ကမ္ဘာကျော် ရှာဖွေရေး အင်ဂျင်တစ်ခုဖြစ်သည့် ဂူးဂဲလ် (Google) ၏ အသုံးဝင်သော ၀န်ဆောင်မှု
များထဲမှ တစ်ခု အပါအဝင်ဖြစ်သော အွန်လိုင်းဘာသာပြန်ဆိုမှုစနစ် (Google Translate)တွင်
မြန်မာဘာသာကို အဓိက ထည့်သွင်း အသုံးပြုလာပြီဖြစ်ပြီး မြန်မာဘာသာမှ အခြားသော
ဘာသာစကား ၉၀ မျိုးခန့်ကို အလွယ်တကူ အပြန်အလှန် ဘာသာပြန် ဆိုနိုင်တော့မည်ဖြစ်သည်။
အဆိုပါ ၀န်ဆောင်မှုကို ဂူးဂဲလ်မှနေ၍ ၂၀၀၆ ခုနှစ်မတိုင်မီကတည်းကပင် စတင်နိုင်ခဲ့ပြီး
ပထမအဆင့်အနေဖြင့် အင်္ဂလိပ်၊ ဂျာမန်၊ စပိန် သုံးဘာသာဖြင့် စတင်ခဲ့ပြီး၊ ဒုတိယအဆင့်တွင်
ပေါ်တူဂီဘာသာစကား ထည့်သွင်းပေးလာနိုင်ပြီး၊ ၂၀၀၆ ခုနှစ် ဧပြီလတွင် ပဥ္စမအကြိမ်မြောက်
အဖြစ် ဘာသာစကား ပေါင်းထည့်မှုတွင် အာရေဗျဘာသာစကား ထည့်သွင်းပေးနိုင်ခဲ့သည်။
ထို့နောက်တွင် ရုရှား၊ တရုတ်၊ ဟင်ဒီ၊ ရိုမေးနီးယန်း၊ မလေး အစရှိသည့် နိုင်ငံတို့၏ ဘာသာစကား
များကို အဆင့်ဆင့် ပေါင်းထည့်ပေးနိုင်ခဲ့ပြီး ယခုနှစ် ၂၀၁၄ ခုနှစ်တွင် သမိုင်းဝင်ခြေလှမ်းတစ်ရပ်
အနေဖြင့် ဘာသာစကား ပေါင်းထည့်မှု ၃၈ ကြိမ်မြောက်တွင် မြန်မာအပါအဝင် ဆင်ဟာလာ၊
ဥဇဘတ်၊ မလေးယလန်း၊ ကာဇက် စသဖြင့် ဘာသာစကား ၁၀ မျိုးကို ယခုနှစ် ဒီဇင်ဘာလ
ဆန်းပိုင်းတွင် ပေါင်းထည့်ပေးနိုင်ခဲ့ကြောင်း ၀ီကီပီးဒီးယား၏ မှတ်တမ်းများအရ သိရသည်။
အွန်လိုင်း စွယ်စုံဘာသာပြန်ဆိုမှု၏ သဘောသဘာဝအရ အစပိုင်းကာလများတွင် ဘာသာပြန်
ဆိုရာ၌ စကားလုံးနှင့် သဒ္ဒါများမှာ သုံးစွဲသူများအတွက် စိတ်ကျေနပ်မှု အပြည့်အဝမရနိုင်သော်
လည်း လွဲနေသော ဘာသာပြန်ချက်များကို နားလည်တတ်ကျွမ်းသည်ဟု ယူဆသည့် မည်သူ
မဆို ၀င်ရောက်ကာ အဓိပ္ပာယ်ပြင်ဆင်သတ်မှတ်ပေးနိုင်သည့် အချက်ပါရှိသည်။
သိုသော် အမှားပြင်ဆင်ချက်ကို အလွယ်တကူ ၀င်ရောက်ပြင်ဆင်နိုင်မည်မဟုတ်ဘဲTMX
(Translation Memory Exhange)ဟုခေါ်သော ဖိုင်ကို ဂူးဂဲလ်သို့ upload လုပ်ပေးခြင်းဖြင့်
ပြင်ဆင်ပေးနိုင်မည်ဖြစ်သည်။
