအညီ တောင်းရတယ်။ ခုမလို တော့ဘူးဗျ၊ အဆင်ပြေသွားပြီ"ဟု
ရန်ကုန်မြို့နေ ဖုန်းသုံးစွဲသူတစ်ဦးက ပြောသည်။

ဖေ့စ်ဘွတ်ခ်အကောင့် တစ်ခုဖွင့်ရန် (Verification Code) လိုအပ်ပြီး ထိုကုဒ်ကို ဖေ့စ်ဘွတ်မှ
အသုံးပြုသူ၏ ဖုန်းသို့ လှမ်း၍ မက်ဆေ့ချ်ပို့ပေးသော်လည်း ယခင်က ဖုန်းကတ်များတွင်
ထို၀န်ဆောင်မှုမျိုးကို မထောက်ပံ့နိုင်ခဲ့ပေ။

နော်ဝေးနိုင်ငံ အခြေစိုက်တယ်လီနောသည် ဆက်သွယ်ရေး ၀န်ဆောင်မှုများအတွက် ဇီးရိုး
ဖေ့စ်ဘွတ်ခ် (0.facebook.com)နှင့် အော်ပရာမီနီ (Opera Mini Browser) ကဲ့သို့သော
အက်ပလီကေးရှင်းများနှင့် ပူးပါတနာတစ်ဖြစ်ပြီး တယ်လီနောဆင်းကတ်ဖြင့် (0.facebook.com)
အတွင်းသို့ဝင်ရောက်ကာ ဖေ့စ်ဘွတ်ခ်ကို အခမဲ့အသုံးပြုနိုင်မည်ဖြစ်သည်။

အဆိုပါအချက်အပြင် ဂူးဂဲလ်၏ တရားဝင် အန်းဒရိုက်ဖုန်းတိုင်းတွင် ပါရှိသော (SIM ToolKit)
ဆိုသည့် အက်ပ်သည်လည်း တယ်လီနော ဆင်းကတ် ထည့်လိုက်သည်နှင့် အသုံးပြုသူ၏
မိုဘိုင်းတွင် My Telenor ဟူ၍ ပေါ်လာမည်ဖြစ်ကာ စတင်အသက်ဝင်ပြီး အဆိုပါ
အက်ပလီကေးရှင်းမှတဆင့် တယ်လီနောဆိုင်ရာ ၀န်ဆောင်မှုအမျိုးမျိုးကို ရှာဖွေစုံစမ်းနိုင်မည်
ဖြစ်သည်။

တယ်လီနော ပိုတယ်လ် (Telenor Portal) ၀န်ဆောင်မှုဖြစ်သည့် အွန်လိုင်းမားကတ်တွင်လည်း
မြန်မာသီချင်းများ၊ ဓာတ်ပုံများ၊ ဂိမ်းများ၊ အသုံးဝင် အက်ပလီကေးရှင်းများကို ငွေကျပ် ၂၀၀ မှ
စတင်ကာ ငွေကျပ် ၅၀၀ အထိ အစားအစားပေးချေကာ ၀ယ်ယူ ရရှိနိုင်မည်လည်းဖြစ်သည်။

တယ်လီနောသည် ၎င်း၏ ၀န်ဆောင်မှုများကို မန္တလေးအတွက် စက်တင်ဘာလ ၂၇ ရက်နေ့မှ
စတင်ခဲ့ပြီး အောက်တိုဘာလ ၃ ရက်နေ့တွင် နေပြည်တော်နှင့် အောက်တိုဘာလ ၂၆ ရက်နေ့တွင်
ရန်ကုန်သို့ ဖြန့်ချိပေးခဲ့ကာ ရန်ကုန်တွင် အရောင်းဆိုင်ပေါင်း ၈၀၀၀ ကျော်ဖြင့် ဆင်းကဒ် တစ်သန်း
ကနဦးအနေဖြင့် ရောင်းချခဲ့ပြီး ပထမဆုံးနေ့တွင် အက်တီဗိတ် (Activate) လုပ်သူပေါင်း
၃၅၀၀၀၀ ရှိခဲ့ကြောင်း တယ်လီနောမှ ၀န်ထမ်းတစ်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်