မြန်မာ့ဆက်သွယ်ရေးက ဂျီအက်စ်အမ်နှင့် ဒဗ္ဗလျူစီဒီအမ်အေဖုန်း သုံးစွဲသူများအတွက် 'ဆွေသဟာ'
၀န်ဆောင်မှုအစီအစဉ်သစ်ကို ယခုလ ၁၂ ရက်က စတင်ခဲ့ရာ ၀န်ဆောင်ခ ဈေးနှုန်းများကို အခြား
အော်ပရေတာများ နည်းတူ ကောက်ခံသင့်ကြောင်း သုံးစွဲသူ များက ပြောသည်။
"ကျွန်တော်တို့ ထင်ထားတာက အမ်ပီတီ က ခေါ်ဆိုခတွေချတဲ့အခါ တယ်လီနောတို့ အူရီဒူးတို့
ထက် နည်းရင်နည်း မနည်းရင်လည်း တန်းတူလောက်ထင်ထာတာ။ အခုတော့ ကောက်ခံလိုက်တဲ့
ဈေးနှုန်းအသစ်နဲ့ အစီအစဉ် အသစ်က သုံးစွဲသူတွေ မျှော်လင့်ထားသလို ဖြစ်မလာဘူး။ ဒါကလည်း
သူတို့က မြန်မာနိုင်ငံ မှာ လိုင်းမိတာ အားအကောင်းဆုံးဆိုတော့ လည်း တခြားအော်ပရေတာတွေ
ထက် ဈေးပို ကောက်ခံတယ်လို့ထင်တယ်" ဟု အမ်ပီတီ ဂျီအက်စ်အမ်ဖုန်းသုံးစွဲသူ ဦးအောင်စည်သူ
က ပြောသည်။
ယခုလ ၁၂ ရက်နေ့မှ စတင်သုံးစွဲနိုင် ပြီဖြစ်သည့် ဆွေသဟာအစီအစဉ်တွင် ဖုန်းခေါ်ဆိုခမှာ
တစ်မိနစ်လျှင် ၃၅ ကျပ်ဖြစ် ပြီး စာတိုတစ်စောင်လျှင် ၁၅ ကျပ်နှင့် အင်တာ နက် တစ်မဂ္ဂါဘိုက်လျှင်
၁၅ ကျပ်ဖြစ်သည်။ ၎င်းအစီအစဉ်သုံးစွဲသူသည် လက်ရှိတွင် အင်တာနက်မြန်နှုန်း 21Mbps အသုံး
ပြုနိုင်ပြီး နောက်ပိုင်းတွင် 42Mbps အထိ မြန်နှုန်းမြင့် သုံးစွဲနိုင်မည်ဖြစ်သည်။
ပရိုမိုးရှင်းအစီအစဉ် အဖြစ် ဆွေသဟာမှတ်ပုံတင်သူများသည် မှတ်ပုံတင်ပြီးသည့်နေ့မှစကာ ရက်
၃၀ အတွင်း အင်တာနက် မဂ္ဂါဘိုက် ၅၀ အခမဲ့အသုံးပြုနိုင် မည့်အပြင် မိမိနှစ်သက်ရာ အမ်ပီတီဖုန်း
နံပါတ်သုံးခုသို့ တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်း ဖြင့် ရက် ၃၀ ခေါ်ခွင့်ရရှိမည်ဖြစ်သည်။
အဆိုပါအစီအစဉ်ကို အသုံးပြုသူများသည် အသံ နှင့် အင်တာနက်အသုံးပြုရန် Packages များ
လည်း ရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်သည်။ "ဘာပဲဖြစ်ဖြစ် အခုလိုလျှော့ချပေးလိုက် တာကိုတော့
မြန်မာ့ဆက်သွယ်ရေးကို ကျေးဇူး တင်ပါတယ်။ ဒါပေမဲ့ တခြားအော်ပရေတာ တွေနဲ့ တန်းတူတော့
ဈေးနှုန်းကို ချသင့်တယ်။ အခုဈေးက နည်းနည်းများနေသေးတယ်လို့ တော့ ထင်ပါတယ်" ဟု
အမ်ပီတီဖုန်းသုံးသူ ဒေါ်အေးငြိမ်းဝင်းက ပြောသည်။
သို့သော် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်းက မူ ဈေးကွက်တွင်း
အော်ပရေတာများ၏ ဈေးကွက်ပြိုင်ဆိုင်မှု အနေအထား ပျက်စီး သွားမည်ကို စိုးရိမ်သောကြောင့်
မြန်မာ့ ဆက်သွယ်ရေး၏ ဈေးနှုန်းများကိုကန့်သတ်ထားခြင်းဖြစ်ကြောင်း ပြောသည်။
လက်ရှိ ဆွေသဟာအစီအစဉ်မှာ ဂျီအက်စ် အမ်နှင့် ဒဗ္ဗလျူစီဒီအမ်အေသုံးစွဲသူများ အတွက်သာ
ဖြစ်သော်လည်း နောက်ပိုင်းတွင် စီဒီအမ်အေသုံးစွဲသူများအတွက်လည်း အကောင်းဆုံးဝန်ဆောင်မှု
များပေးသွားမည် ဖြစ်ကြောင်း MPT KDDI Sumitomo Joint Operations ၏ အလုပ်အမှုဆောင်
အရာရှိချုပ် Mr. Takashi Nagashima ကပြောသည်။
















