တရုတ်နိုင်ငံအခြေစိုက် လျှပ်စစ်နှင့်နည်းပညာပစ္စည်းများဖြန့်ဖြူးသည့် ကုမ္ပဏီတစ်ခုဖြစ်သော
အော်ပို (oppo) သည် စမတ်ဖုန်းများအတွက် ကမ္ဘာ့ပထမဆုံး အဝေးမှအရာဝတ္တုများကို မှန်ဘီလူး
ဖြင့်ရိုက်ကူးနိုင်မည့် နည်းပညာဖြစ်သော "5x Dual Camera Zoom" ကင်မရာကို မတ် ၂ ရက်
စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင်ကျင်းပခဲ့သည့် Mobile World Congress 2017 တွင်ပြသခဲ့သည်။
စျေးကွက်အတွင်းရှိ စမတ်ဖုန်းများသည် အဝေးမှအရာဝတ္တုများကို နှစ်ဆအထိသာ ဆွဲယူရိုက်ကူး
နိူင်သည့် ကင်မရာလုပ်ဆောင်ချက်များသာထည့်သွင်းနိုင်ချိန်တွင် အော်ပိုမှပြသလိုက်သည့် "5x
Dual Camera Zoom'' ကင်မရာသည် ငါးဆအထိဆွဲယူရိုက်ကူးနိုင်ပြီး ပါးလွှာသော ဒီဇိုင်းဖြင့်
ထုတ်လုပ်ထားကာ ရုပ်ထွက်ကြည်လင်ပြတ်သားမှုရှိသည်ဟု ဆိုသည်။
အဆိုပါ နည်းပညာသစ်တွင်ပါဝင်သည့် Dual-Camera သည် ၅ ဒသမ ၅ မီလီမီတာ အထူသာ
ရှိပြီး မြင်ကွင်းနှစ်ဆဆွဲယူနိုင်သည့် မှန်ဘီလူးထက် ၁ဝ ရာခိုင်နှုန်း ပိုမိုပါးလွှာစေသည်။ ယင်း
5x Dual Camera သည် မြင်ကွင်းအနီးကပ်ဆွဲယူသည့်အချိန်တွင် လှုပ်ရှားနေသည့်အရာများကို
ရိုက်ကူးချိန်တွင် ဖြစ်လေ့ရှိသော မြင်ကွင်းဝေဝါးမှုများကိုကာကွယ်နိုင်ရန် Optical Image
Stabilization (OIS) နည်းပညာကို ထည့်သွင်းအသုံးပြုထားသည်။
အဆိုပါ OIS နည်းပညာမှာ ကင်မရာတွင်ပါဝင်သည့် အလင်းပေါက်နှင့် မှန်ဘီလူးနှစ်ခုစလုံးသည်
လှုပ်ရှားနေသည့်အရာများကို ထိထိမိမိရိုက်ကူးနိုင်မည်ဖြစ်ပြီး ငါးဆကွာဝေးသည့်နေရာမှအရာများ
ကိုဆွဲယူရိုက်ကူးသော်လည်း ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်မည်ဖြစ်သည်။
အဆိုပါနည်းပညာပါဝင်သည့် ကင်မရာများကို စမတ်ဖုန်းများတွင်ထည့်သွင်းနိုင်ရန် တစ်နှစ်နီးပါး
အချိန်ယူပြင်ဆင်ခဲ့ရပြီး အော်ပိုမှထုတ်လုပ်သည့်စမတ်ဖုန်းများတွင် ထိုနည်းပညာထည့်သွင်းရန်
စတင်ပြင်ဆင်နေပြီဖြစ်သည်။

















