မိုဘိုင်းဆက်သွယ်ရေးနှင့် ပတ်သက်ပြီး ကမ္ဘာ့အကြီးကျယ်ဆုံး ပွဲတော်ကြီး
တစ်ခုဖြစ်သည့် ကမ္ဘာ့မိုဘိုင်း ကွန်ဂရက် (World Mobile Congress) ကို
ပြီးခဲ့သည့် ရက်သတ္တပတ်က စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့တွင် ကျင်းပခဲ့သည်။
၂ဝ၁၇ ခုနှစ် ကမ္ဘာ့မိုဘိုင်းကွန်ဂရက်ပွဲတွင် ကမ္ဘာ့နိုင်ငံအသီးသီးက ဆက်သွယ်ရေးနည်းပညာနှင့်
ဝန်ဆောင်မှုကုမ္ပဏီပေါင်း၂,၃ဝဝ ကျော် ပါဝင်ဆင်နွှဲခဲ့ပြီး၊ နောက်ဆုံးပေါ် (ခေတ်အမီဆုံး)
မိုဘိုင်း ဆက်သွယ်ရေး ဆက်စပ်ပစ္စည်းများ (Devices)၊ နည်းပညာသစ်များ၊
မိုဘိုင်းဆက်သွယ်ရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများကို မိတ်ဆက်ပြသခဲ့သည်။
မိုဘိုင်းကွန်ဂရက်တွင် ပြပွဲခန်းမကြီးပေါင်း ကိုးခုပါဝင်ပြီး ခန်းမကြီးတစ်ခုစီတွင်
ကဏ္ဍအလိုက် နိုင်ငံတကာ ဆက်သွယ်ရေးနှင့် နည်းပညာကုမ္ပဏီများ၏ ပြခန်းများ
ပါဝင်သည်။ ပြပွဲခန်းမများတွင် မိုဘိုင်းဆက်သွယ်ရေးကဏ္ဍ တီထွင်ဖန်တီးမှုအသစ်များ၊
ဝန်ဆောင်မှု လုပ်ငန်းများကို အဓိကထားပြသသည့်နည်းတူ မိုဘိုင်းဆက်သွယ်ရေးနှင့်
ဆက်စပ်သော ထုတ်ကုန်ပစ္စည်းများ၊ ဂိမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ ရိုဘော့စက်ရုပ်များ၊
ဒရုန်းများနှင့် အခြားနည်းပညာဆိုင်ရာ အီလက်ထရွန်းနစ်ဆိုင်ရာ ပစ္စည်းများလည်း
ပါဝင်သည်။
ကွန်ဂရက်သို့ လူပေါင်း တစ်သိန်းရှစ်ထောင်ကျော်တက်ရောက်ခဲ့ပြီး နိုင်ငံပေါင်း ၂ဝ၈
နိုင်ငံက ကျွမ်းကျင်ပညာရှင်များနှင့် နိုင်ငံတကာ မီဒီယာ အဖွဲ့အစည်းအသီးသီးက
သတင်းမီဒီယာသမားပေါင်း ၃,၅ဝဝကျော်တက်ရောက်သတင်းယူခဲ့သည်ဟု ကမ္ဘာ့
မိုဘိုင်းကွန်ဂရက်က တရားဝင်သတင်းထုတ်ပြန်ထားသည်။
ဘာစီလိုနာမြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့မိုဘိုင်းကွန်ဂရက်သို့ မြန်မာနိုင်ငံတွင် စျေးကွက်
အခိုင်အမာရရှိထားသည့် တရုတ်နိုင်ငံက ဟွာဝေးနည်းပညာကုမ္ပဏီ (Huawei Technology)
၏ ဖိတ်ကြားမှုဖြင့် မြန်မာတိုင်း(မ်)လည်း ပထမဆုံးအကြိမ် တက်ရောက်သတင်းယူခွင့်
ရရှိခဲ့သည်။
ယခုနှစ်ကမ္ဘာ့မိုဘိုင်းကွန်ဂရက်၏ အဓိကထောက်ပ့ံကူညီသူ (Main Sponsor) ဖြစ်သည့်
ဟွာဝေးကုမ္ပဏီက ကမ္ဘာ့ဒေသအသီးသီးရှိ ဟွာဝေးစျေးကွက်အခိုင်အမာ ရရှိထားသည့်
နိုင်ငံများက အစိုးရတာဝန်ရှိသူများနှင့် သတင်းမီဒီယာများကို ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့မိုဘိုင်းကွန်ဂရက်တွင် မိုဘိုင်းဆက်သွယ်ရေးနည်းပညာနှင့် သက်ဆိုင်သော
အကြောင်းအရာပေါင်း မြောက်မြားစွာ ဆွေးနွေးခဲ့ကြသည့်အနက် နိုင်ငံတကာ
မိုဘိုင်းဆက်သွယ်ရေးနှင့် နည်းပညာ ကုမ္ပဏီများ အများဆုံးပြောခဲ့ကြသည်က 5G
ဆက်သွယ်ရေးကွန်ရက်အကြောင်းဖြစ်သည်။

