Free to Play
အမျိုးအစား Casual, RPG / Strategy
ထုတ်လုပ်သူ Disruptor Beam
ပလက်ဖောင်း Android, iOS, Facebook
၂ဝ၁၁ ခုနှစ်မှာစတင်ထုတ်လွှင့်ခဲ့တဲ့ Game of Thrones စီးရီးဟာ လက်ရှိဖျော်ဖြေရေးလောကမှာ
လူကြိုက်အများဆုံး စီးရီးတစ်ခုဖြစ်ပြီး အပိုင်းတစ်ပိုင်းချင်းကို တိုက်ရိုက်ကြည့်ရှုသူဦးရေ ခုနစ်သန်း
ကနေ ကိုးသန်းကျော်ထိရှိပါတယ်။
တရားမဝင် ကြည့်ရှုသူတွေမပါသေးပါဘူး။ အမေရိကန်အခြေစိုက်စတူဒီယို Disruptor Beam က
ထုတ်လုပ်တဲ့ Game of Thrones Ascent ဟာ GoT စီးရီးသာမကဘဲ မူရင်းဝတ္ထု A song of Ice
and Fire ကိုပါ မှီငြမ်းထားတာဖြစ်ပါတယ်။ ဒါကြောင့် ဝါသနာရှင်ပရိသတ်တွေအတွက် ပိုပြီးစိတ် လှုပ်ရှားစရာကောင်းမှာပါ။
နောက်ခံဇာတ်လမ်းကတော့ ကစားသူအကြောင်းကို ဘာမှမသိရသေးဘဲ နာမည်နဲ့ဇာတ်ကောင်
ပုံရိပ် avatar ကို ရွေးချယ်ရတယ်။ Westerosဟာ ကျေးကျွန်ကုန်သွယ်ရောင်းချမှုကို ပိတ်ပင်ထား တာဖြစ်လို့ ကျေးကျွန်ကုန်သည်တွေကိုတွေ့တာနဲ့ အရေးယူကြပါတယ်။ ကစားသူရဲ့ ဇာတ်ကောင်
ဟာ Westeros ဘုရင်ရောဘတ်ဘရာသီယွန်ရဲ့ လက်အောက်ခံစစ်သည်တစ်ယောက်ဖြစ်ပြီး
ကျွန်ကုန်သည်တွေ တပ်စွဲထားတဲ့ရဲတိုက်ကို ဘုရင့်အမိန့်နဲ့ဝင်ရောက်တိုက်ခိုက်ရတာကနေ
ဇာတ်လမ်းစတည်ထားတယ်။
အဆိုပါရဲတိုက်ကိုနှိမ်နင်းပြီး ကျွန်ကုန်သည်တွေကို မောင်းထုတ်ပြီးတဲ့အခါမှာ သင့်ရဲ့စွမ်းဆောင်
ရည်ကို သိပ်သဘောကျသွားတဲ့ ဘုရင်ရောဘတ်က အဆိုပါရဲတိုက်နဲ့ ပတ်ဝန်းကျင်ဒေသကို
အပိုင်စားပေးလိုက်ပါတယ်။ ဒီအချိန်ကနေ တကယ့်ဇာတ်လမ်း စပါတော့တယ်။
Westeros ရဲ့ မထင်မရှားမိသားစုလေးဘဝကနေ အကြီးဆုံးအိမ်တော် (နယ်စား) တစ်ဦးဖြစ်
အောင်တက်လှမ်းဖို့ ကစားသူရဲ့ ကိုယ်ပိုင်အဆုံးအဖြတ်နဲ့ ကြိုးစားရမှာပါ။ ဒီဂိမ်းထဲမှာ ပရိသတ်
တွေသိပြီးဖြစ်တဲ့ ဘုရင့်လက်ရုံး Jon Arryn အရှုပ်တော်ပုံမဖြစ်ခင်ကာလကနေ စတင်ထားလို့
ရုပ်သံစီးရီးထက်တောင် Westeros နန်းတွင်းရေးထဲ ပိုပြီး ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရမှာဖြစ်တယ်။
ကိုယ်အောင်မြင်ဖို့ တရားမျှတတဲ့နည်းလမ်းကို သုံးမလား၊ တစ်ကိုယ်ကောင်းဆန်မလား၊ ဉာဏ်နီ
