တယ်လီနောဆင်းကတ်သုံးစွဲသူများအား ဖုန်းဘေလ်ပြတ်လတ်၍ ပြန်လည်ဖြည့်တင်းမည်ဆိုပါက
ဖုန်းဆိုင် အများစုသည် အီးလုဒ် ဆင်းမ်ကတ်ကို (E-Load SIM) အသုံးပြုကာ ဖုန်းနံပါတ်ဖြင့်
ငွေဖြည့်တင်းပေးသည့် စနစ်ကို တဖြည်းဖြည်း သုံးစွဲမှုများလာကြကြောင်း ဖုန်းငွေဖြည့်ကတ်
အရောင်းဆိုင်များမှ စုံစမ်းသိရသည်။
ဖုန်းသုံးစွဲသူအများသည် ပုံမှန်အားဖြင့် မိမိဖြည့်သွင်းလိုသည့် ငွေပမာအတိုင်း ဖုန်းဆိုင်များမှ
ငွေဖြည့်ကတ် ၀ယ်ကာ ခဲခြစ်ပြီး လျှို့ဝှက်နံပါတ်များကို ဖုန်းတွင်း ရိုက်ထည့် ငွေဖြည့်လေ့ရှိကြပြီး
ယခုနောက်ပိုင်းတွင် တယ်လီနော ဖုန်းငွေဖြည့်ကတ် အရောင်းဆိုင်များအနေဖြင့် လာရောက်
ဖြည့်သွင်းသူ၏ ဖုန်းနံပါတ်နှင့် ဖြည့်သွင်းမည့် ပမာဏသာ မေးပြီး E-load စနစ်ဖြင့် ငွေလွှဲပို့ကာ
တစ်ဖက်ဖုန်း၏ ဘေလ်ကို ပြည့်စေခြင်းဖြင့် ၀န်ဆောင်မှုများ ပေးလာကြသည်။
"အန်တီတို့ကို တယ်လီနောက ၀န်ထမ်းလေးတွေ ဖုန်းငွေဖြည့်ကတ်တွေ လာချပေးတုန်းက
သူတို့က အန်တီရဲ့ ဖုန်းထဲကို E-Load SIM ပေးတယ်။ ပြီးတော့ ဘယ်လိုအသုံးပြုရတယ်ဆိုတာ
သင်ပေးတယ်။ အဲ့ဒါက ပိုအဆင်ပြေတယ်ပေါ့။ နောက်ပြီး အန်တီတို့က အဲ့ဆင်းမ်ကတ်ထဲမှာ
ငွေ တစ်သိန်းဖြစ်စေ၊ နှစ်သိန်းဖြစ်စေ ထည့်ထားရတယ်။ ဖုန်းဘေလ် ဖြည့်သွင်းမယ့်လူလာရင်
အန်တီက သူဖုန်းနံပါတ်ရယ် သွင်းလိုတဲ့ ပမာဏရယ် တောင်းလိုက်တယ်။ တစ်မိနစ်တောင်
မကြာဘူး သူ့ကို အီးလုပ်ဆင်းကတ်ကနေပြီး ချက်ချင်း ဖုန်းငွေဖြည့်ပေးလိုက်တယ်၊ ရိုးရိုးလေးပဲ၊
ဒါပေမယ့်အကျိုးက ၀ယ်တဲ့သူက ခဲခြစ်စရာတွေ၊ နံပါတ်ပျက်သွားမှာ စိုးရိမ်စရာတွေ မရှိတော့ဘူး"
ဟု ဖုန်းငွေဖြည့်ကတ်များ ရောင်းချနေသော စတိုးဆိုင်မှ အမျိုးသမီးကြီးတစ်ဦးက ရှင်းပြသည်။
E-load ဆင်းဟုဆိုရာတွင် အဆိုပါဆင်းကတ်သည် လက်လီရောင်းသူများအတွက်သာ သီးသန့်
ထုတ်ပေးထားသော ဆင်းကတ်မျိုးဖြစ်သည်။
ထိုဆင်းကတ်ကို ဖုန်းတွင် ထည့်သွင်းလိုက်ပါက အလိုအလျောက် ငွေလွဲပြောင်းပေးမည့်စနစ်
ပါ၀င်ပြီး လက်လီရောင်းဆိုင်ရှင်သည် တစ်သိန်း ဖြစ်သည်၊ နှစ်သိန်းဖြစ်သည် မိမိတို့
ရောင်းလိုသော ပမာဏခန့်ကို တယ်လီနောမှ ၀ယ်ထားရပြီး တဆင့်သုံးစွဲသူများကို ပြန်လည်
ရောင်းချခြင်း ဖြစ်သည်။
"ကျွန်တော်တို့ တယ်လီနောမှာ ဆင်းမ်က နှစ်မျိုးရှိတယ်ဗျ၊ သုံးစွဲသူတွေ ဖုန်းခေါ်ဆိုမှုတွေအတွက်
ဈေးကွက်ထဲ ရှိနေတာက Customer SIM တွေပါ။ E-Load SIM ကြတော့ သပ်သပ်ရှိတယ်။
အဲ့ဒါက ကျွန်တော်တို့ရဲ့ Retailer အတွက် သီးသန့်ပေးထားတာ။ အဲ့ဆင်းကို အသုံးပြုပြီး
ဖုန်းအချင်းချင်း ငွေဖြည့်လို့ ရတယ်။ ငွေလွှဲလို့ ရတယ်။ အဲ့စနစ်တွေအားလုံးကလည်း
ဒီ E-Load SIM ထဲမှာပဲ အလိုအလျောက် ပါထားပြီးသားပါ။ ဒါပေမယ့် ကျွန်တော်တို့
ခုချိန်မှာတော့ E-Load SIM တွေတင် မကပါဘူး။ Customer SIM တွေမှာပါ ဒီဝန်ဆောင်မှုတွေ
သုံးလို့ရအောင် Application တွေ ရှိနေပါပြီ။ အန်းဒရိုက်ကော အိုင်အိုအက်စ်ကော နှစ်မျိုးလုံး
အတွက်ပါရှိတယ်"ဟု တယ်လီနောမှ ကောလ်စင်တာမှ ကိုအောင်သူထက် က ပြောသည်။
Customer SIM အတွက် တယ်လီနော မြန်မာဟု နာမည်ပေးထားသော ဖုန်းဆော့ဖ်ဝဲလ်
သည်လည်း E-Load SIM နည်းတူ ဖုန်းငွေစစ်ခြင်း၊ ငွေဖြည့်တင်းခြင်း၊ တယ်လီနော စတိုးသို့
၀င်ရောက်ခြင်း၊ ကောလ်စင်တာသို့ ချက်ချင်း ဆက်သွယ်ပေးခြင်းနှင့် အခြားဝန်ဆောင်မှုများကို
အဆင်ပြေပြေ ဆောင်ရွက်ပေးနိုင်ပြီး၊ ထို ဆော့ဖ်ဝဲလ်ရယူလိုပါက ဂူး၈ဲလ်စတိုးတွင် အခမဲ့
ဒေါင်းလုပ်ရယူနိုင်ကာ လက်တလောတွင် အဆိုပါ ဆော့ဖ်ဝဲလ်ကို ဒေါင်းလုပ်ဆွဲသူ ဦးရေ
၅၀၀၀ ကျော် ရှိပြီဖြစ်သည်။

