ကမ္ဘာ့နေရာဒေသ အနှံ့အပြားတွင် 4Gကွန်ရက်ကိုသာ အများဆုံးအသုံးပြုနေဆဲဖြစ်သည်။
ကမ္ဘာ့နိုင်ငံအများစုတွင် 5G ကွန်ရက်ကို ချိတ်ဆက်အသုံးပြုရန် စတင်ကြိုးပမ်း နေချိန်တွင်
မိုဘိုင်း ဆက်သွယ်ရေး ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများနှင့် နည်းပညာ ကုမ္ပဏီများက 5G
ကွန်ရက်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
မိုဘိုင်းဆက်သွယ်ရေးနှင့် သက်ဆိုင်သော နည်းပညာကုမ္ပဏီများသည် ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂ဝ
ပြည့်နှစ်အတွင်း 5G ကွန်ရက် ဖြန့်ကြက်နိုင်ရန်နှင့် ဝန်ဆောင်မှုပေးနိုင်ရန် စီစဉ်ဆောင်ရွက်
လျက်ရှိသည်။ နိုင်ငံတကာဆက်သွယ်ရေးနည်းပညာကုမ္ပဏီများက 5G ကွန်ရက်နှင့်
ပတ်သက်ပြီး ၄င်းတို့၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့် စျေးကွက်အတွင်း 5G ကွန်ရက်
အပြိုင်အဆိုင်ဝန်ဆောင်မှုပေးမည့်အစီအစဉ်များကိုလည်း ထုတ်ဖော်ပြသခဲ့သည်။
မိုဘိုင်းဆက်သွယ်ရေးကွန်ရက်တွင်ရှိရင်းစွဲ သမားရိုးကျ ဆက်သွယ်ရေးစနစ်များကို
အဆင့်မြှင့်တင်ခြင်းနှင့် Cloud နည်းပညာအခြေခံလျက် ကြိုးမဲ့ဆက်သွယ်ရေးကွန်ရက်
(Cloudbased Wireless Network) ကို တည်ထောင်ပြီး ပမာဏကြီးမားသော သတင်း
အချက်အလက်များကို မြန်နှုန်းမြင့်အင်တာနက်ဖြင့် ရယူသုံးစွဲနိုင်မည့် နည်းပညာကိုလည်း
ကုမ္ပဏီအများအပြားက မိတ်ဆက် ပြသခဲ့သည်။ အဆိုပါနည်းပညာ ကြံဆမှုများဖြင့်
ပဥ္စမမျိုးဆက် ဆက်သွယ်ရေးကွန်ရက်ဖြစ်သည့် 5G ကို ကျယ်ကျယ်ပြန့်ပြန့် ရယူနိုင်မည်ဟု
ပညာရှင်များက ပြောသည်။
ကမ္ဘာ့ထိပ်တန်း မိုဘိုင်းဆက်သွယ်ရေးနှင့် နည်းပညာကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နိုင်ရန်
ကြိုးပမ်းလျက်ရှိသည့် တရုတ်နိုင်ငံက ဟွာဝေးကုမ္ပဏီသည် လက်ရှိတွင် ဒစ်ဂျစ်တယ်
ဝန်ဆောင်မှု (Digital Services) နှင့် ဘရော့ဘန်းဆက်သွယ်ရေးဝန်ဆောင်မှု(Home
Broadband) ကို ဦးတည်ဆောင်ရွက်သွားမည်ဟု ဟွာဝေးတာဝန်ရှိသူများက မိုဘိုင်း
ကွန်ဂရက်တွင် ကြေညာခဲ့သည်။
ဟွာဝေးကုမ္ပဏီက ပေါ်ထွန်းစ စျေးကွက်သစ်များကို ဦးတည်သည့် ဆက်သွယ်ရေး
မိုဘိုင်းဝန်ဆောင်မှုများ၊ Cloud နည်းပညာအခြေခံသည့် 5G ကွန်ရက်ချဲ့ထွင်နိုင်မည့်
ဝန်ဆောင်မှုများနှင့် ၄င်း၏ နောက်ဆုံးထုတ်ဟွာဝေး P10 နှင့် P10Plus စမတ်ဖုန်းများ
ကိုလည်း မိတ်ဆက်ပြသခဲ့သည်။ အကောင်းဆုံးဓာတ်ပုံရိုက်ကူးမှု နည်းပညာနှင့်
အရည်အသွေးရရှိရန် P10 နှင့် P10Plus စမတ်ဖုန်းများကို ကမ္ဘာကျော် Leica
ကင်မရာ ကုမ္ပဏီနှင့် ပူးပေါင်းထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။
ဟွာဝေးကုမ္ပဏီသည် နည်းပညာနှင့် ဝန်ဆောင်မှုအပိုင်းတွင် အခြားကမ္ဘာ့ထိပ်တန်းကုမ္ပဏီများနှင့်