ဉာဏ်နက်များပြီး ကောက်ကျစ်မလားဆိုတာကိုရွေးချယ်ရင်း ကိုယ့်ရဲ့ရွေးချယ်မှုအပေါ်လိုက်ပြီးတော့ ဇာတ်လမ်းတစ်ခုလုံးရဲ့အဆုံးအဖြတ်၊ ကိုယ့်အိမ်တော်ရဲ့ ကံကြမ္မာတို့ ပြောင်းလဲသွားမှာပါ။
ကိုယ်ပိုင်ရဲတိုက်ကိုရပြီးမှ ကိုယ့်ရဲ့ နောက်ခံဇာတ်ကြောင်း၊ မိသားစုအမည်၊ အလံစတာတွေကို
စိတ်ကြိုက်ပြင်ဆင်ရပါတယ်။ ဒါ့ပြင်ရှိပြီးသား အာဏာကြီးမားတဲ့အိမ်တော်တွေအနက်က ဘယ်သူ့
လက်အောက်ကို သစ္စာခံမလဲဆိုတာကလည်း ခက်ခဲတဲ့ရွေးချယ်မှုပါ။ ရွေးချယ်မှုအပေါ်လိုက်ပြီး
ဇာတ်လမ်းအပေါ်ယံနဲ့ အကျိုးအမြတ်ရရှိပုံ အနည်းငယ်အပြောင်းအလဲရှိပါတယ်။
GoT Ascent ဂိမ်းဟာ စာရေးဆရာ George R. R. Martin ရဲ့ဝတ္ထုကို ကောင်းမွန်စွာအသက်သွင်း
ထားပြီး အက်ရှင်ခန်းတွေ တိုက်ရိုက်မပါပေမဲ့ Strategy ဂိမ်းကစားသူတွေအတွက်တော့ ကြိုက်
နှစ်သက်မယ့်ပုံစံမျိုးဖြစ်ပါတယ်။ မူလက facebook ဂိမ်းအဖြစ် စတင်ခဲ့ပြီး ကစားသူပေါင်းကိုးသန်း
ကျော်ရရှိခဲ့တဲ့နောက် မိုဘိုင်းအတွက်ပါ ထုတ်လုပ်လာတာပါ။ Disruptor Beam ဟာ ရုပ်သံထုတ်
လွှင့်သူ HBO နဲ့ပူးပေါင်းထုတ်လုပ်ခဲ့တာဖြစ်ပြီး Star Trek အခြေခံမိုဘိုင်းဂိမ်းတစ်ခုကိုလည်း
ထုတ်လုပ်ထားပါသေးတယ်။
ဒီဂိမ်းရဲ့ အားနည်းချက်ကတော့ ဒေတာစားတာပါပဲ။ ဆော့ကောင်းကောင်းနဲ့ ဂိမ်းထဲကမထွက်တမ်း
ကစားရင် အင်တာနက်ဒေတာ အတော်ထိပါတယ်။ နောက်ပြီး point and click casual ဂိမ်းအမျိုး
အစားဖြစ်ပေမဲ့ ဂိမ်းတစ်မျက်နှာကနေ တစ်မျက်နှာကူးပြောင်းတာကလည်း အချိန်ကြာလှပါတယ်။
အဆိုးဆုံးကတော့ Log in ဝင်တဲ့အချိန်ပါပဲ။ facebook ကနေ တိုက်ရိုက်ဆော့ကစားရင် သိပ်
မကြာပေမဲ့ ဖုန်းပေါ်မှာတော့ ငါးမိနစ်လောက်စောင့်ရပါတယ်။ ဒါ့ပြင်ရွေးချယ်မှုတွေက တစ်ခါ
တလေမလွတ်လပ်သလို အက်ရှင်ခန်းလေး အနည်းငယ်တောင် မမြင်ရတာကလည်း သူ့ရဲ့အား
နည်းချက်ပါ။
မည်သို့ပင်ဆိုစေ GoT Ascent ဟာ ဆိုရှယ်နက်ဝပ်အခြေခံ အကောင်းဆုံးဂိမ်းအဖြစ် ၂ဝ၁၃၊
၂ဝ၁၄ ခုနှစ်တွေမှာ သတ်မှတ်ခံခဲ့ရတဲ့ ဂိမ်းဖြစ်ပါတယ်။ ကစားသူပမာဏလည်းသန်းချီရှိပြီး
မိုဘိုင်းနဲ့ facebook ကို cross platform ဆော့ကစားနိုင်တာလည်း သူ့ရဲ့ အားသာချက်ပါပဲ။
ဒေတာကုန်မှာမကြောက်တဲ့ Game of Throne ပရိသတ်တွေအတွက်တော့ လောလောဆယ်
ရနိုင်တဲ့ strategy အမျိုးအစားဂိမ်းထဲမှာ အကောင်းဆုံးလို့ ပြောချင်ပါတယ်။

