ဘာသာပြန်ဆိုချက်ကို အိုင်အိုအက်စ်ဖုန်းများနှင့်၊ အန်းဒရိုက်ဖုန်းများထဲသို့ အက်ပလီကေးရှင်း
တစ်ခုအဖြစ် အလွယ်တကူ ထည့်သွင်းထားနိုင်ပြီး၊ ဘရောက်ဇာဖြင့်လည်း
translate.google.com.mm သို့ ၀င်ရောက်ခြင်းဖြင့် ၀န်ဆောင်မှုကို ရရှိ လိမ့်မည်ဖြစ်သည်။
ထိုသို့ဝန်ဆောင်မှုများ ရရှိနေပြီဖြစ်သော်လည်း ဂူးဂဲလ်အနေဖြင့် မြန်မာယူနီကုတ် ဖောင့်အစစ်ကို
သာ အထောက်အပံ့ပေး ထားခြင်းကြောင့် လက်တလောတွင်ဇော်ဂျီဖောင့် အသုံးပြုသူများအတွက်
မြန်မာစာ ရိုက်ရာတွင် အခက်အခဲများ၊ အမှန်မပေါ်ခြင်းများ၊ ရှေ့နောက်လွဲခြင်းများ ဖြစ်နိုင်ကြောင်း၊
မြန်မာနိုင်ငံတွင် အွန်လိုင်း ဖောင့်စနစ်နှင့်ပတ်သက်လာပါက အရင်နှစ်များစွာကတည်းက မည့်သည့်
ဖောင့်စနစ်ကို အသုံးပြုရမှန်း ဝေခွဲမရဖြစ်ခဲ့ရာမှ လက်တလောတွင် အွန်လိုင်းအသုံးပြုသူ အများစု
သည် ဇော်ဂျီဖောင့်ကိုသာ အဓိက အသုံးပြုလာခဲ့ကြောင်း နားလည်သူများက ဆိုသည်။
"ခု ဂူးဂဲလ်က မြန်မာစနစ် ဘာသာပြန်ဆိုမှုကို ထောက်ပံ့လာတဲ့အတွက် တော်တော်ဝမ်းသာမိ
တယ်။ ဘာလို့လဲဆိုတော့ မြန်မာစကားကို ကမ္ဘာက အသိအမှတ်ပြုရာလည်းရောက်တယ်။ ခက်
တာက ပြည်တွင်းရဲ့ အွန်လိုင်းသုံးစွဲသူတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ဇော်ဂျီသာ တစ်စိုက်မက်
မက်သုံးကြတယ်။ နောက်ပြီး ဂူးဂဲလ်ကျတော့ မြန်မာစာစနစ်အတွက် ယူနီကုတ် စံနှုန်းအပြည့်လိုက်
နာတဲ့ Myanmar 3 ကို သုံးတယ်။ အဲ့တော့ ဖောင့်စနစ်နှစ်ခုဖြစ်နေတယ်။ ဇော်ဂျီ သွင်းထားတဲ့
ဖုန်းတို့၊ ကွန်ပျူတာတို့မှာ ဂူးဂဲလ်ရဲ့ မြန်မာဘာသာပြန်ဆိုချက်တွေကို အမှန်မြင်ရမှာ မဟုတ်ဘူး။
အဲ့ဖုန်းတွေကို ယူနီကုတ် ဖောင့်သွင်းထားမှသာ ဂူးဂဲလ်ရဲ့ မြန်မာလိုပြဌာန်းချက်တွေကို ချောချော
မွေ့မွေ့ကြည့်လာနိုင်မှာပါ၊ မဟုတ်ရင်တော့ မလွယ်ဘူး"ဟု ၀ီကီပီးဒီးယားမှ စေတာနာ့ဝန်ထမ်း
တစ်ဦးဖြစ်သူ ကိုဇာနည်အောင်က မြန်မာတိုင်းကို ပြောသည်။

















