ပြည်ပဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သော အူရီဒူးမြန်မာသည် ၎င်းတို့၏ မိုဘိုင်း
အင်တာနက်ခကို ယခုလဆန်းပိုင်းအတွင်း ပုံစံသစ်ဖြင့် ယခင် သတ်မှတ်ထားသော 1024 KB ကို
တစ်ဆယ်ကျပ်နှုန်းမှ 100 KB ကို ၁ ကျပ်နှုန်းဖြင့် ပြောင်းလဲ ကောက်ခံမှု၌ အခကြေးငွေ
လျော့ကျသွားခြင်း မရှိကြောင်း လေ့လာသူများက ဆိုသည်။
ယခင် ၁၀ ကျပ်ကို 1024 KB ဒေတာ ရရှိရာမှ နို၀င်ဘာလ ၁ ရက်နေ့မှ စတင်ပြောင်းလဲ
ကောက်ခံသော စနစ်သစ်တွင် ၁၀ ကျပ်ကို 1000 KB သာ ရရှိတော့မည်ဖြစ်ပြီး အင်တာနက်
ပြောင်းလဲကောက်ခံမှုတွင် ပြည်သူများအတွက် အနည်းငယ်သာ အကျိုးရှိနိုင်ကြောင်း
သုံးစွဲသူအချို့က သုံးသပ်သည်။
"ပုံမှန်သေချာတွက်ကြည့်ရင်တော့ 1 MB ကို သုံးတာကတော့ ဈေးမကျဘူးပေါ့။ 1 MB မပြည့်တဲ့
ပမာဏဆိုရင်တော့ ဈေးကျသွားမယ် ဘာလို့ဆိုရင် အရင်က 300, 500 KB လောက်ပဲသုံးမယ်
ဆိုရင်လည်း တစ်ကြိမ်ကို ၁၀ ကျပ် ကျနေတယ်။ ဒါပေမယ့် အခုကတော့ 300 KB ဆိုရင်
၃ ကျပ် ကျသင့်ပြီး 500 KB ဆို ၅ ကျပ်ကျ မှာပါ။ အဲ့အပိုင်းလေးမှာ နည်းနည်းသက်သာ
သွားတာကလွဲပြီး ဈေးနှုန်းလျော့ကျသွားတာ နည်းနည်းမှမရှိဘူး။ အရင်တိုင်းပါပဲ"ဟု
ပြည်ပကုမ္ပဏီများကို နည်းပညာ အထောက်အပံ့ပေးနေသော ကုမ္ပဏီမှ မြန်မာ့ဆက်သွယ်ရေး
၀န်ထမ်းဟောင်း ကိုရဲကျော်စွာဘို က သုံးသပ်သည်။
ထို့ပြင် ယခု အင်တာနက်ကောက်ယူမှု ပုံစံသစ်သည် ယခင်ဖုန်းလိုင်းခကို မိနစ်မှ စက္ကန့်သို့
ပြောင်းလဲကောက်ခံမှုနှင့် သဏ္ဍန်တူနေကြောင်း၊ ထိုအတွက် MB အပြည့်သုံးစွဲနေကြသည့်
အူရီဒူး သုံးစွဲသူများအဖို့ အရင်ဈေးတိုင်းသာ ပေးဆောင်ရမည်ဖြစ်နေကြောင်း ၎င်းက ပြောသည်။
"အခုလောလောဆယ်ကတော့ အူရီဒူးကတ်က အရောင်းပါးနေတယ်။ ဒါပေမယ့် သုံးတဲ့သူ
တော်တော်များများကတော့ အင်တာနက် မြန်နှုန်းကို ကြိုက်ကြတယ်။ ဈေးနှုန်းနဲ့ အင်တာနက်
မြန်နှုန်းနဲ့က သုံးစွဲသူတွေအတွက် ဒီထက်အဆင်ပြေလာမယ်ဆိုရင်တော့ အူရီဒူးကတ်ကို
ယခင်ကထက် လူကြိုက်များလာမှာပါ"ဟု လူကြီးမင်း မိုဘိုင်းအရောင်းဆိုင်က အရောင်းတာဝန်ခံ
၀န်ထမ်းတစ်ဦးက ၎င်းအမြင်ကို မြန်မာတိုင်း(မ်)ကို ပြောသည်။
"မိုဘိုင်းအော်ပရေတာတွေ အားလုံးက ခုအချိန်မှာ SEA-ME-WE 3 ပေါ်ကနေပြီး အင်တာနက်
ရယူနေရတာကြောင့် အင်တာနက်လိုင်းအတွက် ပေးချေရတဲ့အခတွေက တစ်ဖက်ရဲ့ ISP
(Internet Service Provider) တွေပေါ်မှာပဲ မူတည်နေပါတယ်။ တကယ်လို့ SEA-ME-WE 5
လမ်းကြောင်းကိုသာ ရောက်လာမယ်ဆိုရင် အင်တာနက်ခတွေ မြန်နှုန်းတွေဟာ လက်ရှိထက်
အများကြီး သက်သာလာပြီး မြန်နှုန်းတွေ မြင့်လာမှာပါ"ဟု ကိုရဲကျော်စွာဘို က နည်းပညာနှင့်
ပတ်သက်ပြီး ဆက်လက်ပြောသည်။
ယခုလတ်တလောတွင် အူရီဒူး၏ အင်တာနက်ကွန်ယက် အင်တာနက်မြန်နှုန်းများကို သုံးစွဲသူ
အများစုက နှစ်သက်ကြသော်လည်း အင်တာနက် ပေးဆောင်ရသည့် အခကြေးငွေသည်
ပြိုင်ဘက်ကုမ္ပဏီများထက် များနေသည့်အပေါ်တွင် နှစ်သက်ကြခြင်း မရှိပေ။

