ယှဉ်ပြိုင်နိုင်ရန် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အသုံးစရိတ် ၄၅ ရာခိုင်နှုန်းမျှ
သုံးစွဲနေသည်ဟု ဟွာဝေးကုမ္ပဏီ၏ နိုင်ငံတကာမီဒီယာဆက်ဆံရေးနှင့် ကော်ပိုရေးရှင်း
ဆက်သွယ်ရေးဌာန ဒုတိယဥက္ကဋ္ဌဖြစ်သူ မစ္စတာဂျိုးကယ်လီက မြန်မာနှင့် ဗီယက်နမ်နိုင်ငံက
မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
၂ဝ၁၆ ခုနှစ်အတွင်း ဟွာဝေးကုမ္ပဏီကထုတ်ပြန်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်မှု
အညွှန်းကိန်း (Global Connectivity Index GCI) အရ ကမ္ဘာ့နိုင်ငံများသည် အိုင်စီတီကဏ္ဍ
(ICT) ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံချက်များကို အရေးတကြီးရေးဆွဲလျက်ရှိပြီး စီးပွားရေး
အင်အားတောင့်တင်းခိုင်မာစေရန် နည်းပညာဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်
မူဝါဒများကို မွမ်းမံပြင်ဆင် လျက်ရှိသည်။
အဆိုပါအညွှန်းကိန်းအရ ဖွံ့ဖြိုးဆဲနိုင်ငံများ အများဆုံးပါဝင်သည့် နိုင်ငံပေါင်း ၁ဝ၃နိုင်ငံ၊
လူဦးရေအားဖြင့် ၄ ဒသမ ရ ဘီလျံမျှသည် ပေါ်ထွန်းစ စျေးကွက်သစ်များပြီး၊ လက်ရှိတွင်
အဆိုပါပေါ်ထွန်းစ စျေးကွက်များရှိ လူဦးရေ ၃ ဒသမ ၉ ဘီလျံသည် အင်တာနက်
ဆက်သွယ်မှု မရရှိသေးပေ။

ဟွာဝေးကုမ္ပဏီ၏ အဆိုအရ ကမ္ဘာတစ်ဝန်းတွင် အိုင်စီတီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး
ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့လျက်ရှိပြီး ၂ဝ၁၆ ခုနှစ်တွင် အိုင်စီတီနှင့် ဆက်စပ်ကဏ္ဍများတွင်
ကမ္ဘာတစ်ဝန်းရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန်ဒေါ်လာ ထရီလျံပေါင်းများစွာရှိမည်ဟု
ခန့်မှန်းထားသည်။
မြန်မာနိုင်ငံကိုလည်း ပေါ်ထွန်းစ စျေးကွက်သစ်တစ်ခုအဖြစ် ဟွာဝေးကုမ္ပဏီက ရှုမြင်ထားပြီး
နိုင်ငံအတွင်းရှိ ဆက်သွယ်ရေးအော်ပရေတာများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မည့်
နည်းလမ်းများ ပေးလျက်ရှိသည်ဟု ဟွာဝေးကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာနှင့် စျေးကွက်
ဗျူဟာအရာရှိချုပ် မစ္စတာဝီလျံဇူး၏ သတင်းစာရှင်းလင်းပွဲတွင် မြန်မာတိုင်း(မ်)၏ မေးမြန်းမှုကို
တာဝန်ရှိသူများက ဖြေကြားခဲ့သည်။
''မြန်မာနိုင်ငံမှာ မိုဘိုင်းဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်တွေ ရှိနေပါတယ်။
အဓိကတော့ ဆက်သွယ်ရေး အော်ပရေတာအတွက် လှိုင်းစဉ်နှုန်း (Spectrum) ရရှိနိုင်မှု
အခက်အခဲပါပဲ။ အော်ပရေတာတွေအတွက် ၃ွ ကွန်ရက်ကို ငါးဆတိုင်မြှင့်တင်ပေးနိုင်မယ့်
နည်းလမ်းတွေကို ကျွန်တော်တို့ကူညီပေးနေပါတယ်'' ဟု ၄င်းက ပြောသည်။

















